ရခိုင်ပြည်နယ် အကြမ်းဖက်မှု၊ ARSA နဲ့ ဂျီဟတ် ခြိမ်းခြောက်မှု

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်ကစပြီး အရင်ဖြစ်ဖူးတဲ့ ပဋိပက္ခနဲ့ မတူတဲ့ စနစ်တကျ စီစဉ်တိုက်ခိုက်မှု တွေကြောင့် လက်သည်ဖြစ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ကို အစိုးရလုံခြုံရေး တပ်တွေက နယ်မြေရှင်းလင်းနေရပါတယ်။ ARSA အကြမ်းဖက်အဖွဲ့က အရပ်သားတွေကို သတ်ဖြတ်တဲ့အတွက် မွတ်စလင် မဟုတ်သူတွေက အစိုးရက လုံခြုံမှု ပေးနိုင်တဲ့ဘက်ကို ပြေးဝင်လာသလို မွတ်စလင်တွေကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ကို ပြေးကြပါတယ်။

ဒီနေရာမှာ မွတ်စလင်တွေပဲ အကြမ်းဖက်ခံနေရပါတယ်ဆိုပြီး အခြေအနေကို မျှတစွာ မသုံးသပ် မတင်ပြမှုတွေ ကျယ်ပြန့်လာတာနဲ့အတူ အစ္စလမ် အစွန်းရောက် အုပ်စုတွေကလည်း မြန်မာနိုင်ငံအပေါ် ‘ဂျီဟတ်’ လုပ်မယ်လို့ ကြွေးကြော်မှုတွေ ရှိလာပါတယ်။
‘ရိုဟင်ဂျာ’ ဆိုတဲ့ လူမျိုးအမည်နဲ့ ကမ္ဘာ့အာရုံစိုက်မှုရအောင် ရှေ့တန်းတင်လာတဲ့ ရခိုင်ပြည်နယ်ထဲက မွတ်စလင်များ အရေးဟာ အရှေ့တောင်အာရှ သာမက ကမ္ဘာ့နိုင်ငံတွေမှာပါ ဝိဝါဒကွဲပြားစွာ ရိုက်ခတ်နေပါတယ်။

မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေက မွတ်စလင်တွေကို သတ်ဖြတ်နေပါတယ်လို့ အစ္စလမ်ထောက်ခံသူ အုပ်စုတွေနဲ့

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ကြေညာထားသူတွေကို ထောက်ခံအားပေးသူ အင်ဒိုနီးရှားနဲ့ မလေးတို့လို နိုင်ငံတွေမှာ မှန်၊ မမှန်

မခွဲခြားနိုင်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို လူမှုကွန်ရက်မီဒီယာ၊ မိုဘိုင်းဖုန်း ပလက်ဖောင်းတွေ သုံးပြီး

အကြီးအကျယ် ဖြန့်နေကြပါတယ်။

အဲဒီလို ရှဲရုံ၊ ဖြန်ရုံသာမက မြန်မာနိုင်ငံမှာ ‘ဂျီဟတ်’ ဘာသာရေး စစ်ပွဲ ဆင်နွှဲကြဖို့ ဝါဒဖြန့် လှုံ့ဆော် နေတာတွေ ရှိတယ်လို့ စင်ကာပူနိုင်ငံ၊ နန့်ယန်း နည်းပညာ တက္ကသိုလ်ရှိ အက်စ် ရာဂျာရက်တနမ် နိုင်ငံတကာ လေ့လာရေးကျောင်းက နိုင်ငံရေး ပဋိပက္ခနဲ့ အကြမ်းဖက်မှု နိုင်ငံတကာ သုတေသန စင်တာက သုတေသီတွေဖြစ်တဲ့ ရီမီ မာဇမ်နဲ့ မူဟာမက် အန်ဆာတို့က ပြောပါတယ်။

ရခိုင်ပြည်နယ်က ARSA ရဲ့ အကြမ်းဖက်မှု မတိုင်ခင်ကတည်းက အရှေ့တောင်အာရှတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်ရှိ မာရာဝီမြို့မှာ IS အစွန်းရောက် အကြမ်းဖက်အဖွဲ့ရဲ့ ကြိုးကိုင် အားပေးအားမြှောက်မှုကြောင့် မြို့သိမ်းတိုက်ပွဲကို ဖိလစ်စစ်တပ်က ဆင်နွှဲနေရပါတယ်။
မြန်မာနိုင်ငံအပေါ် ဂျီဟတ်စစ်ပွဲ ဆင်နွှဲမယ်ဆိုပြီး အစ္စလမ် အစွန်းရောက် အုပ်စုတွေရဲ့ ပြင်ဆင်နေမှုတွေနဲ့ ပတ်သက်လို့ ဗီဒီယို အထောက်အထားတွေ မကြာသေးခင်က ထွက်ပေါ်နေကြောင်း ရီမီ မာဇမ်နဲ့ မူဟာမက် အန်ဆာတို့ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ‘အာချေးဒေသက ရိုဟင်ဂျာ ရင်သွေးတွေ မြန်မာကိုပြန်ပြီး ဂျီဟတ် ဆင်နွှဲဖို့အသင့်’ လို့ အမည်ပေးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု အင်တာနက်ပေါ် တက်လာခဲ့ပါတယ်။ အဲဒီ ရုပ်သံဖိုင်ထဲမှာ အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသအတွင်းမှာ ယူနီဖောင်းဝတ်စုံ ဝတ်ထားတဲ့ လူတစ်စုဟာ လက်နက်မပါပေမယ့် ကိုယ်ကာယ သင်တန်းတစ်ခုကို လေ့ကျင့်နေကြပြီး မြန်မာနိုင်ငံမှာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲမလို့ လေ့ကျင့်နေတာလို့ ကြေညာနေကြပါတယ်။

