?bph6

Place your ads here!

ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု စာရင်း တင်သွင်းမယ့် မြန်မာ့အမွေအနှစ်များ

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်သလို အရှေ့တောင်အာရှရဲ့ ဒေသတွင်းသမိုင်းကို ဆက်စပ်ပေးနိုင်မယ့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားတွေ ရှိတဲ့နေရာများ အများအပြား တည်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒီလို များပြားလှတဲ့ အမွေအနှစ် ဒေသတွေရှိတဲ့ အထဲမှာမှ ပုဂံဒေသဟာ ကမ္ဘာမှာ ကျော်ကြားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပုဂံဒေသကို အခုအချိန်ထိ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ထည့်သွင်းနိုင်ခြင်း မရှိသေးပါဘူး။

လာမယ့် ၂၀၁၇-၂၀၁၈ အတွင်းမှာတော့ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း (World Heritage List) အဖြစ် ထည့်သွင်းနိုင်ရေးအတွက် ရှေးဟောင်းသုတေသန ဦးစီးဌာနက အဆိုပြု တင်သွင်းနေပြီဖြစ်ပါတယ်။

လာမယ့် ၂၀၁၇-၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံကနေ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို – UNESCO) သို့ ကမ္ဘာ့အမွေအနှစ် စာရင်းအဖြစ် တင်သွင်းမယ့် အရာတွေကတော့-

 

ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် (World Cultural Heritage) အဖြစ် ပုဂံဒေသကို တင်သွင်းမှာဖြစ်ပြီး

ကမ္ဘာ့ သဘာဝအမွေအနှစ် (World Natural Heritage) အဖြစ် ခါကာဘိုရာဇီ ဒေသကို

အမည်စာရင်းတင်သွင်းမှာ ဖြစ်ပါတယ်။

 

ပုဂံနဲ့ ခါကာဘိုရာဇီ ဒေသတွေကို တင်သွင်းတဲ့ ကိစ္စတွေပြီးရင်တော့ ရခိုင် တိုင်းရင်းသားတို့ရဲ့ အမွေအနှစ်ဖြစ်တဲ့ မြောက်ဦး ယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် တင်သွင်းမှာဖြစ်သလို ပုပ္ပါးတောင်ဒေသ အတွက်ကတော့ ကမ္ဘာ့ယဉ်ကျေးမှု နဲ့ သဘာဝအမွေအနှစ် နှစ်ခုစလုံး ပေါင်းစပ်ထားတဲ့ (Mixed Heritage) အဖြစ် ၂၀၂၀ ပြည့်နှစ်မှာ ယူနက်စကိုသို့ တင်သွင်းဖို့လည်း ရှိနေပါတယ်။

 

အလားတူ မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကြီးကိုလည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် လည်းကောင်း၊ လူသားဖြစ်တည်မှုသမိုင်းနဲ့ လူ့ယဉ်ကျေးမှု (Human Evolution and Civilization) ဖြစ်စဉ် အတွက် အရေးပါလှတဲ့ ပုံတောင် ပုံညာဒေသကို Mixed Heritage အဖြစ် တင်သွင်းနိုင်ရေးအတွက် ပဏာမ စာရင်းတင်သွင်းခြင်း (Tentative List) အဖြစ် တင်သွင်းဖို့ အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။

ယူနက်စ်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ သဘောတူညီချက် (World Heritage Convention) ကို ၁၉၇၂ ခုနှစ်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံက ၁၉၉၄ ခုနှစ်မှာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရှေးဟောင်းယဉ်ကျေးမှု နေရာဒေသနဲ့ သမိုင်းတန်ဖိုးတွေ ပေါများလှတဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် စာရင်းသွင်းခြင်းခံရတဲ့ တစ်ခုတည်းသော နေရာဒေသကတော့ ပျူမြို့ဟောင်းများဖြစ်တဲ့ ဗိဿနိုး၊ သရေခေတ္တရာနဲ့ ဟန်လင်းတို့ဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ ကျင်းပတဲ့ (၃၈) ကြိမ်မြောက် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

adv_banner