သရေခေတ္တရာမြို့ဟောင်းကို တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သွားရောက်လေ့လာ

0
15

https://www.youtube.com/watch?v=F-jnE0dyS2Y

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ သရေခေတ္တရာမြို့ဟောင်းကို ရှေးဟောင်းသုတေသနပညာ ကျောင်းသား ၊ ကျောင်းသူတွေနဲ့ စိတ်ဝင်စားသူတွေ သွားရောက်လေ့လာခဲ့ကြပါတယ်။

World Heritage လို့ခေါ်တဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းကို မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းက ဦးဆောင်ပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနဲ့ စိတ်ပါဝင်စားသူ တွေက သြဂုတ်လ(၂၄)ရက်နေ့က သွားရောက်ခဲ့တာဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ အပါအ၀င် စုစုပေါင်း (၃၇)ဦးသွားရောက် လေ့လာခဲ့ကြပါတယ်။

“သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ၀င်သွားတဲ့အတွက် ကျွန်တော်တို့တွေက အမွေအနှစ်ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းတွေကိုပိုပြီး လုပ်ဆောင်သင့်တယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဒီဒေသကို မရောက်ဖူးတဲ့သူတွေလည်းရှိတာပေါ့။ ရောက်ပြီးတော့ ဒီဒေသရဲ့ အမွေ အနှစ် ဘယ်လိုမျိုးရှိတယ်ဆိုတဲ့ အကြောင်းအရာတွေကိုသိမယ်။ ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတွေကို သူတို့ ပိုပြီးဗဟုသုတရစေတဲ့ ရည်ရွယ်ချက်နဲ့ ဒီကိုလာတာပါ”လို့ မြန်မာနိုင်ငံရှေးဟောင်း သုတေသနပညာအသင်း (MAA)မှ ကိုစိုးဝင်းနိုင်က ပြောပါတယ်။

ပျုမြို့ဟောင်း (၃)မြို့က ဗုဒ္ဓဘာသာကို အခြေခံတည်ထောင်ထားတဲ့ မြို့ပြတွေဖြစ်တာကြောင့် သရေခေတ္တရာ မြို့ ဟောင်းမှာဆိုရင်လည်း ပျူခေတ် စေတီကြီး၊ ဂူဘုရား၊ အရိုးအိုးစာ၊ ရွှေပေလွှာနဲ့ ကျောက်စာ စတဲ့ရှေး ဟောင်း အမွေအနှစ်တွေကို စုစည်းထားတဲ့ မြို့လည်းဖြစ်ပါတယ်။

သရေခေတ္တရာမြို့ဟောင်းကို လာရောက်လေ့လာခွင့်ရခဲ့တာကြောင့် ပျုခေတ်ရဲ့ ယဉ်ကျေးမှု၊ ရှေးဟောင်းလက် ရာတွေကိုပိုပြီး သဘောပေါက်နားလည် ထိန်းသိမ်းချင်စိတ်တွေဖြစ်လာတယ်လို့ လာရောက်လည်ပတ်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက ပြောပါတယ်။

“သရေခေတ္တရာကို အရင်ကတစ်ခေါက်ပဲရောက်ဖူးတယ်။ ဘုရာဖူးအနေနဲ့ အဲ့ဒီတုန်းကတော့ ရှေးဟောင်း သုတေသနမတက်သေးဘူး။ မမှတ်မိဘူးပေါ့။ ဘယ်ဟာမှတ်ရမလဲဆိုတာလည်းမသိဘူး။ ဒုတိယအခေါက် ရောက်လာတုန်းလည်း ကိုယ်မသိတာတွေအများကြီးပဲ။ ရန်ကုန်တက္ကသိုလ်မှာ စာသင်တော့လည်း ကိုယ့်မှာ လည်းစာတွေ့ပဲရှိတယ်လေ။ အခုတော့ လက်တွေ့ပါလာတဲ့အတွက် တော်တော် အထောက်အကူပြုမယ်ထင်ပါ တယ်။ စာတမ်းရေးတာက အစပေါ့”လို့ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန ပထမနှစ်ကျောင်း သား ကိုပိုင်သက်ဖြိုးက ပြောပါတယ်။

သရေခေတ္တရာမြို့ဟောင်းသည် ပျူယဉ်ကျေးမှု အထွန်းအကားဆုံးမြို့လို့ ပြောဆိုကြပြီး မြို့ရိုးမြို့ပြ အကျယ် အပြန့်ဆုံးဖြစ်ကာ၊ မြို့တည်နေရာ၊ မြို့ရိုးတံတိုင်း၊ ကျုံး၊ ရေအသုံးချစနစ်တွေလည်း ထွန်းကားခဲ့တဲ့ မြို့ဖြစ်တယ် လို့ ရှေးဟောင်းသုတေသီတွေက ပြောပါတယ်။

ဟန်လင်း၊ သရေခေတ္တရာ၊ ဗိဿနိုးစတဲ့ မြန်မာတို့ရဲ့ ရှေးဟောင်းမြို့သုံးမြို့ကို World Heritage ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ်  ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ပြီးခဲ့တဲ့လပိုင်းက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here