မယ္တထမ္း မယ္တရြက္

0
248

“ က်မတုိ႔ဘ၀က ထမ္းမွ ပိုက္ဆံရမယ္။ ပိုက္ဆံရမွ ဆန္၊ ဆီ၊ ေဆး၊ ဆား ဝယ္ႏုိင္မယ္။ ပိုက္ဆံမရွိဘူး”

က်ဳိင္းတံုေစ်းထဲက အထမ္းသမတဦးျဖစ္တဲ့ နန္းဆာက ေျပာပါတယ္။

“ အထမ္းသမားေခၚမလို႔လား၊ ေခၚလို႔ရတယ္ေနာ္၊ က်မတို႕ကိုေခၚပါ” ဆုိၿပီး ကပိုကရို၀တ္စားလို႕ ေဘးလြယ္ အိတ္ေလးေတြ စလြယ္သိုင္းထားတဲ့ အမ်ိဳးသမီးေတြက ရွမ္းဘာသာနဲ႕လွမ္းေမးေနတာပါ။

သူတို႕ဟာ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕က ၿမိဳ႕မေစ်းထဲမွာ ေခြးေျခလို႕ေခၚတဲ့ ခံုပုေလးေတြနဲ႕ အစုလိုက္ ထိုင္ျပီး အထမ္းသမားလိုတဲ့ သူေတြကို ေစာင့္ေနၾကတဲ့ အမ်ိဳးသမီးအထမ္းသမားေတြပါပဲ။

တျခားေဒသက ေစ်းေတြနဲ႔မတူ က်ိဳင္းတုံေစ်းရဲ႕ ထူးျခားမႈတခုကေတာ့ အထမ္းသမားအားလံုးနီးပါးဟာ အမ်ိဳး သမီးေတြျဖစ္ေနတာပါ။

အဲဒီအမ်ိဳးသမီးေတြ တစုတေ၀းနဲ႕ထုိင္ေနတာကို မသိရင္ေတာ့ ေငြေတာင္းစားေနတဲ့သူေတြလုိ႔ ထင္ေကာင္း ထင္ၾကပါမယ္။

ဒါေပမယ့္ သူတို႕ဟာ ေငြေတာင္းစားသူေတြမဟုတ္ဘဲ သမာအာဇီ၀က်က်နဲ႕ လူတိုင္းမလုပ္ႏိုင္တဲ့ အလုပ္ေတြ ျဖစ္တဲ့ ေလးလံတဲ့ကုန္ပစၥည္းေတြကို ထမ္းပိုးျပီး ၀မ္းစာရွာေဖြေနၾကသူေတြပါ။

“အထမ္းသမားလိုရင္ ေခၚပါေနာ္။ ဒီမွာၾကိဳးလည္းပါတယ္” လို႕ ပစၥည္းသယ္ရာမွာအသံုးျပဳတဲ့ စကၠဴဖာေတြ၊ စကၠဴပံုးေတြကို ခ်ည္ေႏွာင္တဲ့ၾကိဳးေခြကို ေျမွာက္ကိုင္ျပျပီး ျပံဳးကာရယ္(ရီ)ကာ ေအာ္ေနသူကေတာ့ အသက္ (၆၀)ေက်ာ္ျပီျဖစ္တဲ့ ပါ့နန္းသန္းျဖစ္ပါတယ္။

အထမ္းသမၾကီး ပါ့နန္းသန္းဟာ က်ိဳင္းတံုေစ်းထဲမွာ ကုန္ပစၥည္းထမ္းတဲ့အလုပ္ကို လုပ္ေနတာ (၁၀)ႏွစ္ေက်ာ္ ရွိျပီျဖစ္ျပီး ဒီလိုကုန္ထမ္းအလုပ္က ေန႔စဥ္ပုံမွန္၀င္ေငြရတဲ့အလုပ္ေတာ့ မဟုတ္ဘူးလို႕ သူကေျပာျပပါတယ္။
“ က်မ တရက္ကို (၄)ေထာင္၊ (၅)ေထာင္ ရပါတယ္။ ပံုမွန္ေတာ့ မရွိပါဘူး”

