နိုင်ငံတကာ ဖိအား၊ တရုတ်နှင့် အလဲအထပ်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်သွားပြီး သမ္မတ ရှီကျင့်ဖိန်နဲ့ တွေ့ပါလိမ့်မယ်။ သူ့ရဲ့ ခရီးစဉ်ဟာ နိုဝင်ဘာ ၃၀ ရက်ကနေ ဒီဇင်ဘာ ၂ ရက်အထိ ကြာမြင့် မယ်လို့ သိရပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သတိပြုစရာ တချို့ကို အခု ဆောင်းပါးမှာ ဖော်ပြပါမယ်။

● ပုဒ်မ ၂၃၂ ကို ကျော်လွန်ခြင်း ရှိ၊ မရှိ

အစိုးရ သတင်းစာရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ပေကျင်းမှာ လုပ်မယ့် “တရုတ် ကွန်မြူနစ် ပါတီနှင့် ပြည်ပ နိုင်ငံရေး ပါတီများ အကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရန်” တရုတ် အစိုးရရဲ့ ဖိတ်ကြား ချက်ကြောင့် ဒေါ်အောင်ဆန်း စုကြည် “အလုပ်သဘော ချစ်ကြည်ရေးခရီး” သွားမယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရ အဖွဲ့ ကိုယ်စားပြု အနေနဲ့လား၊ ပါတီ ဥက္ကဋ္ဌ အနေနဲ့ သွားတာလား ဆိုတဲ့ မေးခွန်း ရှိပါတယ်။ အစိုးရက ဒါကို ရှင်းရှင်းလင်းလင်း ထုတ်ပြန် ထားခြင်း မရှိပါဘူး။

တရုတ်မှာ လုပ်မယ့်ပွဲဟာ ပါတီတွေကို သီးခြား ဖိတ်ကြားတဲ့ ပွဲဖြစ်ပါတယ်။ အဲဒီပွဲ အတွက် မြန်မာနိုင်ငံက NLD နဲ့ USDP ပါတီနှစ်ခုကို ဖိတ်ပါတယ်။ USDP ကိုယ်စားပြု အဖြစ် ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး သွားပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ ဥက္ကဋ္ဌ အနေနဲ့ သွားသလား၊ အစိုးရ အဖွဲ့အနေနဲ့ သွားသလား မေးစရာ ဖြစ်တာပါ။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဋ) အရ ပြည်ထောင်စု ၀န်ကြီး တဦးဟာ နိုင်ငံရေး ပါတီ တခုခုရဲ့ အဖွဲ့ဝင် ဖြစ်တယ် ဆိုရင် ၀န်ကြီး တာဝန် ပေးအပ်ခံရချိန်က စပြီး သူ့ရဲ့ ရာထူး သက်တမ်း အတွင်း ပါတီ အဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေ ပါဝင် ဆောင်ရွက်ခြင်း မလုပ်ရလို့ တားမြစ်ထားပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံပြီး အဲဒီ ဥပဒေ အတိုင်း အစိုးရ တာဝန် ထမ်းဆောင် နေသူတွေ အဖို့ သတိပြုစရာ အချက် ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အထူး ဧည့်သည်တော် အဖြစ် (အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်တွင် ပါဝင်ခြင်းမရှိ) တရုတ် အစိုးရက ဖိတ်ကြားတယ် ဆိုတဲ့ သတင်း စကားတွေ ရှိတာကြောင့် အဲဒီအတိုင်း ဆိုရင် ပုဒ်မ ၂၃၂ (ဋ) နဲ့ ငြိစွန်းမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က “တရုတ် ကွန်မြူနစ် ပါတီနှင့် ပြည်ပ နိုင်ငံရေး ပါတီများ အကြား အဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲ ကာလအတွင်း နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်ရန် တရုတ်ကို သွားတယ်” ဆိုရင်လည်း ၀ိနည်း လွတ်နိုင်ပါသေးတယ်။ ဒီလိုမဟုတ်ဘဲ အစိုးရ သတင်းစာမှာ ဖော်ပြ ထားသလို (က) ပါတီအဆင့်မြင့် ခေါင်းဆောင်များ ဆွေးနွေးပွဲကိုလည်း တက်မယ် (ခ) နှစ်နိုင်ငံ ချစ်ကြည်ရေးခရီး တိုးမြှင့်ဖို့လည်း သွားတယ် ဆိုရင် ဒါဟာ တပြိုင်နက်တည်း ပါတီ အတွက်ရော၊ အစိုးရအတွက်ပါ လုပ်တယ်လို့ ယူဆစရာ ဖြစ်ပြီး အငြင်းပွားစရာ ရှိနိုင်ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့် ရုံမှတပါး အခြား မရှိပါဘူး။ အခု သွားမယ့် တရုတ် ခရီးစဉ်မှာ ပါတီရေးရာ ဆောင်ရွက်ချက်တွေ မလုပ်ရင် အကောင်းဆုံးပါပဲ။ ဒါက တချက်ပါ။

