လူမျိုးသုဉ်း ရှင်းလင်းမှု စွပ်စွဲချက်ကို လူ့အခွင့်အရေး ပါမောက္ခ လက်မခံ

ကနေဒါနိုင်ငံရှိ ယော့ခ် တက္ကသိုလ်က လူ့အခွင့်အရေး ပါမောက္ခ မာလေ ဂျက်ကော့ဘ်က မြန်မာနိုင်ငံမှာ မွတ်စလင်တွေအပေါ် လူမျိုးသုဉ်း ရှင်းလင်းမှုတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။

ပါမောက္ခ မာလေဟာ အသက် ၁၈ နှစ် အရွယ်မှာ မြန်မာနိုင်ငံက ထွက်ခွာခဲ့သူ ဖြစ်ပြီး အခု လက်ရှိ ယော့ခ် တက္ကသိုလ်မှာ တန်းတူညီမျှရေး လေ့လာမှုဌာနမှာ သင်ကြားပို့ချနေတဲ့ ဆရာမတစ်ဦး ဖြစ်ပါတယ်။ သူ အထူးပြု သင်ကြားတဲ့ ဘာသာရပ်တွေကတော့ လူတန်းစား ညီမျှရေး၊ လူ့အခွင့်အရေး ဘာသာရပ်တွေ ပါဝင်ပါတယ်။

ပါမောက္ခ မာလေဟာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တွေရဲ့ မြန်မာနိုင်ငံအပေါ် စွပ်စွဲမှုတွေကို တုံ့ပြန်ချေပရာမှာ ကျော်ကြားသူလည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂမှာ အကျင့်ပျက် ခြစားမှုတွေရှိနေတယ်လို့လည်း ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားခဲ့ပါသေးတယ်။

မြန်မာ တပ်မတော်ရဲ့ လုပ်ရပ်တွေဟာ ရက်စက်တယ်လို့ နိုင်ငံတကာက စွပ်စွဲမှုအပေါ် ပါမောက္ခ မာလေက

“ဟုတ်တယ်၊ မြန်မာ စစ်တပ် ရက်စက်တယ်ဆိုတာ အီရတ်မှာ အမေရိကန် ပြုမှုသလိုပေါ့၊ အနောက်တိုင်းသားတွေဟာ

သူတော်ကောင်းယောင် ဆောင်ကြတယ်”

လို့ တုံ့ပြန်ခဲ့ပါတယ်။

“လိုအပ်တဲ့ အထောက်အထားတွေ မပါဘဲ ပေါ့ပေါ့လေး ရေးထားတဲ့ စာတမ်း အများကြီးနဲ့ အလုပ်မလုပ်ဘူး၊ ရိုဟင်ဂျာတွေဟာ လူမဆန်စွာ မျိုးတုံး ရှင်းလင်းခံနေရတဲ့အကြောင်း ရေးထားတဲ့ ကျွန်တော်တို့ရဲ့ စာတမ်းအပေါ် လုံးဝ ယုံကြည်မှု ရှိတယ်” လို့ ကနေဒါ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အတွင်းရေးမှူး အဲလက်စ် နိဗ်က ပါမောက္ခ မာလေကို တုံ့ပြန်ပါတယ်။

ယော့ခ်က လုပ်တဲ့ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေး ပရိုဂရမ်တွေမှာ ဦးဆောင်ခဲ့တော့ ဒီလို အဓမ္မကျင့်မှုတို့၊ ဖိနှိပ်မှုတို့ဆိုတဲ့ စကားလုံးတွေအပေါ် သံသယဖြစ်စရာတွေ ရှိတယ်လို့ ပါမောက္ခ မာလေက ရေးပါတယ်။
ပါမောက္ခ မာလေရဲ့ သုံးသပ်ချက်တွေ အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အပြင်းအထန် ဝေဖန်မှုတွေ ရှိပါတယ်။

လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့ စကားရပ်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေက အသုံးပြုနေတဲ့ အပေါ်မှာလည်း ပါမောက္ခ မာလေက မေးခွန်းထုတ်ခဲ့ပါတယ်။ “ကျွန်မက ပညာရှင်ဆိုတော့ ရရှိတဲ့ အထောက်အထားတွေနဲ့ သုံးစွဲတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်အပေါ် မေးခွန်းထုတ်ရပါမယ်” လို့ သူက ပြောပါတယ်။
“လူ ၅ သိန်း နယ်စပ်ဖြတ်ကျော် ထွက်ပြေးတယ်၊ ဟုတ်တယ်။ မြန်မာနိုင်ငံက မွတ်စလင်တွေ အားလုံး ထွက်ပြေးကြတာလား၊ မဟုတ်ဘူး။ အဲဒီတော့ လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတာ ဘယ်လို ဖြစ်နိုင်သလဲ” လို့ ပါမောက္ခ မာလေက မေးခွန်းထုတ်ပါတယ်။

ပါမောက္ခ မာလေရဲ့ ပြောကြားချက်တွေဟာ သူ့အမြင်သူ့အတွေးသာ ဖြစ်တယ်လို့ သူ့ရဲ့ ယော့ခ် တက္ကသိုလ် တာဝန်ရှိသူတွေကတော့ ကြေညာထားပါတယ်။

ပါမောက္ခ မာလေရဲ့ သုံးသပ်မှုတွေအပေါ် နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ပညာရှင်တွေက ဝေဖန်နေကြပေမယ့် ယော့ခ် တက္ကသိုလ်ကတော့ “ပညာရပ်ဆိုင်ရာ လွတ်လပ်မှုနဲ့ မတူကွဲပြားတဲ့ အမြင်အပေါ် တန်ဖိုးထားတတ်တဲ့ တက္ကသိုလ် အသိုင်းအဝိုင်း အစဉ်အလာကို ထိန်းတဲ့အတွက် ပါမောက္ခ မာလေမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရှိတယ်” လို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ကနောင်ဖြူ

adv_banner