တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းက ခါကာဘိုရာဇီတောင်တက်ခရီးစဉ်ကို ဇူလိုင်လ ၂၆ မှာစတင်မည်

အရှေ့တောင်အာရှ ဒေသအတွင်းမှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းက ပထမဆုံးအကြိမ်တက်ရောက်ဖို့ရှိနေပါတယ်။ မြန်မာနိုင်ငံသားတွေသာ တက်ရောက်ကြမယ့် ခါကာဘိုရာဇီတောင်တက်ခရီးစဉ်ကို ဇူလိုင်လ ၂၆ ရက်မှာ စတင်ထွက်ခွာခဲ့ပြီး စတင်ထွက်ခွာချိန်မှာ ရှေ့ပြေးအနေဖြင့် တောင်တက်အဖွဲ့ဝင်သုံးဦးက ပူတာအိုမြို့ကို စတင်ထွက်ခွာကာ ကျန်ခြောက်ဦးက ၂၉ ရက်နေ့မှာ ထွက်ခွာမှာဖြစ်ပါတယ်။

“ခါကာဘိုရာဇီက အမြင့်ပေအားဖြင့်တော့ ကမ္ဘာ့အမြင့်ဆုံးတောင် ဧ၀ရတ်တောင်ထက် ပေ ၁ သောင်းလောက် နိမ့်ပေမယ့် သူ့မှာက ကမ္ဘာ့တောင်တိုင်းမှာရှိတဲ့ အခက်အခဲတွေအတိုင်း အစုံရှိပါတယ်။ မိုးရာသီကို ရွေးချယ်ရ တာက ဒီအချိန်ဟာရေခဲအပါးဆုံးအချိန် ရေခဲပြိုမှုအနည်းဆုံးဖြစ်အောင် ကျွန်တော်တို့လုပ်နေပါတယ်။ ပြီးတော့ မိုးရာသီဖြစ်တဲ့အတွက် သွားရလာရ တောင်ခြေကို ချဉ်းကပ်ဖို့ ခက်ခဲတယ်ပေါ့။ ရေခဲပါးနေတဲ့အတွက် လမ်း ကြောင်း မြင်နိုင်မှုကို အားသာတယ်။ ဒါကြောင့် ဒီအချိန်ကို ရွေးချယ်ရတာဖြစ်တယ်”လို့ တောင်တက်အဖွဲ့ဝင် ကိုဝေရန်မင်းသူက ပြောပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရိုင်မှာရှိတဲ့ ခါကာဘိုရာဇီတောင်ကို ၁၉၂၄ ခုနှစ်တွင် အိန္ဒိယမြေတိုင်းအဖွဲ့ရဲ့ တိုင်း တာမှုအရ ပေပေါင်း ၁၉,၂၉၆ပေ သတ်မှတ်ခဲ့ပြီး မြန်မာ-ဂျပန်ချစ်ကြည်ရေး ပူးပေါင်းတောင်တက်အဖွဲ့မှ ၁၉၉၆ ခုနှစ် စက်တင်ဘာလမှာ ပထမဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီတစ်ကြိမ်ကတော့ တက္ကသိုလ်ခြေလျင်နဲ့တောင်တက်အသင်းက မြန်မာနိုင်ငံသားတွေသာ တက်ရောက်ကြမှာ ဖြစ်ပြီး နိုင်ငံတော်အလံသစ်ကို တောင်ထိပ်လွှင့်ထူနိုင်ဖို့ တက်ရောက်ကြတာဖြစ်ပါတယ်။

“မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီတွေက ထောက်ပံ့လို့ ဒီလက်ခံမှုကို ရရှိပြီး မြန်မာနိုင်ငံသားတွေတက်တယ်။ အဲ့ဒီ အတွက် ကျွန်တော်အများကြီး ဂုဏ်ယူတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အမြင့်ဆုံးတောင်ကို မြန်မာတွေချည်းဘဲ ကြိုးစားမှုနဲ့တက်မယ်။ မြန်မာနိုင်ငံရဲ့ အလံသစ်ကို လွှင့်ထူမယ်။ ကျွန်တော်တို့ တောင်တက်မှာတော့ ပထမ လူတက်ပြီးသားကို နောက်လူတက်လို့ရှိရင် အလံလဲတယ်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံအဟောင်းကြီးကို အလံသစ်နဲ့ လဲတယ်ပေါ့”လို့ ကိုဝေရန်မင်းသူက ပြောပါတယ်။

အဲ့ဒီတောင်တက်ခရီးဟာ နှစ်လခန့်ကြာမြင့်မှာဖြစ်ပြီး ဒီလိုတက်ရောက်နိုင်ဖို့အတွက် နှစ်နှစ်ကျော်ပြင်ဆင်ခဲ့ရ တာဖြစ်တယ်လို့ သိရပါတယ်။

 

(သဲဟေမန်မောင်)

adv_banner