?bph6

Place your ads here!

ဒုက္ခသည်တွေ ပြန်လက်ခံရေးနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၁၉၉၃ သဘောတူညီချက်

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်နေ့က ပြောသွားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စိစစ်မှုလုပ်ငန်းစဉ်ကို အချိန်မရွေး စတင်မယ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ရရှိထားတဲ့ ၁၉၉၃ သဘောတူညီချက်တွေကို တိကျစွာလိုက်နာပြီး လက်ခံမယ်လို့ ပြောသွားပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက “မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။

 

ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း

စိစစ်မှုလုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ကျွန်မတို့ ပြင်ဆင်ထားပါတယ်။

နှစ်နိုင်ငံအကြားမှာ ရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မူတည်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နိုင်ငံသားစိစစ်ရေး

လုပ်ငန်းစဉ်တစ်ခု ထူထောင်ထားပြီး ဖြစ်ပါတယ်။

 

အဲဒီအပေါ်မူတည်ပြီး မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ ကျွန်မတို့ အဆင်သင့်ရှိပါတယ်။ အဲဒီအချိန်က သဘောတူညီထားတဲ့ သတ်မှတ်ချက်များကို တိကျစွာ လိုက်နာမှာ ဖြစ်ပါတယ်” ဆိုတာပါ။

ဆက်လက်ပြီး “အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် (ဦးသောင်းထွန်း) ပြောကြားထားတဲ့အတိုင်း ကျွန်မတို့အနေနဲ့ အဆိုပါ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ မြန်မာနိုင်ငံမှ ဒုက္ခသည်လို့ ဆန်းစစ် အတည်ပြုနိုင်တဲ့သူတွေ အားလုံးကို ပြန်လည်လက်ခံဖို့ အသင့်ရှိပါတယ်။ လုံခြုံရေး နဲ့ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ လက်ခံရရှိနိုင်ရေး အတွက်လည်း အာမခံပါတယ်” လို့ ပြောသွားပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တဲ့ သြဂုတ် ၂၅ ရက်နေ့က စပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ မွတ်စလင် ဒုက္ခသည် ၄ သိန်း ၁ သောင်းရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ရိုဟင်ဂျာလို့ အမည်ခံထားတဲ့ အဲဒီ မွတ်စလင်တွေကို ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာက ဖိအားပေးနေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၃ သဘောတူညီချက်နဲ့ စိစစ်လက်ခံမယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးအုန်းဂျော်နဲ့အဖွဲ့ ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်ကနေ ၂၈ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုစတာဖီဇာ ရာမန်နဲ့ သွားရောက်တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်ခံနေသူတွေအရေး၊ အဲဒီ ဒုက္ခသည်တွေကို ပြန်ပို့ရေး စတာတွေ ဆွေးနွေးတာမှာ သဘောတူ မူကြမ်းတစ်ခု ထွက်လာပါတယ်။ ၁၉၉၃ သဘောတူညီချက်က အဲဒီဆွေးနွေးပွဲ ထုတ်ပြန်ချက်အပေါ် အခြေခံပါတယ်။

၁၉၉၂ ဆွေးနွေးချက်တွေထဲမှာ ဒုက္ခသည်တွေ ကိုယ့်ဆန္ဒနဲ့ ကိုယ်ပြန်ဖို့ (return voluntary)၊ ဒုက္ခသည်တွေကို စိစစ်မှုတွေ လုပ်ပြီးရင် ပြန်လက်ခံရေး မြန်မာက သဘောတူဖို့ (agreed to accept after scrutiny)၊ မြန်မာမှာ နေထိုင်ကြောင်း အထောက်အထား ပြနိုင်သူတွေ ဖြစ်ဖို့ (evidence of their residence in Myanmar)၊ သူတို့ နေခဲ့တဲ့အိမ်ယာ၊ မူလ နေရာတွေမှာ ပြန်လည် နေရာချထားဖို့ (should be settled in their own households and original places of residence)၊ ကိုယ်ဆန္ဒနဲ့ကိုယ် လုံခြုံစွာ ပြန်နိုင်ရေး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးက အကူအညီပေးဖို့နဲ့ UNHCR အခန်းကဏ္ဍကို မြန်မာအစိုးရက သဘောတူဖို့ ဆိုတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