နောက်တချက် စဉ်းစားစရာက ရခိုင်အရေး၊ မြစ်ဆုံကိစ္စနဲ့ OBOR စင်္ကြန်လမ်းနဲ့ ပတ်သက် တာတွေပါ။

● နိုင်ငံတကာ ဖိအား စိုးရိမ်ရမှု

နိုဝင်ဘာ ၂၈ ရက်က မြန်မာ့ရုပ်မြင်သံကြား (MRTV) မှာ ထုတ်လွှင့်ခဲ့တဲ့ Sunday Talk အစီအစဉ်မှာ အစိုးရအဖွဲ့ရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်းရဲ့ ပြောကြားချက်တွေကို ကြည့်ရင် မြန်မာအပေါ် နိုင်ငံတကာရဲ့ ဖိအားက စိုးရိမ်ရေမှတ် ကျော်လွန်ပြီး အချုပ်အခြာ အာဏာအတွက် ခြိမ်းခြောက် ခံနေရပြီဆိုတာ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ သူ ပြောတာတွေကို အနှစ်ချုပ်ရင် –

(က) ရခိုင် ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီ အရေးဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ရောက်နေပြီး ICC (International Criminal Court) အဖြစ် အရေးယူလို့ ရအောင် တွန်းအား ပေးခံနေရတယ်။

(ခ) ဖြစ်နေတဲ့ အခြေအနေကို Ethnic Cleansing လို့ ပြောထားပြီး အဲဒီက တဆင့် နိုင်ငံတကာက ၀င်ရောက် ဖြေရှင်းခွင့်ရှိတဲ့ R2P (Responsibility to Protect) အန္တရာယ် ရှိနေပြီ။ R2P အတွက် အခြေအနေ သုံးရပ် (အ၀ါရောင်၊ လိမ္မော်ရောင်၊ အနီရောင်) ထဲက နောက်ဆုံး အဆိုးဆုံး ဖြစ်တဲ့ အနီရောင် အဆင့် သတ်မှတ် ခံထားရတယ်။

(ဂ) ဒါကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ (နိုင်ငံတကာက ၀င်လို့ မရအောင်) မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြေလည်အောင် ဖြေရှင်းမယ်။ နေရပ် စွန့်ခွာ သွားသူတွေ ပြန်လာဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ညှိမယ်။ မြန်မာနိုင်ငံမှာ နေခဲ့ဖူးရင် ပြန်ခေါ်မယ်။ စနစ်တကျ နေရာချမယ်။ နိုင်ငံသား ရသင့်၊ ရထိုက် သူတွေ ရဖို့ NVC ကတ်အရင် လုပ်မယ်။ နိုင်ငံသား ဖြစ်မှုကို ၁၉၈၂ ခုနှစ် နိုင်ငံသာ ဥပဒေနဲ့ အညီ ဆောင်ရွက်မယ်။

(ဃ) ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတဲ့ ကြေညာချက် အရ ရက် ၃၀ အတွင်း ပြန်လည် သုံးသပ်ရမယ် ဆိုတဲ့ အချက် ပါဝင်တယ်။ တိုးတက်မှု မရှိရင် အရေးယူ တဆင့် တက်လာမယ်။ အကယ်၍ အရေးယူမှု ဖြစ်လာရင် အနီရောင် အဆင့် သတ်မှတ်ထားတာကြောင့် R2P သုံးဖို့ ဖြစ်လာမယ်။ ဒါပေမဲ့ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံ (အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှ၊ တရုတ်) က ဗီတိုအာဏာ သုံးပြီး ဒါကို တားလို့ရတယ်။ ဒီငါးနိုင်ငံထဲက နိုင်ငံတနိုင်ငံက ဗီတိုအာဏာ သုံးရင် မြန်မာကို အရေးယူလို့ မရဘူး။