ေစ်းထဲမွာ ကုန္ထမ္းတဲ့အလုပ္ကို စလုပ္ခ်ိန္တုန္းက ဝင္ေငြေကာင္းေပမယ့္ အခုေနာက္ပိုင္းမွာ အထမ္းသမေတြ မ်ားလာလို႔ အရင္ကလို ဝင္ေငြမရေတာ့ဘူးလို႔ သူမက ဆုိပါတယ္။

အထမ္းသမၾကီး ပါ့နန္းသန္းဟာ အသက္ (၆၀)နီးပါးရွိေနေပမယ့္ အလုပ္လုပ္တဲ့ေနရာမွာေတာ့ သြက္လက္ ဖ်တ္လတ္ေနဆဲပါ။ ဒါေပမယ့္လည္း သိပ္ေလးလံတဲ့ပစၥည္းေတြကိုေတာ့ သူက မသယ္ေတာ့ဘူးလို႔ ေျပာပါ တယ္။

“ က်မက အသက္ၾကီးလာျပီ။ ဒါေၾကာင့္ အရမ္းေလးတဲ့ ပစၥည္းေတြဆို မသယ္ေတာ့ဘူး။ သူမ်ားကို ေပးလုိက္ တယ္။ ဒီမွာက ကိုယ့္ေဖာက္သည္နဲ႔ကိုယ္ ရွိၿပီသားေလ”

က်ိဳင္းတံုေစ်းထဲမွာ အထမ္းသမားအလုပ္လုပ္ကိုင္လာခဲ့တာ ႏွစ္ကာလၾကာျမင့္လာျပီျဖစ္ေပမယ့္ အထမ္းသမ ဘဝကို စြန္႔လႊတ္ဖို႔ ခက္ခဲေနေသးတယ္လို႕လည္း ပါ့နန္းသန္းက ေျပာရွာပါတယ္။

“ ဒီအထမ္းမွ မလုပ္ရင္ ဘာမွလုပ္စရာ မရွိဘူးေလ။ အလုပ္အကိုင္က ရွားတယ္”

အထမ္းသမအမ်ားစုဟာ က်ိဳင္းတံုၿမိဳ႕ရဲ့အျပင္ဘက္ ေတာင္ေပၚေက်းရြာေတြမွာ ေနထုိင္ၾကတဲ့သူေတြျဖစ္ျပီး က်ဳိင္းတံုေစ်းကိုေရာက္ဖို႕ တနာရီခန္႕ လမ္းေလွ်ာက္လာၾကရတာမို႔ မနက္မိုးမလင္းခင္ကတည္းက ရြာကထြက္ လာၾကရတယ္လို႕ ေျပာပါတယ္။

ကေလးရွိတဲ့ အထမ္းသမေတြကေတာ့ ကေလးေတြအတြက္ ထမင္းဟင္းခ်က္ျပဳတ္စီစဥ္ေပးျပီးမွသာ ထြက္လာ ၾကရတာပါ။

“ မနက္အေစာႀကီး မိုးမလင္းခင္ထ၊ ကေလးေတြအတြက္နဲ႔ က်မေစ်းထဲမွာစားဖုိ႔၊ ထမင္းထုတ္ယူဖို႕၊ ခ်က္ရ တယ္။ ၿပီးမွေစ်းထဲကိုလာရတယ္။ ဒီေစ်းထဲေရာက္ဖို႔က တနာရီေလာက္ လမ္းေလွ်ာက္ရပါတယ္”လုိ႔ အသက္ (၄၀) ေက်ာ္ အရြယ္ရွိတဲ့ အျခားအထမ္းသမတဦးျဖစ္တဲ့ နန္းလြတ္က ေျပာပါတယ္။