ရေတပ်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သူရသက်ဆွေ (ငြိမ်း) က သူ့ရဲ့ဖေ့စ်ဘုတ် လူမှုကွန်ရက်မှာ ရေးသားထားတဲ့ ‘နိုင်ငံ့တာဝန်းနဲ့ ဘဝပေးအတွေ့အကြုံ (၁)’ ထဲမှာ ၁၉၉၃ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် အခြေခံ ၄ ချက်ကို ဖော်ပြထားပါတယ်။
တိတိကျကျ မဟုတ်ပေမယ့် ယေဘုယျအားဖြင့် မြန်မာပြည်ကို ပြန်လာလိုတဲ့ ဒုက္ခသည်တွေဟာ –

-မြန်မာပြည်မှာနေခဲ့တဲ့ အထောက်အထား ခိုင်ခိုင်မာမာ တင်ပြနိုင်ရမယ်
-မြန်မာပြည်မှာ မွေးတဲ့ လူတွေဖြစ်ရမယ်၊ အထောက်အထား ပြနိုင်ရမယ်
-မြန်မာနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူတွေမဖြစ်ရဘူး
-သူတို့ကိုယ်တိုင် မြန်မာပြည်ကို ပြန်လာချင်တဲ့ လူတွေဖြစ်ရမယ် လို့ ဖော်ပြထားပါတယ်။

 

အဲဒီ ၁၉၉၃ သဘောတူညီချက်နဲ့ စိစစ်ပြီး ၁၉၉၃ ကနေ ၁၉၉၇ ခုနှစ်အတွင်း

ဘင်္ဂလားဒေ့ရှ်ဘက်ရောက် မွတ်စလင် ဒုက္ခသည် ၂ သိန်းခွဲအနက် ၂ သိန်း ၃ သောင်း ရခိုင်ပြည်နယ်ကို ပြန်ဝင်ခဲ့ကြပါတယ်။

 

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးကတော့ “တကယ့်တကယ်မှာ အဲဒီမူဘောင်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ပြီး ဘယ်လို အကောင်အထည် ဖော်သွားမလဲကတော့ ဆက်စောင့်ကြည့်ရပါမယ်။ ကျနော် ထင်တာတော့ နိုင်ငံတကာက အစိုးရကို အပြင်းအထန် ဝေဖန်သူတွေကတော့ ကျေနပ်ကြမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား အများစုနဲ့ အနည်းဆုံး နိုင်ငံတကာ အစိုးရအချို့ကတော့ သူမ အနေနဲ့ ဒီလိုရှုပ်ထွေးတဲ့ အခြေအနေအောက်မှာ အတတ်နိုင်ဆုံး လက်တွေ့ကျကျ ပြောသွားတယ်လို့ တွေးမယ်ထင်ပါတယ်” ဆိုပြီး ဧရာဝတီသတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေသွားပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ဘက်ရောက် မွတ်စလင်တွေ ရခိုင်ပြည်နယ်ကို ပြန်ဝင်မယ့် ကိစ္စမှာ လက်တွေ့ကျသည့်တိုင် ရေရှည်အားဖြင့် ဖြေရှင်းရမယ့် ကိစ္စအဆင့်ဆင့် အများကြီး ဖြစ်ပေါ်နိုင်ပါတယ်။

-ရွာလုံးကျွတ် မီးရှို့ထွက်ပြေးမှုတွေ ရှိတဲ့အတွက် နေရပ်လိပ်စာ၊ မူလ အိမ်နေရာတွေ ဘယ်လို ပြန်ဖော်ပြမလဲ။ အထောက်အထားအဖြစ် ဘယ်လို စိစစ်သတ်မှတ် လက်ခံမှာလဲ။

