မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်းနဲ့ မီဒီယာအသိပေးပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက် နေ့က ရန်ကုန်မြို့ ကရိတ်ဝိတ်နန်းတော်ရှိ ဥတ္တရခမ်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီရုပ်ရှင်ကို Myanmar Media 7 ကစီစဉ်ပြီး ဒါရိုက်တာဝင်းထွန်ထွန်း(အနုပညာ)က ရိုက်ကူးမှာဖြစ်ပါတယ်။   သရုပ်ဆောင်တွေအနေနဲ့ မြင့်မြတ်၊ သူထူးစံ၊ ဖြိုးငွေစိုး၊ ထွန်းထွန်း၊ ရွှေမှုန်ရတီ၊ မေမြင့်မိုရ်တို့က ပါဝင်ကြမှာပါ။

အဆိုပါဇာတ်ကားကို မြန်မာနိုင်ငံရဲ့ နေရာရှစ်နေရာမှာ ရိုက်ကူးမှာဖြစ်ပြီး သာမန်ရုပ်ရှင်ကားတွေနဲ့ မတူဘဲ ထူးခြားတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

ဇာတ်ကားဟာ အသံပိုင်းဆိုင်ရာတွေ၊ ရုပ်ရှင် အရည်အသွေးပိုင်းဆိုင်ရာတွေကိုလည်း သေသေချာချာ လုပ် ဆောင်သွားမယ်လို့ သိရပါတယ်။

“ဒီကျောက်စာဆိုတဲ့ လုံးချင်းဝထ္တုလေး ဖတ်လိုက်ရတဲ့အချိန်မှာ ဇာတ်လမ်းလေးက ရင်ထဲကိုတကယ် စူးစူးနစ်နစ်လေး ရောက်သွားတယ်ပေါ့နော်။ တကယ်ကို အချစ်လေးဟာ သိမ်သိမ် မွေ့မွေ့လေးပြသွားတဲ့ ၀ထ္တုလေးဖြစ်နေတယ်။ အဲ့ဒီအပြင်ဝထ္တုပိုင်းမှာလည်း နည်းနည်းလေးစိတ်ကူးယဉ်ဆန်တဲ့ ဆန်းသစ်မှုတွေ အတွေးအခေါ်တွေပါတယ်”လို့ ဒါရိုက်တာ ၀င်းထွန်းထွန်းကပြောပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ကြမယ့် အနုပညာရှင်တွေကလည်း သူတို့သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်တွေကိုပိုင်နိုင် အောင်ကြိုးစား သရုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

အဲ့ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရမယ့် မြင့်မြတ်က အရင်ခေတ်နဲ့ ဒီဘက်ခေတ်ကျောင်းသားပုံစံ ကာရိုက်တာ နှစ်မျိုးဖြင့် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

“အရင်ကတော့ ဒီကာရိုက်တာမျိုး သရုပ်မဆောင်ဖူးဘူးပေါ့။ နည်းနည်းတော့ အခက်အခဲရှိမယ်။ ကိုယ်မလုပ်ဖူး တာမှန်သမျှတော့ အခက်အခဲရှိမှာဘဲလေ။ ဘယ်အရာမှတော့ မလွယ်ပါဘူး။ အကောင်းဆုံးဖြစ် အောင်ကြိုးစား ရမှာပါ”လို့ ရုပ်ရှင်၊ သရုပ်ဆောင် ရွှေမှုန်ရတီကပြောပါတယ်။

မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားက ရာဇ၀င်ခေတ် အနေအထားနဲ့ ယခုခေတ်အနေအထားနှစ်ခုကို ပေါင်းစပ် ဖန်တီးရိုက်ကူးမည့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

သဲဟေမန်မောင်

adv_banner