လူငယ်ရုပ်ရှင်ပွဲတော်ကို ရုပ်ရှင်ကား (၂၀)၀န်းကျင်ခန့် လာရောက်ယှဉ်ပြိုင်မည်ဟု ခန့်မှန်း

နိုင်ငံတကာ လူငယ်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လူငယ်ရုပ်ရုင်ပွဲတော် ကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက ကျင်းပမည်ဖြစ်ပြီး လက်ရှိမှာ လူငယ်တွေ ရိုက်ကူးထားတဲ့ ပြိုင်ပွဲဝင် ရုပ်ရှင်ကားတွေကိုစတင် လက်ခံရရှိနေပြီလို့ သိရပါတယ်။

နိုင်ငံတကာလူငယ်များနေ့ အထိမ်းအမှတ် ပထမအကြိမ် မြန်မာ့လူငယ်ရုပ်ရှင်ပွဲတော် ၂၀၁၄ခုနှစ်ကို ယခု လက်ရှိအထိ ရုပ်ရှင်ဇာတ်ကားပေါင်း ၁၅ ကားဝန်းကျင်ကို လာရောက် ယှဉ်ပြိုင်ထားပြီး ဖြစ်ပါတယ်။

“လက်ရှိ ရိုက်ကူးနေကြတဲ့ အချက်အလက်တွေလည်း ရရှိထားပါတယ်။ ခန့်မှန်းအားဖြင့် ရုပ်ရှင်ကား ၂၀၊ ၂၅ ကား ၀န်းကျင်လောက် ဒီရုပ်ရှင် ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ခန့်မှန်းပါတယ်”လို့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဥက္ကဌ ကိုဇွဲရန်နိုင်က ပြောပါတယ်။

ပြိုင်ပွဲဝင်မယ့် ရုပ်ရှင်ကားတွေကို ဇူလိုင်လ(၂၁)ရက်နေ့မှာ နောက်ဆုံးထားပြီး မြန်မာနိုင်ငံလူငယ်များအစည်း အရုံးကို ပေးပို့ရမှာပါ။

“စကာတင် ရွေးချယ်မှုအဖွဲ့ စိစစ်ရေးအဆင့်နဲ့ အပေါ်မှာ ဆုပေးဖို့အတွက် စိစစ်တဲ့အဆင့် နှစ်ဆင့်ရှိပါတယ်။ စကာတင် စိစစ်တဲ့အခါမှာ မူလကအခြေခံစည်းမျဉ်းတွေဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို လှုံ့ဆော် တာမျိုး မပါဝင်ရဘူး။ ဇာတ်ကားရဲ့ မိနစ် ၂၀ အရည်အသွေး ပြည့်မပြည့်ကြည့်မယ်။ လူငယ်ဆိုတဲ့ အနှစ်သာရ ပေါ်လွင်အောင် ရိုက်မရိုက် အဲ့ဒါကို ပြန်ကြည့်မယ်”လို့ ကိုဇွဲရန်နိုင်က ပြောပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှာ ပြိုင်ပွဲဝင်တွေရဲ့ ရုပ်ရှင်ကား စကာတင်စာရင်းကို ထွက်ရှိမှာဖြစ်ပြီး လူမှုကွန်ယက်တို့နဲ့ မီဒီယာတွေကနေ တစ်ဆင့် ထုတ်ပြန်မယ်လို့ သိရပါတယ်။

၂၀၁၄ခုနှစ်၊ သြဂုတ်လ ၇ ရက်၊ ၈ ရက်နေ့ Junction Cineplex ရုပ်ရှင်ရုံမှာ အခမဲ့ ပြသမှာဖြစ်ပြီး ဆုပေးပွဲကို တော့ နိုင်ငံတကာလူငယ်များနေ့ဖြစ်တဲ့ သြဂုတ်လ ၁၂ ရက် နေ့လည် ၁ နာရီမှ ၃ နာရီအတွင်း Sky Star Hotel မှာကျင်းပသွားမယ်လို့ သိရပါတယ်။

နိုဗယ်ဇော်

adv_banner
adv_banner