(င) လုံခြုံရေးကောင်စီမှာ မြန်မာဘက် ရပ်တည်နိုင်တာ ရုရှနဲ့ တရုတ် နှစ်နိုင်ငံပဲ ကျန်တယ်။ ဒီနိုင်ငံတွေက သူတို့ရဲ့ အမျိုးသား အကျိုးစီးပွား၊ သူတို့ နိုင်ငံ အကျိုးကို ကြည့်မှာ ဖြစ်တယ်။ မြန်မာဘက်က ရပ်တည်ပေးရင် ရပ်တည် ပေးနိုင်တယ်၊ ဒါပေမဲ့ အကြိမ်ကြိမ် ဆိုရင် သူတို့ အကျိုးအမြတ် အတွက် စဉ်းစားရတဲ့ အနေအထား ဖြစ်လာလိမ့်မယ်။

ဦးသောင်းထွန်းရဲ့ ပြောဆိုချက်တွေကို အခြေပြုပြီး စဉ်းစားရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်မှာ (ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌) မြန်မာဘက်က ရပ်ပေးဖို့ တရုတ်ကို တရားဝင် တောင်းဆိုတဲ့ အခြေအနေ တရပ် ရှိလာနိုင်ပါတယ်။

သမိုင်းကြောင်း အခြေအနေအရ ကြည့်ရင်လည်း (ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကာကွယ်ပေးမှု အတွက်) အလဲအထပ် ဆိုတာ ရှိလာနိုင်ပါတယ်။ တရုတ်နဲ့ ဖြစ်နိုင်ချေ အလဲ အထပ်ကို စဉ်းစားတဲ့အခါ နှစ်ခုတွေ့ပါတယ်။

● လမ်းမကြီး လေးသွယ်

ပထမ တခုက ကျောက်ဖြူ – ကူမင်း ရထားလမ်း၊ ကားလမ်း အခြေအနေနဲ OBOR (One Belt & One Road) အစိတ်အပိုင်း တခုဖြစ်တဲ့ (ကူမင်း – ကိုကတ္တား စင်္ကြန်လမ်း) တရုတ် – မြန်မာ – အိန္ဒိယ – ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ စီးပွားရေး စင်္ကြန်လမ်း (BCIM) ကိစ္စ ဖြစ်ပါတယ်။

အစောပိုင်းမှာ လျာထား ချက်တွေအရ OBOR ရဲ့ တစိတ်တပိုင်းအဖြစ် မြန်မာကို ဖြတ်မယ့် စင်္ကြန် လမ်းမှာ ကျောက်ဖြူကို ချိတ်ဆက် ထားတာ မတွေ့ရပါဘူး။ BCIM စင်္ကြန်လမ်းကိုပဲ အခြေပြု ထားပါတယ်။ ဒါပေမဲ့ ကျောက်ဖြူ – ကူမင်း ရေနံပိုက်လိုင်း မတိုင်ခင် ကတည်းက အဲဒီ လမ်းကြောင်း အတိုင်း ရထားလမ်း၊ ကားလမ်း ဖောက်လိုတဲ့ ဆန္ဒက တရုတ်မှာ ရှိထားပြီး ဖြစ်ပါတယ်။

ပုံစာ – တရုတ်အခြေစိုက် ကုမ္ပဏီတခုက ပြုလုပ်ထားသော မြန်မာနိုင်ငံဖြတ်ကျော် လမ်းမကြီးများပြ မြေပုံ (အဆိုပါ မြေပုံတွင် ကူမင်း- ရန်ကုန် လမ်းမကြီး ပါဝင်မှု မရှိသေးပေ)

အခု လောလောဆယ် ကျောက်ဖြူ – ကူမင်း ရေနံပိုက်လိုင်းဟာ ပြည်နယ်နှင့် တိုင်းလေးခုကို ခုတ်ပိုင်းထားပြီး ပိုက်လိုင်းအတွက် အမေရိကန်ဒေါ်လာ ၈၄ သန်း အကြွေး တင်နေတဲ့ အပြင် အတိုးနှုန်း အဖြစ် လေးရာခိုင်နှုန်း နှစ်စဉ် ပေးဆပ်နေရတယ်လို့ သိရပါတယ်။ အရင်း မကြေသေးတဲ့ အပြင် မြေသိမ်းမှု ပြဿနာတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ပြဿနာ တွေကိုလည်း မဖြေရှင်း ပေးနိုင်သေးပါဘူး။ (ဒေါက်တာကျော်သူ၊ ၂၀၁၇)

ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်ထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီး ၀မ်ယိတို့ တွေ့ဆုံချိန်မှာ မြန်မာ- တရုတ် စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက်မှု စင်္ကြန်တခု သဘောတူခဲ့ပါတယ်။ အရင်က ဒီလိုလုပ်ဖို့ ပြောရင်းစွဲ ရှိထားပြီး အခုချိန်မှာ လက်တွေ့ ဖြစ်လာပြီလို့ ဆိုနိုင်ပါတယ်။ အဲဒီ ပူးပေါင်း ဆောင်ရွက်မှု စင်္ကြန်လမ်းဟာ မန္တလေးကို ဖြတ်ပြီး အရှေ့ဘက် ရန်ကုန် အထိ၊ အနောက်ဘက် ကျောက်ဖြူအထိ ရောက်မယ်လို့ ဆိုပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ မြန်မာနိုင်ငံကို ဖြတ်မယ့် လမ်းမကြီး လေးသွယ် လုပ်ဖို့ စဉ်းစားသလား တွေးစရာ ဖြစ်ပါတယ်။ ပထမ တခုက OBOR လျာထားချက်ရဲ့ မူလ စင်္ကြန်လမ်း (ကူမင်း – မန္တလေး – ကိုကတ္တား) ဖြစ်ပါတယ်၊ ဒုတိယက ကူမင်း – ရန်ကုန် (ကူမင်း – မူဆယ် – မန္တလေး – ရန်ကုန်)၊ တတိယက ကူမင်း – ကျောက်ဖြူ (ကူမင်း – မူတယ် – မန္တလေး – ကျောက်ဖြူ) တို့ အပြင် လီဒိုလမ်းမကိုလည်း တရုတ်က လိုချင်နေပါတယ်။ လီဒိုလမ်းမ ကိစ္စမှာတော့ အိန္ဒိယဘက်က တက်ကြွမှု မရှိတာကြောင့် နှောင့်နှေးမှု ရှိနိုင်ပါတယ်။

အကယ်၍ လမ်းမ လေးသွယ်လုံး ပြီးစီးခဲ့ရင်တော့ တရုတ်က ဖြာထွက်လာမယ့် လမ်းမကြီးတွေဟာ မြန်မာနိုင်ငံကို ငါးပိုင်းပိုင်း စိတ်ဖြာထားတဲ့ ကွန်ရက်ကြီးတခု ဖြစ်လာ ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ် ခရီးစဉ်မှာ ကျောက်ဖြူ – ကူမင်း ရထားလမ်း၊ ကားလမ်း ကိစ္စ ဆိုတာထက် ၀မ်ယိနဲ့ တွေ့ချိန်က သဘော တူထားတယ် ဆိုတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု စင်္ကြန်လမ်း ကိစ္စ၊ ဒါနဲ့ ဆက်စပ်တဲ့ စီမံကိန်းကိစ္စတွေကို အပြီးသတ် ဆွေးနွေးတာ၊ လက်မှတ် ထိုးထားတာတွေ လုပ်မယ် ထင်ပါတယ်။ ဒီနေရာ သတိထား ကြည့်ရမှာတွေ ရှိပါတယ်။

မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်မှုက မဖြစ်မနေ လိုအပ်ပါတယ်။ တရုတ်နဲ့ လုပ်တဲ့ စီမံကိန်းတွေဟာ တရုတ်က ထုတ်ပေးတဲ့ ချေးငွေနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်တဲ့ ပုံစပါ။ အချိန်တန်ရင် တရုတ်ကို ပြန် ပေးရမှာပါပဲ။ ဒီအခါ တရုတ် အကြွေးနွံအောက် လိုတာထက် ပို နစ် မသွားအောင် ဘယ်လို ကြံဆောင်မလဲ၊ အရေးကြီးမယ် ထင်ပါတယ်။

ကိုယ့်နိုင်ငံအတွက် အချုပ်အခြာ အာဏာကို ကာကွယ်ရင်းနဲ့ တရုတ်ရဲ့ လွှမ်းမိုးမှုအောက်၊ အချုပ်အခြာ အာဏာ ပျောက်ဆုံးမှာကို ဘယ်သူမှ လိုချင်မယ် မထင်ပါဘူး။