နန္းလြတ္ကေတာ့ သားတေယာက္၊ သမီးတေယာက္ရွိၿပီး၊ ကေလးေတြကလည္း ေက်ာင္းမတက္ရဘူးလို႕ ေျပာ ျပပါတယ္။

“ ကုန္ေစ်းႏႈန္းေတြက အစစအရာရာ တက္လာတယ္။ ဒီလိုမွ မလုပ္ရင္လည္း မရဘူး။ စားဖို႔က ရွိေသးတယ္” လုိ႔ နန္းလြတ္က ဆုိပါတယ္။

က်ိဳင္းတံုေစ်းထဲမွာ လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးအထမ္းသမေတြဟာ အသက္(၂၀)ေက်ာ္အရြယ္ကေန အသက္ (၆၀)ေက်ာ္အရြယ္အထိ အရြယ္စံုရွိၾကပါတယ္။

အသက္(၃၀)အရြယ္ နန္းေဆာင္ကေတာ့ “ ထမ္းတာက မိန္းကေလးေတြလုပ္တဲ့အလုပ္၊ ေယာက်္ားေတြက ဒါ မလုပ္ဘူး။ သူတုိ႔က ပန္းရံေတြလုပ္တယ္” လုိ႔ ရွမ္းစကားနဲ႔ ျပံဳးျပီးေျပာျပပါတယ္။
အထမ္းသမဘဝဟာ ဝင္ေငြပံုမွန္မရေပမယ့္ မိသားစုစားဝတ္ေနေရးအတြက္ အဆင္ေျပတယ္လို႕ နန္းေဆာင္က ဆုိပါတယ္။

“ က်မတို႔မွာ အလုပ္အကိုင္ရွားပါးတယ္။ က်မတို႔မွာ လယ္ယာလည္း မရွိဘူး။ ေငြေၾကးရွာေဖြရတာ သိပ္ခက္ တယ္” လုိ႔ သူမက ဆက္လက္ေျပာျပတာပါ။

က်ိဳင္းတံုေစ်းထဲက ကုန္စံုဆိုင္ပိုင္ရွင္ အမ်ိဳးသမီးတဦးကလည္း “ က်မတို႔ဆီမွာက အထမ္းသမားဆုိရင္ မိန္းက ေလးေတြ ပိုမ်ားတယ္။ သူတုိ႔က စိတ္ခ်ရတယ္။ သူတုိ႔ေတြ ဒီေစ်းထဲမွာ လုပ္ကုိင္တာလည္း ၾကာၿပီ။ ျပႆနာ ဘာမွ မရွိဘူး” လုိ႔ ေျပာျပပါတယ္။

အမ်ိဳးသမီးအထမ္းသမေတြကို ပစၥည္းအေလးခ်ိန္အေပၚ မူတည္ၿပီး တေခါက္ကို (၂၀၀) က်ပ္ကေန (၅၀၀) က်ပ္အထိ အခေၾကးေငြေပးၾကပါတယ္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသက ေက်းရြာေတြမွာ ေနထုိင္တဲ့ အမ်ိဳးသမီးအမ်ားစုဟာ အစစအရာရာ နိမ့္က်မႈ၊ အဆင္မေျပမႈေတြနဲ႔ ရင္ဆုိင္ေနရသလုိ ပညာသင္ၾကားဖုိ႔လည္း အလွမ္းေ၀းေနဆဲပါလို႕ ရွမ္းေရွ႕ေဒသက အ မ်ိဳးသမီးအခြင့္အေရးလႈပ္ရွားေနသူေတြက ဆုိၾကပါတယ္။
“ ဒီေစ်းမွာ အထမ္းဆုိရင္ အမ်ားစုက မိန္းကေလးေတြပဲ။ ေယာက်္ားအထမ္းသမားက မရွိသေလာက္ပါပဲ” လုိ႔ လားဟူအမ်ိဳးသမီးအဖြဲ႔အစည္းမွ နာမီးသဲကလည္း ေျပာျပပါတယ္။