-မြန်မာပြည်မှာ မွေးဖွားကြောင်း အထောက်အထားတွေ ထွက်ပြေးသွားတဲ့ သိန်းချီတဲ့လူတွေမှာ လက်ဝယ်ရှိနေနိုင်ကြသလား။

-ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ ARSA အဖွဲ့ တိုက်ခိုက်မှုတွေကို ‘အကြမ်းဖက်မှု’ လို့ သတ်မှတ်တဲ့အတွက် ပြန်ဝင်လာမယ့် သူတွေကို လုံခြုံရေးအရ ဘယ်လို ခွဲခြားစိစစ်မလဲ။

-ကိုယ့်ဆန္ဒနဲ့ ကိုယ်ပြန်လာရမယ် ဆိုတဲ့အပေါ် မွတ်စလင်တွေကရော ဘယ်လိုတုံ့ပြန်ကြမလဲ။

-မြန်မာနိုင်ငံက လက်မခံနိုင်တဲ့ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အမည်သုံးစွဲခွင့်ကို တောင်းနေတဲ့ မွတ်စလင်တွေ ရှိနေချိန် နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်မှာ ဘယ်လောက် ခရီးရောက်နိုင်မလဲ။

-အခု ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေထဲမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ သောင်းချီ ပါဝင်နေတဲ့ကိစ္စမှာ တကယ်လို့ လုပ်ငန်းစဉ်အတွင်း ဒုက္ခသည်စခန်းထဲမှာ ကလေးတွေ မွေးခဲ့ရင် အဲဒီကလေးတွေကိုရော ဘယ်လို သတ်မှတ်မလဲ။

-အိန္ဒိယနိုင်ငံက ပြန်ပို့ချင်နေတဲ့ ရိုဟင်ဂျာ အမည်ခံ မွတ်စလင်တွေကို ၁၉၉၃ သဘောတူညီချက်နဲ့ ပြန်လက်ခံခိုင်းဖို့ အိန္ဒိယ မီဒီယာတချို့က ရေးသားတိုက်တွန်းမှုတွေ အပေါ်ရော ဘယ်လို တုံ့ပြန်မလဲ။

-၁၉၉၀ ကျော်တုန်းက အခြေအနေနဲ့ မတူကွဲပြားနေတဲ့ လက်ရှိ ရခိုင်ပြည်နယ် အကျပ်အတည်းကို ၁၉၉၃ သဘောတူညီချက် စွဲကိုင်ပြီး ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုကာ ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မလဲ။

-၁၉၉၃ သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဆက်လက် သဘောတူနိုင်မလား၊ တခြားတောင်းဆိုမှုတွေ ထပ်ရှိနိုင်သလား။

-ကြားဝင်ဆောင်ရွက်ပေးဖွယ် ရှိတဲ့ UNHCR ရဲ့ အခန်းကဏ္ဍကိုရော နှစ်ဖက်အစိုးရတွေက အသိအမှတ်ပြု လက်ခံနိုင်တဲ့ အနေအထား ဖြစ်လာနိုင်ပါ့မလား။

-အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားနဲ့ အရပ်သား ခွဲခြားရေးနဲ့ တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့တွေက ပါဝင်ရမယ့် အခန်းကဏ္ဍတွေကရော ဘယ်လို ဖြစ်လာမလဲ။

-ရခိုင်ပြည်နယ် အကျပ်အတည်းမှာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာ မီဒီယာတွေရဲ့ ပုံဖော်မှုတွေကြားမှာ ၁၉၉၃ သဘောတူညီချက်က ဘယ်အတိုင်းအတာအထိ ကျော်လွှားနိုင်မှာလဲ။

သိန်းနဲ့ချီတဲ့ မွတ်စလင် ဒုက္ခသည်တွေအရေး၊ ရခိုင်ပြည်နယ် ပြန်လည် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံတော် လုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ၊ နိုင်ငံတကာဖိအားတွေကြားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရအနေနဲ့ ဆက်ပြီး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဒီမေးခွန်းတွေက မီးမောင်းထိုးပြနေပါတယ်။

(သင်ကာ)

adv_banner