ပြင်ဦးလွင်မြို့မှာ ဧက (၂၀) အကျယ်အ၀န်းရှိမယ့် ရုပ်ရှင်စတူဒီယို ဆောက်လုပ် ပေးမယ်လို့ သမ္မတပြောကြား

ပြင်ဦးလွင်မြို့မှာ ဧက (၂၀) အကျယ်အ၀န်းရှိမယ့် ရုပ်ရှင်စတူဒီယို ဆောက်လုပ် ပေးမယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကသားတွေ ဇူလိုင်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) မှာ တွေ့ဆုံစဉ်မှာ အဲ့ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

ရုပ်ရှင်လောကသားတွေကိုယ်စား မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ သရုပ်ဆောင်လူမင်း၊ ဂီတလောကသားတွေကိုယ်စား မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ ဦးတင်ဦးလေး၊ သဘင်လောကသားတွေ ကိုယ်စား မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ပန်တျာဦးမြကြည်နဲ့ ဇာတ်သဘင် ပညာရှင်တွေ ဦးချမ်းသာတို့က ရုပ်ရှင်၊ ဂီတ၊ သဘင်လောက ဖွံ့ဖြိုးဖို့အတွက် လိုအပ်ချက်တွေကို တင်ပြဆွေးနွေးမှုအပြီး နိုင်ငံတော်သမ္မတက အဲ့ဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါအပြင် ဒါအပြင် နိုင်ငံခြားရုပ်ရှင်ကုမ္ပဏီတွေနဲ့ ဖက်စပ်ရိုက်ကူးနိုင်ရေး၊ ချေးငွေ ရရှိဖို့ ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကိုလည်း ပြောကြားခဲ့တာပါ။

“သေချာတာတစ်ခုကတော့ ကျွန်တော်တို့ ရုပ်ရှင်မှာလည်း အခက်အခဲရှိတယ်။ ကျွန်တော်တို့ သဘင်မှာလည်း အခက်အခဲရှိတယ်။ ဥပမာ ဆိုပါတော့ ရုပ်ရှင်မှာ ကျွန်တော်တို့ ရုပ်ရှင်ကားတွေ တော်တော်လေး စုတ်ပြတ် သတ်နေပြီ။ အခြေအနေကလည်း မကောင်းတော့ဘူး ရုံတွေကလည်း မရှိတော့ဘူး”လို့ လူရွှင်တော်ဇာဂနာ ကပြောပါတယ်။

“သူများတွေက လယ်ယာမြေ သိမ်းခံရလို့ ဆန္ဒပြသလိုပဲ ရုပ်ရှင်ကလည်း ရုပ်ရှင်ရုံတွေသိမ်းခံရလို့ ဆန္ဒပြရမလို့ အပေါက်ဖြစ်လာပြီ ဘာကြောင့်လည်းဆိုတော့ ရုပ်ရှင်ရုံ ၂၄၀ ကျော်ရှိရာကနေ အခု ၂၉ ရုံပဲကျန်တော့တယ်။ အကုန်းလုံးကို သိမ်းသိမ်းပြီး ရောင်းစားပစ်တော့ ရုပ်ရှင်သမားက ရုပ်ရှင်ရိုက်ပြီး ပြစရာရုံးမရှိတော့ ဘူးဆိုတော့ အဲဒါကိုတော့ ကျွန်တော်တို့က ဆန္ဒမပြပါဘူး။ ကျွန်တော်တို့ အခုဒီမှာ ဒီကိစ္စတွေကို ရှင်းပေးဖို့ တောင်ဆိုကြ မယ်။ နောက်တစ်ခုက ရုပ်ရှင်ပေါ်မှာ ထားတဲ့ အခွန်က သိပ်ကြီးလွန်တယ်”လို့ လူရွှင်တော်ဇာဂနာက ပြောပါတယ်။

ဂီတလောကသားတွေအကြား အဓိကကြုံတွေ့နေရတဲ့ ခိုးကူခွေပြသနာနဲ့ မူပိုင်ခွင့်ပြသနာတွေကို အစိုးရက ဖြေရှင်းပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြတာဖြစ်ပြီး သဘင်လောကဖွံ့ဖြိုးဖို့ အခြေခံလိုအပ်ချက်တွေထဲက ဇာတ်သဘင်ကပြဖျော်ဖြေဖို့ ပြဇာတ်ရုံနေရာအခက်အခဲတွေအပါအ၀င် တခြားအခက်အခဲတွေကိုလည်း သဘင် လောကသားတွေက နိုင်ငံတော်သမ္မတကို တင်ပြခဲ့ကြတာဖြစ်ပါတယ်။

“အကူအညီပေးနိုင်တဲ့ဟာကို အတက်နိုင်ဆုံးပေးမယ်လို့ ပြောသွားတယ်။ ဒါကြောင့်မို့လို့ အန်ကယ်တို့ ဒီခြောက် ချက်ထဲမှာတော့ အန်ကယ်တို့ လိုချင်တဲ့ အချက်တွေကို ကူးညီပေနိုင်လိမ့်မယ်လို့ အန်ကယ်မျှော်လင့် ပါတယ်”လို့ မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဥက္ကဌ ဦးတင်ဦးလေး ကပြောပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ရုပ်ရှင်၊ ဂီတ၊ သဘင်လောကသားတွေ စုံစုံညီညီနဲ့ တွေ့ဆုံခဲ့သည့် ယခုတွေ့ဆုံမှုဟာ အစိုးရသက်တမ်းအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယခင်ကတော့ အဖွဲ့အစည်းတွေအလိုက် သီးခြားစီ တွေ့ဆုံမှုတွေပဲရှိခဲ့ပါတယ်။

ဒီတွေ့ဆုံမှုတွေကနေ မြန်မာနိုင်ငံရဲ့ အနုပညာလောက ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အနေနဲ့ အတိုင်းအတာ တစ်ခုအထိ အကောင်အထည်ဖော်ပေးနိုင်လိမ့်မယ်လို့ အနုပညာလောကသားတွေ မျှော်လင့်နေကြပါတယ်။

နဒီကို

adv_banner