အမ်ိဳးသမီးအထမ္းသမားအမ်ားစုက ပညာေရး၊ လူမႈေရးနဲ႔ အသိပညာ ဗဟုသုတေတြ အားနည္းၾကျပီး အမ်ားစု က “လြိဳင္”လုိ႔ေခၚတဲ့ေတာင္ေပၚေဒသေတြက လာၾကတာပါလို႕ နာမီးသဲက ေျပာပါတယ္။

က်ိဳင္းတံုျမိဳ႕နယ္နဲ႕ ပါတ္၀န္းက်င္ေဒသေတြမွာေနထုိင္တဲ့ အမ်ိဳးသမီးအမ်ားစုဟာ အမ်ိဳးသမီးအခြင့္အေရး၊ အမ်ိဳးသမီးဆိုင္ရာ က်န္းမာေရး၊ အမ်ိဳးသမီးမ်ား တန္းတူညီမွ်ေရးဆုိတဲ့ စကားလံုးေတြကို နားလည္ဖို႕ ေနေန သာသာ ၾကားေတာင္မၾကားဖူးဘူးလို႕လည္း သူတို႕ေတြက ဆုိၾကပါတယ္။

တရက္လုပ္ တရက္စားဘဝနဲ႔ ရုန္းကန္ေနရတဲ့အတြက္ တျခားဗဟုသုတရွာေဖြဖုိ႔အတြက္လည္း အခ်ိန္မေပးႏိုင္ ၾကပါဘူးလို႕ က်ဳိင္းတံုေစ်းထဲက အထမ္းသမေတြက တညီတညြတ္တည္း ေျပာဆိုၾကပါတယ္။

” ထမ္းႏုိင္သေလာက္ေတာ့ ထမ္းရဦးမယ္။ ထမ္းႏုိင္သေရြ႕ေတာ့ ကိုယ့္ဟာကိုယ္ရွာစားရမွာဘဲ” လုိ႔ အသက္ (၆၀)ေက်ာ္ ပါ့နန္းသန္းတေယာက္ အားမေလ်ာ့ပဲ ေျပာေနဆဲပါ။

နန္းဆုိင္ႏြမ္

(ဒီေဆာင္းပါးကို HI (Honest Information) Website ( www.hiburma.net ) ကေန ကူးယူေဖာ္ျပတာ ျဖစ္ပါတယ္။ HI (Honest Information) Website ( www.hiburma.net ) ကို ျမန္မာ့အမ်ဳိးသမီးသမဂၢ (BWU) က စီစဥ္ လုပ္ေဆာင္တာ ျဖစ္ပါတယ္။)

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“ ကျမတို့ဘဝက ထမ်းမှ ပိုက်ဆံရမယ်။ ပိုက်ဆံရမှ ဆန်၊ ဆီ၊ ဆေး၊ ဆား ဝယ်နိုင်မယ်။ ပိုက်ဆံမရှိဘူး”

ကျိုင်းတုံဈေးထဲက အထမ်းသမတဦးဖြစ်တဲ့ နန်းဆာက ပြောပါတယ်။

“ အထမ်းသမားခေါ်မလို့လား၊ ခေါ်လို့ရတယ်နော်၊ ကျမတို့ကိုခေါ်ပါ” ဆိုပြီး ကပိုကရိုဝတ်စားလို့ ဘေးလွယ် အိတ်လေးတွေ စလွယ်သိုင်းထားတဲ့ အမျိုးသမီးတွေက ရှမ်းဘာသာနဲ့လှမ်းမေးနေတာပါ။

