တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ကိုင်သူတွေဟာ မိုဘိုင်းဖုန်းပိုမို အသုံးပြုဖို့လိုအပ်နေ

ဝင်ငွေနည်းပါးသူများ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းပိုမိုကျယ်ပြန့်
လာစေဖို့ မိုဘိုင်းဖုန်းဆက်သွယ်ရေးနည်းပညာတွေ ပိုမိုအသုံးချဖို့လိုအပ်နေတယ်လို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

ပြည်တွင်း၊ ပြည်ပဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ LIRNEasiaနဲ့ MIDO တို့ပူးပေါင်းပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်း သုတေသနပြုလုပ်ထားတဲ့ အချက်အလက်တွေကို အခြေပြုပြီး အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ တခြားဖွံ့ဖြိုးဆဲအာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် စီးပွားရေးဖွံ့ဖြိုးဖို့ မိုဘိုင်းဖုန်းတွေကို အသုံးပြုနိုင်မှု နိမ့်ပါးနေတဲ့အတွက် ပိုမိုအသုံးပြုနိုင်ဖို့အရေး ပြောကြားလိုက်တာပါ။

“ကျွန်မတို့ဆီမှာ ကြည့်လိုက်မယ်ဆိုရင် ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်နေတာတွေရှိတယ်။ ဒါပေမယ့် ICT ကဏ္ဍကိုအသုံးပြုပြီးတော့ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုသုံးမလဲဆိုတာ ပြောတာအားနည်းသေးတယ်လို့ ယူ
ဆတယ်။ တကယ်ဖွံ့ဖြိုးတိုးတက်ရင်လို့ ပြောလိုက်မယ်ဆိုရင် ဘယ်သူတွေက သုံးမှာလဲ ဘယ်သူတွေရဲ့ ဖွံ့ဖြိုးရေးအတွက် သုံးမှာလဲ ဒါမျိုးတွေက အရေးကြီးတယ်လို့ ထင်တယ်”လို့ MIDO မှ Research & Development Manager ဒေါ်ဖြူဖြူသီကပြောပါတယ်။

LIRNEasiaဟာပြီးခဲ့တဲ့ ဧပြီလထဲမှာ မြန်မာနိုင်ငံရဲ့ မြို့ကြီး ၅မြို့က တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ကိုင်နေသူ တွေရဲ့မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး သုတေသနလုပ်ခဲ့တာပါ။

အဲ့ဒီသုတေသန အချက်အလက်တွေအရ လူအယောက် ၁၀၀မှာ ၅၀ရာခိုင်နှုန်းကျော်သာ မိုဘိုင်းလ်ဖုန်း ရှိနေ
ခဲ့ပြီး အဲ့ဒီထဲကအနည်းငယ်ပဲ စီးပွားရေးအတွက် မိုဘိုင်းလ်ဖုန်းတွေကို အသုံးပြုနေတဲ့ အခြေအနေမျိုးတွေ ဖြစ်
ပေါ်နေပါတယ်။

ဒါ့အပြင် အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ မိုဘိုင်းလ်ဖုန်းမရှိခင်က အများပြည်သူသုံး တယ်လီဖုန်းတွေကို အသုံးပြုခဲ့ကြရာကနေ မိုဘိုင်းလ်ဖုန်းတွေရရှိလာပြီးနောက်ပိုင်း စီးပွားရေးအတွက် ဆက် သွယ်မှုတွေ ကျယ်ပြန့်လာပြီး သူတို့ရဲ့အသေးစားလုပ်ငန်းတွေမှာ ပိုမိုအကျိုးရှိလာစေခဲ့တယ်လို့ ဖော်ပြထား တာပါ။

“ဒီလိုဖုန်းတွေ အသုံးပြုလာနိုင်တဲ့အတွက်ကြောင့်မို့ တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေမှာလည်း အခွင့်အရေးတွေ ရလာတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာဆိုလို့ရှိရင် သူတို့အဓိက လိုအပ်တာရာ သီဥတုနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ ဈေးနှုန်းတွေ မိုဘိုင်းဖုန်းတွေ အသုံးပြုပြီး ဈေးကွက်တွေရှာလို့ရတယ်။ သီးနှံဈေးကောင်း တွေလည်း ပိုပြီးရနိုင်တယ်။ ဈေးကွက်တစ်ခုတည်းရောင်းနေတဲ့ ငါးဖမ်းသမားတွေကလည်း ဒီဈေးကွက်က အမြဲတမ်း သူ့ငါးတွေကုန်အောင် ၀ယ်နိုင်မှာမဟုတ်ဘူး။ မိုဘိုင်းဖုန်းကိုအသုံးပြုပြီး ငါးဝယ်လိုအားများနေတဲ့ ဈေးကွက်ကို စုံစမ်းပြီးသွားရောင်းနိုင်တယ်”လို့ LIRNEasia မှ CEO HelaniGalpaya ကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကုမ္ပဏီတွေလည်း ပိုမိုများလာပြီး ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း တွေ မကြာခင်စတင်တော့မယ့် အချိန်မှာ ဒီသုတေသနအချက်အလက်တွေဟာ မြန်မာနိုင်ငံအတွက် သင့်တော် တဲ့ ၀န်ဆောင်မှုတွေဖြစ်လာဖို့ အထောက်အကူပြုနိုင်ပြီး မူဝါဒရေးဆွဲမယ့် သူတွေအတွက်လည်း ဒီအချက်အ လက်တွေနဲ့ ပံ့ပိုးနိုင်လိမ့်မယ်လို့ LIRNEasia က ပြောပါတယ်။

(လင်းနှင်းအေး)

 

 

adv_banner
adv_banner