?bph6

Place your ads here!

ပြောင်းလဲပြီး ချိန်တန်ပြီ

ပြီးခဲ့တဲ့ရက်က ပြန်ကြားရေးဝန်ကြီးကနေ မီဒီယာတစ်ချို့နဲ့ လှူပ်ရှားတက်ကြွသူ တစ်ချို့ကိုဖိတ်ပြီး ဆွေးနွေးပွဲလုပ်တဲ့ သတင်းကြားရတယ်။

ထွက်လာတဲ့ သတင်းတွေအရ ရခိုင်နယ်ထဲက ဖြစ်ရပ်တွေမှာ နိုင်ငံတကာမီဒီယာတွေရဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးအကြံယူတာလို့ဆိုတယ်။

ကောင်းပေမဲ့ အတော်နောက်ကျနေတဲ့ ဆွေးနွေးပွဲလို့ပဲ မြင်မိပေမဲ့ ဒီလိုလေး လုပ်ရမယ်ဆိုတဲ့ အသိလေးရှိတယ်ဆိုတာကိုတော့ ချီးကျူးအသိအမှတ်ပြုရပါမယ်။

အဲဒီဆွေးနွေးပွဲ အပြည့်အစုံနဲ့ ဆွေးနွေးပွဲကနေ နောက်တဆင့် ဘာတွေလုပ်မယ်ဆိုတာတော့ သေချာမသိဘူး။

ဒါပေမဲ့ ဘေးကနေ မြင်တဲ့အမြင်အရဆိုရင် ဒီအချိန်ဟာ ပြန်ကြားရေးဝန်ကြီးဌာန ဖွဲ့စည်းပုံနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်သူ့ဝန်ဆောင်မူ ဌာနတစ်ခုအဖြစ် အလုံးစုံမဟုတ်တောင် သတင်းဌာနကိုတော့ ပြောင်းလဲဖို့ အကောင်းဆုံးအချိန်လို့မြင်တယ်။

ဘာလို့လဲ?

ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က သတင်းမီဒီယာတွေကို ခေါ်တွေ့ အကြံယူရပြီဆိုကတည်းက ပြန်ဝန်ဌာနဟာ မိုးထဲလေထဲမှာ သတင်းတွေ သတင်းမှတ်တမ်းတွေနဲ့ ပတ်သက်ရင် သူ့အားသူကိုးပြီး နိုင်ငံတကာနဲ့ ယှဉ် မရပ်နိုင်တော့ဘူးဆိုတာ ၀န်ခံလိုက်တဲ့ သဘောလို့မြင်မိလို့ပါ။

ရခို်င်နယ်ထဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေက တဖက်သတ်လွမ်းမိုးထားချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သူ့လက်အောက်က မီဒီယာတွေဟာ ပီပီပြင်ပြင် တုန့်ပြန်ချေပတာ ဒါမှမဟုတ် နိုင်ငံတကာကနေ Balanced View မျှတတဲ့ သုံးသပ်ချက်ဖြစ်လာအောင် တင်ပြနိုင်တာ တစ်ခုမှ မတွေ့မိသလောက်ပါပဲ။ (၂၄ နာရီ ထိုင်မကြည့်ဖြစ်လို့ မတွေ့မိတာလဲဖြစ်နိုင်ပါတယ်)။

ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ခံ မီဒီယာတွေဟာ မီဒီယာရဲ့ သဘောသဘာဝကို နားမလည်သလို သတင်းဆိုတဲ့ ထိရောက်တဲ့ လက်နက်ကြီးကို ကောင်း
ကောင်းအသုံးမချတတ်ဘူး ဆိုတာကိုလဲ ရခိုင်ဖြစ်ရပ်က အထင်အရှား သက်သေပြလိုက်တာလို့လဲ ပြောနိုင်တယ်။

ဒါကလဲ ဒီဌာနကြီးကို တသွေးတသံ တမိန့်စနစ်နဲ့ သမရိုးကျ ၀န်ထမ်းဖွဲ့စည်းပုံမျိုး တည်ဆောက်ခဲ့တဲ့ အကျိုးဆက်ကြောင့်လဲ ဖြစ်နိုင်ပါတယ်။

လစာလဲမကောင်း ခံစားခွင့်လဲ မရှိ၊ အမှားရှိရင် ထိပ်ဆုံးက ခံရမယ်ဆိုတဲ့ အနေအထားမျိုးနဲ့ ဖြစ်တည်လာခဲ့ရတဲ့ ဆိုးကျိုးလဲဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲပြောပြော ကိုယ်တိုင်နားမလည် ဘယ်လိုပြောင်းလဲ အသုံးချရမှန်း မသိဘူးဆိုရင်တော့ ဒီဌာနကြီးကို နားလည်တတ်ကျွမ်းသူတွေလက်ထဲ ထဲ့ဖို့ လိုနေပြီလို့ပဲ ပြောရပါမယ်။

ပြည်သူ့ဝန်ဆောင်မူဆိုတာဟာ အလွယ်ကူဆုံး ပြောရရင်တိကျတဲ့ ဥပဒေတွေသတ်မှတ်ပြီး နားလည်တတ်ကျွမ်းတဲ့ နိုင်ငံသား စစ်စစ်တွေလက်ထဲ ထဲ့ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