သူတို့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့က မြို့မဈေးထဲမှာ ခွေးခြေလို့ခေါ်တဲ့ ခုံပုလေးတွေနဲ့ အစုလိုက် ထိုင်ပြီး အထမ်းသမားလိုတဲ့ သူတွေကို စောင့်နေကြတဲ့ အမျိုးသမီးအထမ်းသမားတွေပါပဲ။

တခြားဒေသက ဈေးတွေနဲ့မတူ ကျိုင်းတုံဈေးရဲ့ ထူးခြားမှုတခုကတော့ အထမ်းသမားအားလုံးနီးပါးဟာ အမျိုး သမီးတွေဖြစ်နေတာပါ။

အဲဒီအမျိုးသမီးတွေ တစုတဝေးနဲ့ထိုင်နေတာကို မသိရင်တော့ ငွေတောင်းစားနေတဲ့သူတွေလို့ ထင်ကောင်း ထင်ကြပါမယ်။

ဒါပေမယ့် သူတို့ဟာ ငွေတောင်းစားသူတွေမဟုတ်ဘဲ သမာအာဇီဝကျကျနဲ့ လူတိုင်းမလုပ်နိုင်တဲ့ အလုပ်တွေ ဖြစ်တဲ့ လေးလံတဲ့ကုန်ပစ္စည်းတွေကို ထမ်းပိုးပြီး ဝမ်းစာရှာဖွေနေကြသူတွေပါ။

“အထမ်းသမားလိုရင် ခေါ်ပါနော်။ ဒီမှာကြိုးလည်းပါတယ်” လို့ ပစ္စည်းသယ်ရာမှာအသုံးပြုတဲ့ စက္ကူဖာတွေ၊ စက္ကူပုံးတွေကို ချည်နှောင်တဲ့ကြိုးခွေကို မြှောက်ကိုင်ပြပြီး ပြုံးကာရယ်(ရီ)ကာ အော်နေသူကတော့ အသက် (၆၀)ကျော်ပြီဖြစ်တဲ့ ပါ့နန်းသန်းဖြစ်ပါတယ်။

အထမ်းသမကြီး ပါ့နန်းသန်းဟာ ကျိုင်းတုံဈေးထဲမှာ ကုန်ပစ္စည်းထမ်းတဲ့အလုပ်ကို လုပ်နေတာ (၁၀)နှစ်ကျော် ရှိပြီဖြစ်ပြီး ဒီလိုကုန်ထမ်းအလုပ်က နေ့စဉ်ပုံမှန်ဝင်ငွေရတဲ့အလုပ်တော့ မဟုတ်ဘူးလို့ သူကပြောပြပါတယ်။
“ ကျမ တရက်ကို (၄)ထောင်၊ (၅)ထောင် ရပါတယ်။ ပုံမှန်တော့ မရှိပါဘူး”

ဈေးထဲမှာ ကုန်ထမ်းတဲ့အလုပ်ကို စလုပ်ချိန်တုန်းက ဝင်ငွေကောင်းပေမယ့် အခုနောက်ပိုင်းမှာ အထမ်းသမတွေ များလာလို့ အရင်ကလို ဝင်ငွေမရတော့ဘူးလို့ သူမက ဆိုပါတယ်။

အထမ်းသမကြီး ပါ့နန်းသန်းဟာ အသက် (၆၀)နီးပါးရှိနေပေမယ့် အလုပ်လုပ်တဲ့နေရာမှာတော့ သွက်လက် ဖျတ်လတ်နေဆဲပါ။ ဒါပေမယ့်လည်း သိပ်လေးလံတဲ့ပစ္စည်းတွေကိုတော့ သူက မသယ်တော့ဘူးလို့ ပြောပါ တယ်။

“ ကျမက အသက်ကြီးလာပြီ။ ဒါကြောင့် အရမ်းလေးတဲ့ ပစ္စည်းတွေဆို မသယ်တော့ဘူး။ သူများကို ပေးလိုက် တယ်။ ဒီမှာက ကိုယ့်ဖောက်သည်နဲ့ကိုယ် ရှိပြီသားလေ”