နောက်ဗီဒီယို တစ်ခုဖြစ်တဲ့ ‘မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ကယ်တင်ဖို့ အင်ဒိုနီးရှား မူဂျာဟစ်တွေ ပြင်ဆင်နေခြင်း’ ဆိုတဲ့ ဖိုင်မှာတော့ ရာနဲ့ချီတဲ့ တိုက်ပွဲဝင်မယ့် မွတ်စလင် အစွန်းရောက်တွေက မြန်မာနိုင်ငံကို သွားဖို့ အသင့်ဖြစ်နေတဲ့ ပုံစံနဲ့ ဂျီဟတ် ဆင်နွှဲဖို့ အဆင့်မြင့် စံချိန်မီ တိုက်ပွဲဝင် ဝတ်စုံတွေ ဝတ်ထားကြပါတယ်။

တတိယမြောက်ဗီဒီယိုဖြစ်တဲ့ ‘FPI တပ်သားတွေ မြန်မာပြည်ကို ထွက်ခွာသွားပြီ’ ဆိုတဲ့ ဖိုင်မှာတော့ အင်ဒိုနီးရှား လက်ယာယိမ်း အစ္စလမ် အဖွဲ့ ဖြစ်တဲ့ ပမ်ဘယ်လာ အစ္စလာမ် တပ်ဦး (FPI) က မွတ်စလင်တွေကို တွေ့ရပါတယ်။ အချင်းချင်း စာနာမှုကြောင့် မြန်မာနိုင်ငံကို ဂျီဟတ်လုပ်ဖို့ အရေးမှာ စာရင်းပေးသွင်းတဲ့ မူဂျာဟစ်ဒင် ဗော်လန်တီယာ ၁၂၀၀ ရှိပါတယ်။

ဂျီဟတ် ခေါင်းစဉ်အောက်မှာ လူသားချင်းစာနာမှုနဲ့ စစ်ရေးအသွင် မဆောင်ဘူးလို့ ဂျီဟတ်အရေး ရှေ့နေလိုက်သူတွေက ပြောပေမယ့် လူသစ်စုဆောင်းရာမှာ လက်နက်ကိုင် အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ မလုပ်ရဘူးလို့ တားမြစ်ထားတာ မရှိဘူးလို့ ရီမီ မာဇမ်နဲ့ မူဟာမက် အန်ဆာက ရေးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ FPI ရဲ့ ဂျီဟတ်လှုပ်ရှားမှု ပြောခွင့်ရသူ အူစတက်ဇ် အကာက ဗော်လံတီယာ လုပ်မယ့်သူတွေဟာ ‘အစ္စလမ်အတွက်ဆို သေဖို့ ဆန္ဒရှိရမယ်’ လို့ ပြောတဲ့အတွက် မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာတွေ ရှိနေပါတယ်။

မူဂျာဟစ်ဒင် ဗော်လံတီယာတွေဟာ လူသစ်စုဆောင်းချိန်မှာ အချက် ၄ ချက် သဘောတူရပါတယ်။

မိဘဆီက ခွင့်ပြုချက် ရရမယ်၊ ၂၁ နှစ် ပြည့်ရမယ်၊ စစ်ရေးစွမ်းရည် ရှိရမယ်၊

ရခိုင်ပြည်နယ်မှာ သေဖို့ ပြင်ထားရမယ်တို့ ဖြစ်ပါတယ်။

 

၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းက ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တဲ့ အဖွဲ့ကို ဟာရာကာ အယ်လ် ယာကင်လို့ သိထားကြပါတယ်။ အခုပြောင်းလိုက်တဲ့ နာမည်က ARSA ဖြစ်ပါတယ်။ ခေါင်းဆောင်က အတူလာ အဘူ အမ်မာ ဂျူနူနီ ဖြစ်ပါတယ်။ ARSA က သြဂုတ်လ ၂၅ ရက်နေ့မှာ အစိုးရ လုံခြုံရေးတပ်တွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ARSA အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အစိုးရတပ်တွေက နယ်မြေရှင်းလင်းရပြီး မွတ်စလင် ၂ သိန်းခွဲလောက် နယ်စပ်ကို ပြေးကြပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက IS အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘာဂဒါဒီက ရခိုင်ဒေသမှာ ဂျီဟတ်လုပ်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။
နိုင်ငံခြားက အစ္စလမ် အစွန်းရောက် အကြမ်းဖက်သမားတွေဟာ ဖိလစ်ပိုင်ရှိ မာရာဝီမြို့မှာသာမက မြန်မာနိုင်ငံ ရခိုင်ဒေသကိုပါ အာရုံစိုက်လာတယ်လို့ ရီမီ မာဇမ်နဲ့ မူဟာမက် အန်ဆာက ရေးပါတယ်။ ဒေသတွင်း ခေါင်းမာ အစ္စလမ် အစွန်းရောက် အုပ်စုတွေနဲ့ ပေါင်းပြီး IS အကြမ်းဖက်သမားတွေ ကွန်ရက်ချဲ့နိုင်ဖို့ ရခိုင်ပြည်နယ် အကြပ်အတည်းက လမ်းဖွင့်ပေးနေသလို ဖြစ်လာနိုင်တယ်လို့လည်း သူတို့က သုံးသပ်ပါတယ်။

adv_banner