● မြစ်ဆုံအရေး

နောက်ထပ် အရေးကြီးတဲ့ တခုက မြစ်ဆုံဆည်ကိစ္စ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် ကချင်ပြည်နယ်ကို သွားခဲ့တဲ့ မဲဆွယ် စည်းရုံးရေး ခရီးစဉ်တခုမှာ (အကယ်၍ NLD ပါတီ အစိုးရ ဖြစ်ခဲ့ရင်) မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်ပြီး အစိုးရနဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေ ဘယ်လို သဘောတူထားသလဲ ဆိုတာ ပြည်သူကို ချပြမယ်လို့ ပြောခဲ့ပါတယ်။ အခုထိတော့ ဖြစ်မလာသေးပါဘူး။

ရွေးကောက်ပွဲ အနိုင်ရပြီးလို့ အစိုးရဖွဲ့ပြီးချိန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံမှုအပြီး လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြစ်ဆုံ စီမံကိန်း စာချုပ်ကို သူ မဖတ်ရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ဧရာဝတီ – မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအား လျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်ဖွဲ့ခဲ့ပါတယ်။ ဒီကော်မရှင်က မြစ်ဆုံ ဆည် စီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့် အဖြေပေးလိမ့်မယ်လို့ ပြည်သူတွေက နားလည်ထားပါတယ်။ ကော်မရှင်ရဲ့ပထမ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ သမ္မတထံ တင်ပြခဲ့ပေမယ့် အစီရင်ခံစာမှာ ပါဝင်တဲ့ အချက်အလက် အသေးစိတ်ကို ပြည်သူတွေ သိခွင့် မရသေးပါဘူး။ ဒီအတိုင်းပဲ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာလည်း ထွက်မလာ သေးပါဘူး။

အစိုးရ ဖြစ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ ခရီးစဉ်တွေမှာ မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ပြန်လုပ်ချင်တဲ့ တရုတ်ဘက်က ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒီပြောဆိုမှုတွေကို တုန့်ပြန်ရာမှာ မြစ်ဆုံ စီမံကိန်းအတွက် ဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို စောင့်ဆိုင်းဖို့ မြန်မာဘက်က အကြောင်းပြ နိုင်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ အဲဒီ အကြောင်းပြချက်ဟာ ခိုင်လုံတဲ့ အခြေအနေမှာ မရှိနိုင်တော့ပါဘူး။

NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ တဦး ကျနော့ကို ပြောခဲ့တဲ့ သတင်းအချက်အလက် တချို့အရ ဒီတကြိမ် တရုတ်ခရီးစဉ်မှာ မြစ်ဆုံ စီမံကိန်းအတွက် “တစုံတခုသော ပြတ်သားတဲ့ အဖြေ ပေးရမယ့် အခြေအနေ” ရှိတယ်လို့ သိရပါတယ်။ တဖက်မှာလည်း မြစ်ဆုံစီမံကိန်း ကိစ္စ မပြီးပြတ်သေးဘူး၊ အခုအတိုင်း ရပ်တန့် aနဦးမယ်ဆိုရင် မြန်မာမှာ လုပ်မယ့် စီမံကိန်းတွေ အတွက် ငွေထုတ် ချေးမှာ မဟုတ်ဘူးလို့ တရုတ်အစိုးရပိုင် EXIM ဘဏ်က တရုတ် လုပ်ငန်းရှင်တွေကို သတိပေးထားကြောင်း သတင်းစကားတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ကို သွားခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်တဲ့ တရားဝင် သတင်းထုတ်ပြန်ချက် တခုမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ” ယခု ခရီးစဉ်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုများကို လေ့လာခွင့် ရရှိခဲ့ပြီး ကမ္ဘာ့ အံ့ဖွယ်စာရင်းဝင် Three Gorges Dam ကို လေ့လာခဲ့ရာတွင် အခက်အခဲပေါင်း များစွာကို ကျော်လွှား ဆောင်ရွက်နိုင်ခဲ့သည့် တရုတ် ခေါင်းဆောင်ကြီးများ၏ အမြော်အမြင် ကြီးမားမှု၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေကြီးရေလျှံမှု သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အတွက် ယခုအခါ ပြည်သူ လူထု ကောင်းစွာ အကျိုး ခံစားနေရမှု၊ တရုတ် ပညာရှင်များ၏ အင်ဂျင်နီယာ အတတ် ပညာတို့ကို မျက်မြင် ကိုယ်တွေ့သိရှိခွင့်ရသဖြင့် များစွာ အကျိုးရှိပါကြောင်း” ပြောခဲ့တယ်ဆိုတဲ့ အချက်တခု တွေ့ပါတယ်။ဒါဟာ မြစ်ဆုံအတွက် စိုးရိမ်မယ်ဆို စိုးရိမ်ရတဲ့ အချက်တခု ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ် ခရီးစဉ်ဟာ ပြီးခဲ့တဲ့ USDP အစိုးရ လက်ထက် ငါးနှစ်တာ ကာလအတွင်း မြန်မာ – တရုတ် ဆက်ဆံရေး (အလှည့် အပြောင်း) ကန့်လန့်ကာတခု တခန်း ရပ်ပြီလားလို့ ယူဆနိုင်တာ ရှိပါတယ်။ USPD အစိုးရ လက်ထက်မှာ တပ်မတော်ဟာ (ယခင် တပ်မတော် အစိုးရနှင့် မတူအောင်) တရုတ်ကို အဓိကထား ဆက်ဆံနေရတဲ့ အနေအထားကနေ ခွာပြီး နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ် ချဲ့ထွင် ခဲ့ပါတယ်။ အခုတော့ တရုတ်ကို ဗဟိုထားပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်မယ့် အခြေအနေ ရှိပါတယ်။