ကျိုင်းတုံဈေးထဲမှာ အထမ်းသမားအလုပ်လုပ်ကိုင်လာခဲ့တာ နှစ်ကာလကြာမြင့်လာပြီဖြစ်ပေမယ့် အထမ်းသမ ဘဝကို စွန့်လွှတ်ဖို့ ခက်ခဲနေသေးတယ်လို့လည်း ပါ့နန်းသန်းက ပြောရှာပါတယ်။

“ ဒီအထမ်းမှ မလုပ်ရင် ဘာမှလုပ်စရာ မရှိဘူးလေ။ အလုပ်အကိုင်က ရှားတယ်”

အထမ်းသမအများစုဟာ ကျိုင်းတုံမြို့ရဲ့အပြင်ဘက် တောင်ပေါ်ကျေးရွာတွေမှာ နေထိုင်ကြတဲ့သူတွေဖြစ်ပြီး ကျိုင်းတုံဈေးကိုရောက်ဖို့ တနာရီခန့် လမ်းလျှောက်လာကြရတာမို့ မနက်မိုးမလင်းခင်ကတည်းက ရွာကထွက် လာကြရတယ်လို့ ပြောပါတယ်။

ကလေးရှိတဲ့ အထမ်းသမတွေကတော့ ကလေးတွေအတွက် ထမင်းဟင်းချက်ပြုတ်စီစဉ်ပေးပြီးမှသာ ထွက်လာ ကြရတာပါ။

“ မနက်အစောကြီး မိုးမလင်းခင်ထ၊ ကလေးတွေအတွက်နဲ့ ကျမဈေးထဲမှာစားဖို့၊ ထမင်းထုတ်ယူဖို့၊ ချက်ရ တယ်။ ပြီးမှဈေးထဲကိုလာရတယ်။ ဒီဈေးထဲရောက်ဖို့က တနာရီလောက် လမ်းလျှောက်ရပါတယ်”လို့ အသက် (၄၀) ကျော် အရွယ်ရှိတဲ့ အခြားအထမ်းသမတဦးဖြစ်တဲ့ နန်းလွတ်က ပြောပါတယ်။

နန်းလွတ်ကတော့ သားတယောက်၊ သမီးတယောက်ရှိပြီး၊ ကလေးတွေကလည်း ကျောင်းမတက်ရဘူးလို့ ပြော ပြပါတယ်။

“ ကုန်ဈေးနှုန်းတွေက အစစအရာရာ တက်လာတယ်။ ဒီလိုမှ မလုပ်ရင်လည်း မရဘူး။ စားဖို့က ရှိသေးတယ်” လို့ နန်းလွတ်က ဆိုပါတယ်။

ကျိုင်းတုံဈေးထဲမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးအထမ်းသမတွေဟာ အသက်(၂၀)ကျော်အရွယ်ကနေ အသက် (၆၀)ကျော်အရွယ်အထိ အရွယ်စုံရှိကြပါတယ်။

အသက်(၃၀)အရွယ် နန်းဆောင်ကတော့ “ ထမ်းတာက မိန်းကလေးတွေလုပ်တဲ့အလုပ်၊ ယောကျာ်းတွေက ဒါ မလုပ်ဘူး။ သူတို့က ပန်းရံတွေလုပ်တယ်” လို့ ရှမ်းစကားနဲ့ ပြုံးပြီးပြောပြပါတယ်။
အထမ်းသမဘဝဟာ ဝင်ငွေပုံမှန်မရပေမယ့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတယ်လို့ နန်းဆောင်က ဆိုပါတယ်။

“ ကျမတို့မှာ အလုပ်အကိုင်ရှားပါးတယ်။ ကျမတို့မှာ လယ်ယာလည်း မရှိဘူး။ ငွေကြေးရှာဖွေရတာ သိပ်ခက် တယ်” လို့ သူမက ဆက်လက်ပြောပြတာပါ။

