အာဇာနည်နေ့ကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက အထိမ်းအမှတ်အခမ်းအနားပြုလုပ်မယ်

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၇ နှစ်မြောက် အာဇာနည်နေ့ကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံး က အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ဖို့ရှိပြီး အပိုင်း ၅ ပိုင်းခွဲကာ ကျင်းပသွားဖို့ရှိနေပါတယ်။

အစီအစဉ်တွေကို လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံလူငယ်များအစည်းအရုံး ရုံးချုပ်နဲ့ ဒဂုံမြို့နယ်၊ အာဇာနည် ဗိမ္မာန်အနီး၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးကန်ပတ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်တို့ရှေ့မှာ ကျင်းပဖို့ရှိနေတာပါ။

“လူငယ်တွေကို ပြောချင်တာကတော့ လက်ရှိကာလမှာ ဘာပဲဖြစ်ဖြစ် ၂၀၁၀-၂၀၁၁ ခုနှစ် သမ္မတကြီး ဦးသိန်းစိန် အစိုးရတတ်လာပြီးတဲ့ နောက်ပိုင်းမှာ ဗိုလ်ချုပ်နဲ့ပတ်သတ်ပြီးတော့ အသိပညာတွေ ပိုပြီးတော့ များပြားပြန်လည်ကျယ်ပြန့်လာတယ်။ အာဇာနည်နေ့ကိုလည်း လွပ်လွပ်လပ်လပ် ပိုလုပ်ခွင့်ရလာတယ်”လို့ မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဥက္ကဌ ကိုဇွဲရန်နိုင်က ပြောပါတယ်။

အာဇာနည်နေ့ကျင်းပသွားမယ့် အစီစဉ်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွားခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ရည်စူးပြီး သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းဆပ်ကပ်လှူဒါန်း မေတ္တာပို့အမျှ ဝေခြင်း၊ အောက်မေ့သတိရ ဂုဏ်ပြုအလေးပြုခြင်း၊ နံနက် ၁၀း၃၇ မိနစ်တိတိမှာ ဥသြဆွဲအလေးပြုခြင်း၊ အာဇာနည်ဗိမ္မာန်အနီးမှာ နှင်းဆီပန်း ၆၇၀၀ ပွင့်ကို လာရောက်ဂါရဝပြုတဲ့ မိဘပြည်သူတွေကိုဝေငှခြင်းနဲ့ ကန်တော်ကြီး၊ ကန်ပတ်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လွမ်းသူ့ပန်းခွေချ အလေးပြု ငြိမ်သက်သဝဏ် လွှာဖတ်ကြားခြင်း တို့ကိုပြုလုပ်သွားမှာ ဖြစ်ပါတယ်။

“အာဇာနည်မျိုးဆိုတာ ဘယ်တော့မှသေရိုးမရှိပါဘူး။ မိမိရဲ့သမိုင်းကြောင်းကို အကောင်းဆုံးဖြစ်အောင်ရေးခဲ့တဲ့ သူတွေအတွက် ဂုဏ်ပြုရမယ့်တာဝန်က ပြည်သူတွေမှာ ရှိပါတယ်လိုပြောချင်ပါတယ်”လို့ ကိုဇွဲရန်နိုင်က ပြောပါ တယ်။

အဲ့ဒီ ၆၇နှစ်မြောက် အာဇာနည်နေ့ဂုဏ်ပြုပွဲ အခမ်းအနားကို မြန်မာနိုင်ငံလူငယ်များအစည်းအရုံးဗဟိုနဲ့ မြို့နယ်ခွဲတွေပူးပေါင်းပြီး တစ်စုတစ်စည်းတည်း ဆောင်ရွက်သွားဖို့ရှိနေသလို တခြားနိုင်ငံရေးအဖွဲ့အစည်းက လူငယ်တွေ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းများက လူငယ်တွေနဲ့ ကျောင်းသူ၊ ကျောင်းသား လူငယ်တွေလည်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြု အလေးပြုဖို့ အစီအစဉ်တွေရှိနေပါတယ်။

အာဇာနည်နေ့ကိုဂုဏ်ပြုတဲ့ အခမ်းအနားတွေမှာလည်း လူငယ်တွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ မြန်မာနိုင်ငံလူငယ်များအစည်းအရုံးက တိုက်တွန်းထားပါတယ်။

သဲဟေမန်မောင်

adv_banner