ဖိလစ်ပိုင်နိုင်ငံတွင် သန်း ၁၀၀ ပြည့် ကလေးငယ်မွေးဖွား

ဇူလိုင်လ ၂၇ ရက်နေ့က မွေးဖွားလာတဲ့ ကလေးငယ်နဲ့အတူ ဖိလစ်ပိုင်နိုင်ငံက လူဦးရေသန်း(၁၀၀)ပြည့်သွားပြီ ဖြစ်ပြီး အရင်ကတည်းက လူဦးရေများပြားတဲ့ ပြဿနာတွေနဲ့ ကြုံတွေနေရတဲ့ ဖိလစ်ပိုင်အတွက် ပြဿနာကို မီးမောင်းထိုးပြသလိုဖြစ်ခဲ့ပါတယ်။

ဂျက်နလန် ဆန်တီနို(JennalynSentino)လို့အမည်ရတဲ့ မိန်းကလေးဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ အစိုးရ ဆေးရုံတွေမှာ မွေးဖွားခဲ့တဲ့ ကလေးအယောက် ၁၀၀ ထဲက ၁ ယောက်ဖြစ်ပေမယ့် သူ့ကို သန်း၁၀၀ပြည့် ကလေးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

လူဦးရေဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဂျူအန် အန်တိုနီယိုပဲရက်စ်(Juan Antonio Perez)က “ဒီကိစ္စမှာ အခွင့်အလမ်းရော စိန်ခေါ်မှုရောရှိနေတယ်။ ကျွန်တော်တို့ အခွင့်အလမ်းကို ရယူပြီးစိန်ခေါ်မှုတွေကိုလည်း အသိအမှတ်ပြု အလေးထားရမယ်”လို့ ဆိုပါတယ်။

လူဦးရေများလာတာက တိုင်းပြည်ရဲ့လုပ်အားကိုတက်စေပြီးတစ်ဖက်ကဆိုရင်လည်း မှီခိုသူတွေ များပြားတယ် လို့လည်းဆိုနိုင်ကာ အခုလက်ရှိနိုင်ငံလူဦးရေရဲ့ ၂၅%က ဆင်းရဲမှုကိုခံစားနေရတယ်လို့ ညွှန်ကြားရေးမှူး ဂျူအန် အန်တိုနီယိုပဲရက်စ်(Juan Antonio Perez)က ထည့်သွင်းပြောပါတယ်။

လူဦးရေ သန်း၁၀၀ပြည့်ချိန်မှာ မွေးဖွားခဲ့တဲ့ကလေးတွေကို ကိတ်မုန့်တွေ၊ အ၀တ်အစားနဲ့ စောင်တွေကို အစိုးရက လက်ဆောင်ပေးခဲ့ပြီး ဒီကလေးတွေရဲ့ကျန်းမာရေးလိုအပ်ချက်တွေကိုလည်း အစိုးရကစောင့်
ရှောက်သွားမှာဖြစ်ပါတယ်။

သန်း ၁၀၀ပြည့် ကလေးအဖြစ်သတ်မှတ်ခံရတဲ့ ဂျက်နလန်(Jennalyn)အဖေဖြစ်သူက အစိုးရရဲ့ ထောက်ပံ့ မှုတွေကိုတော့ ၀မ်းသာပေမယ့် သူရဲ့မိသားစုကို သူရဲ့ဝင်ငွေနဲ့ စောင့်ရှောက်နိုင်တယ်လို့ဆိုပါတယ်။

အခုလက်ရှိမှာ ပျမ်းမျှအားဖြင့် မိသားစု ၁ စုမှာကလေး ၃ယောက်ရှိနေပြီး အစိုးရကဆင်းရဲတဲ့ မိသားစုတွေမှာ ကလေး နှစ်ယောက်အထိပဲမွေးဖွားအောင် ကန့်သတ်ဖို့ကြိုးစားနေပေမယ့် ရိုမန်ကက်သလစ် ဘာသာရေး လွှမ်းမိုးတဲ့ ဖိလစ်ပိုင်နိုင်ငံမှာတော့ ဘုန်းတော်ကြီးတွေက အဲ့ဒီအစီအစဉ်ကို ကန့်ကွက်နေဆဲဖြစ်တယ် လို့ သိရပါတယ်။

 

adv_banner
adv_banner
adv_banner adv_banner