ကျိုင်းတုံဈေးထဲက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတဦးကလည်း “ ကျမတို့ဆီမှာက အထမ်းသမားဆိုရင် မိန်းက လေးတွေ ပိုများတယ်။ သူတို့က စိတ်ချရတယ်။ သူတို့တွေ ဒီဈေးထဲမှာ လုပ်ကိုင်တာလည်း ကြာပြီ။ ပြဿနာ ဘာမှ မရှိဘူး” လို့ ပြောပြပါတယ်။

အမျိုးသမီးအထမ်းသမတွေကို ပစ္စည်းအလေးချိန်အပေါ် မူတည်ပြီး တခေါက်ကို (၂၀ဝ) ကျပ်ကနေ (၅၀ဝ) ကျပ်အထိ အခကြေးငွေပေးကြပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသက ကျေးရွာတွေမှာ နေထိုင်တဲ့ အမျိုးသမီးအများစုဟာ အစစအရာရာ နိမ့်ကျမှု၊ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရသလို ပညာသင်ကြားဖို့လည်း အလှမ်းဝေးနေဆဲပါလို့ ရှမ်းရှေ့ဒေသက အ မျိုးသမီးအခွင့်အရေးလှုပ်ရှားနေသူတွေက ဆိုကြပါတယ်။
“ ဒီဈေးမှာ အထမ်းဆိုရင် အများစုက မိန်းကလေးတွေပဲ။ ယောကျာ်းအထမ်းသမားက မရှိသလောက်ပါပဲ” လို့ လားဟူအမျိုးသမီးအဖွဲ့အစည်းမှ နာမီးသဲကလည်း ပြောပြပါတယ်။

အမျိုးသမီးအထမ်းသမားအများစုက ပညာရေး၊ လူမှုရေးနဲ့ အသိပညာ ဗဟုသုတတွေ အားနည်းကြပြီး အများစု က “လွိုင်”လို့ခေါ်တဲ့တောင်ပေါ်ဒေသတွေက လာကြတာပါလို့ နာမီးသဲက ပြောပါတယ်။

ကျိုင်းတုံမြို့နယ်နဲ့ ပါတ်ဝန်းကျင်ဒေသတွေမှာနေထိုင်တဲ့ အမျိုးသမီးအများစုဟာ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးဆိုင်ရာ ကျန်းမာရေး၊ အမျိုးသမီးများ တန်းတူညီမျှရေးဆိုတဲ့ စကားလုံးတွေကို နားလည်ဖို့ နေနေ သာသာ ကြားတောင်မကြားဖူးဘူးလို့လည်း သူတို့တွေက ဆိုကြပါတယ်။

တရက်လုပ် တရက်စားဘဝနဲ့ ရုန်းကန်နေရတဲ့အတွက် တခြားဗဟုသုတရှာဖွေဖို့အတွက်လည်း အချိန်မပေးနိုင် ကြပါဘူးလို့ ကျိုင်းတုံဈေးထဲက အထမ်းသမတွေက တညီတညွတ်တည်း ပြောဆိုကြပါတယ်။

” ထမ်းနိုင်သလောက်တော့ ထမ်းရဦးမယ်။ ထမ်းနိုင်သရွေ့တော့ ကိုယ့်ဟာကိုယ်ရှာစားရမှာဘဲ” လို့ အသက် (၆၀)ကျော် ပါ့နန်းသန်းတယောက် အားမလျော့ပဲ ပြောနေဆဲပါ။

နန်းဆိုင်နွမ်

(ဒီဆောင်းပါးကို HI (Honest Information) Website ( www.hiburma.net ) ကနေ ကူးယူဖော်ပြတာ ဖြစ်ပါတယ်။ HI (Honest Information) Website ( www.hiburma.net ) ကို မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။)

?bph6