● မြန်မာအခက် တရုတ်အချက် မဖြစ်စေဖို့

ဘာပဲ ဖြစ်ဖြစ် အခုလို နိုင်ငံတကာ ဖိအား စိုးရိမ်စရာ ကောင်းတဲ့ အချိန် တရုတ်ကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခြင်းဟာ မြန်မာအတွက် အကောင်းအဆိုး ရောထွေး နေတယ်လို့ပဲ ယူဆရမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာ အခက်မတွေ့ရအောင် တရုတ်က ကူညီပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ ကူညီမှုဟာ မူအရမဟုတ်ဘဲ သူ့နိုင်ငံ အကျိုးစီးပွားအတွက် ဖြစ်မယ်ဆိုရင် မြန်မာဘက်က ပြန်ပေးရမယ့် အရာ ရှိလာတော့မှာပါ။ တရုတ်ယဉ်ကျေးမှု ဓလေ့အရလည်း တခုခု ပေးလိုက်ပြီ ဆိုရင် တဖက်ကလည်း သူတို့ကို တခုခု ပြန်ပေးရန် ၀တ္တရားရှိတယ် ဆိုတဲ့ အယူုအဆမျိုး ရှိပါတယ်။ ဒီအချိန်မှာ မြန်မာ့ အကျိုးစီးပွားအတွက် မြန်မာတွေ သတိကြီးကြီး ထားရုံမှတပါး အခြားနည်းလမ်း မရှိပါဘူး။

အထူးသဖြင့် ကိုယ့်ရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ရင်းက တရုတ်ရဲ့ လွှမ်းမိုးမှုအောက်၊ သူများ နှားခေါင်းပေါက်နဲ့ အသက်ရှုရတဲ့ ဘ၀မျိုး မရောက်အောင် နိုင်ငံခေါင်းဆောင်များက အမြော်အမြင် ရှိရှိ ကိုင်တွယ် သင့်တယ်လို့ မြင်ပါတယ်။

ပုံစာ – တရုတ်အခြေစိုက် ကုမ္ပဏီတခုက ပြုလုပ်ထားသော မြန်မာနိုင်ငံဖြတ်ကျော် လမ်းမကြီးများပြ မြေပုံ (အဆိုပါ မြေပုံတွင် ကူမင်း- ရန်ကုန် လမ်းမကြီး ပါဝင်မှု မရှိသေးပေ)

(ယခု ဆောင်းပါးကို နိုဝင်ဘာ ၂၉ ရက်ထုတ် The Speaker သတင်းဂျာနယ် အတွဲ -၂ ၊ အမှတ် – ၂ မှာ ဖော်ပြခဲ့သည်။ အဆိုပါ ဆောင်းပါးကိုပင် ဆောင်းပါးရှင်က အချက်အလက်အချို့ ဖြည့်စွက်ပြီး သူ၏ Facebook စာမျက်နှာတွင် နိုဝင်ဘာ ၃၀ ရက်က ဖော်ပြထားသည်ကို ဆောင်းပါးရှင်၏ ခွင့်ပြုချက်ဖြင့် MCN က ရယူဖော်ပြခြင်း ဖြစ်ပါသည်)

adv_banner