တစ်စုံလုံး မအပ်ရင်တောင် သတင်းဌာနကြီးကိုတော့ အပ်ရဲတဲ့သတ္တိရှိဖို့လိုပါမယ်။

ရခိုင်အရေးမှာ နိုင်ငံတကာ ပရိတ်သတ်က Balanced View မျှတတဲ့ အမြင်ရဖို့ အင်္ဂလိပ်လို ထုတ်ဝေတဲ့ (လက်ချိုးရေလို့ရတဲ့) မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိက မီဒီယာ သေးသေးလေးတွေကိုပဲ အားကိုးခဲ့ရတာ အထင်အရှားပါ။

အဲဒီ မီဒီယာအသေးလေးတွေကလဲ ငွေကြေးလုပ်ပိုင်ခွင့် အကန့်အသတ်နဲ့မို့ တပတ်နေမှ ၁ ပုဒ်ကောင်းတက်ဖို့ ခပ်ခက်ခက်ပါ။

တကယ်လို့သာ သူတို့သာ နိုင်ငံတော်ပိုင်ပုံနှိပ်မီဒီယာလို ဓနအင်အားနဲ့ လုပ်ပို်င်ခွင့်ရှိခဲ့မယ်ဆိုရင် အခြေအနေဟာ ပြောင်းသွားနိုင်ပါတယ်။

အလားတူပါပဲ။ နိုင်ငံတော်ပိုင်ရုပ်သံမီဒီယာတွေကို ကြည့်ရင်လဲ ဒီအတိုင်းပဲ တွေ့ရမှာပါ။

အချိန်နဲ့တပြေးညီ သတင်းတွေ မှတ်တမ်းတွေ အင်တာဗျူးတွေ ထုတ်လွင့်နိုင်ခဲ့တာက ကြိုးနီစနစ်ကင်းတဲ့ အွန်လိုင်းရုပ်သံလေးတွေ နိုင်ငံတော်ပို်င်ရုပ်သံအတွက် Outside Contributor လိုမျိုး အပြင်ကနေ ပံ့ပိုးပေးရတဲ့ သတင်းဦးစားပေးမီဒီယာအသေးလေးတွေပါ။

ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားသားပိုင်၊ နိုင်ငံခြားအစိုးရလက်အောက်ခံ မီဒီယာတွေ ရုပ်သံတွေကတော့ သူ့ဓနအင်အားနဲ့ သူမို့ ထူးထူခြားခြားပြောစရာမလိုပေမဲ့ နိုင်ငံသားစစ်စစ်ပိုင် အွန်လိုင်းရုပ်သံလေးတွေ နိင်ငံတော်ပိုင်ရုပ်သံအတွက် Outside Contributors လိုမျိုးအပြင်ကနေ ပံ့ပိုးပေးနေရတဲ့ နိုင်ငံသားစစ်စစ်ပိုင် သတင်းဦးစားပေး မီဒီယာအသေးလေးတွေကို ဒီအချိန်မှာ မြေတောင်မြှောက်ပေးဖို့ အချိန်ကောင်းပါ။

ဒီမီဒီယာလေးတွေဟာ (ရုပ်သံလုပ်ငန်း လုပ်ခွင့်ရပြီဆိုတဲ့ ရုပ်သံဌာနအသစ် ၅ လိုင်းလို) ဒေါ်လာသန်းချီမတတ်နိုင်ကြပေမဲ့ မီဒီယာနဲ့ သတင်းအတတ်ပညာ ၀ါသနာမှာ ခေသူတွေမဟုတ်ကြပါဘူး။

အလားတူ နယ်ပယ်ဒေသ အသီးသီးမှာ သူ့နည်းသူ့ဟန်နဲ့ ရပ်တည်ရုန်းကန်နေရတဲ့ (Local Media) ဒေသဆိုင်ရာ ပုံနှိပ်မီဒီယာလေးတွေ ဖျော်ဖြေရေးအွန်လိုင်းမီဒီယာလေးတွေရဲ့ အရည်အချင်းတွေကလဲ လျှော့တွက်လို့မရအောင် မြင့်မားပါတယ်။

သူ့နည်းသူ့ဟန်နဲ့ရုန်းကန်နေရတဲ့အဲဒီလို ဒေသဆိုင်ရာ ပုံနှိပ်နဲ့ အွန်လိုင်းမီဒီယာတွေကို နိုင်ငံတော်စီမန်ကိန်းတစ်ခုလို မြေတောင်မြှောက်ကူညီပေးဖို့ အချိန်ရောက်နေပါပြီ။

သူတို့လေးတွေကို နိုင်ငံတော်ပိုင် မီဒီယာရေစီးကြောင်းထဲကို ဆွဲသွင်းယူဖို့ တနည်းအားဖြင့် ပြည်သူဝန်ဆောင်မူ လုပ်ငန်းအသွင်ပြောင်းရာမှာ အဓိကအခန်းကဏ္ဍမှာ ရှိနေနိုင်တဲ့ သူတို့အားကို ယူဖို့ သူတို့အရည်အချင်းတွေကို အသုံးချဖို့ ဒီအချိန်ဟာ အကောင်းဆုံးအချိန်လို့ မြင်ပါတယ်။

မိုးအေး

adv_banner