?bph6

Place your ads here!

ကာ့ဒ် ခွဲထွက်ရေးသမားတွေကို တူရကီ ဘယ်လို နှိမ်နင်းခဲ့သလဲ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တူရကီ သမ္မတ အာဒိုဂန်တို့ စက်တင်ဘာ ၅ ရက်နေ့က ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ ဒေါ်အောင်ဆန်းစုကြည်က “တူရကီနိုင်ငံအနေဖြင့် ပီကေကေ (Kurdistan Workers’ Party – Partiya Karkerên Kurdistan [PKK]) ကို နှိမ်နင်းခဲ့ရခြင်းကြောင့် အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကို ကောင်းစွာ နားလည်မည်ဟု ယုံကြည်ပါကြောင်း” လို့ ထည့်ပြောသွားပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းက ARSA အကြမ်းဖက်သမားတွေ အရေးမှာ အကြမ်းဖက်မှုတွေထက် အကြမ်းဖက်မှုကြောင့် ထွက်ပြေးရတဲ့ မွတ်စလင်တွေကိစ္စနဲ့ မြန်မာအစိုးရဘက်ကို ဝေဖန် အပြစ်တင်နေတဲ့ တူရကီနိုင်ငံ အနေနဲ့ သူတို့ကြုံခဲ့ဖူးတဲ့ ပုန်ကန်မှုကို ဘယ်လို နှိမ်နင်းခဲ့သလဲဆိုတာကို သတိရစေဖို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

PKK ဆိုတာဘာလဲ၊ PKK ပုန်ကုန်မှုကို တူရကီအစိုးရ ဘယ်လို နှိမ်နင်းခဲ့သလဲ၊ ကပ်စ်ကိုနာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (Kuşkonar massacre) ဆိုတာ ဘာလဲ။

ကာ့ဒ် အလုပ်သမားများ ပါတီ (PKK)

ကာ့ဒ် အလုပ်သမားများ ပါတီ (PKK) ဟာ တူရကီနဲ့ အီရတ်မှာ အခြေစိုက်ပါတယ်။ အစပိုင်းမှာတော့ PKK ဟာ ၁၉၈၄ ခုနှစ်လောက်ကစပြီး ကာ့ဒ်လူမျိုးတွေ ခွဲထွက်ရေးအတွက် တူရကီအစိုးရကို လက်နက်စွဲကိုင် တိုက်ခိုက်ပါတယ်။ နောက်ပိုင်းမှာတော့ တူရကီနိုင်ငံမှာ ကာ့ဒ်တွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ အခွင့်အရေး ညီတူမျှတူ ရရေးကို တောင်းဆိုပါတယ်။

PKK ရဲ့ အစဟာ ဖီစ်ဆိုတဲ့ ကျေးရွာမှာ အဗ္ဗဒူလာ အိုကာလန် ဦးဆောင်တဲ့ ကာ့ဒ် ကျောင်းသားတစ်စုကနေ စပါတယ်။ အစပိုင်းမှာ တော်လှန်တဲ့ ဆိုရှယ်လစ်စနစ်နဲ့ ကာ့ဒ် အမျိုးသားရေးဝါဒ ရောရောထွေးထွေး ဖြစ်နေပါတယ်။ တူရကီအစိုးရက လူနည်းစု ကာ့ဒ်လူမျိုးတွေကို နှိပ်ကွပ်မှုကတော့ အဓိက အကြောင်းရင်းခံပါပဲ။

PKK ခေါင်းဆောင် အိုကာလန်ကို ၁၉၉၉ ခုနှစ်မှာ ဖမ်းဆီး ထောင်ချလိုက်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကာ့ဒ်လူနည်းစု တော်လှန်ရေးသမားတွေက အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၁၅ မှာတော့ တူရကီအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို ကုလသမဂ္ဂ ဒါမှမဟုတ် ကုလသမဂ္ဂက အာမခံသူတွေရဲ့ အစီအမံအောက်မှာ လုပ်ရင် လက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

PKK ကို မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (နေတိုး)၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ၊ ဆွစ်ဇာလန်၊ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အီဂျစ်တို့ကတော့ PKK ကို အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်ပါဘူး။

တူရကီ အစိုးရ နှိမ်နင်းမှု

တူရကီနိုင်ငံမှာ လူဦးရေ ၇၇ ဒသမ ၈ သန်းရှိတဲ့အနက် ကာ့ဒ်လူမျိုးက ၁၄ သန်း ရှိပြီး ကာဒစ်စတန် မြောက်ပိုင်း၊ အနာတိုလီယာ အရှေ့ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ နေထိုင်ကြပါတယ်။

ကာ့ဒ်ဘာသာစကား၊ ရိုးရာဝတ်စုံကနေ ကာ့ဒ် အမည်နာမကအစ တူရကီတွေရဲ့ နှိပ်ကွပ်ခြင်း ခံရပါတယ်။ ကာ့ဒ်လူမျိုးတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုဘဲ ‘တောင်ပေါ်သား တူရကီတွေ’ လို့ ခေါ်ဝေါ်ပါတယ်။

၁၉၈၀ စစ်အာဏာ သိမ်းပြီးနောက်မှာတော့ ကာ့ဒ်ဘာသာစကားကို အများပြည်သူရှေ့မှာရော တသီးပုဂ္ဂလမှာပါ ပြောခွင့် မပြုတော့တဲ့အပြင် ကာ့ဒ်ဘာသာစကားနဲ့ ပြောသူ၊ ရေးသားထုတ်ဝေသူ၊ သီချင်းဆိုသူတွေဟာ ဖမ်းဆီးထောင်ချခံရပါတယ်။

PKK ရဲ့ လက်နက်စွဲကိုင် အထင်အရှား ပုန်ကန်မှုဟာ ၁၉၈၄ ခုနှစ်မှာ စပါတယ်။ ပုန်ကန်မှုအတွင်း လူပေါင်း ၄ သောင်းလောက် သေဆုံးပြီး အများစုက ကာ့ဒ်လူမျိုးတွေ ဖြစ်ပါတယ်။ တူရကီအစိုးရဟာ အကွက်ကျကျနဲ့ ကာ့ဒ်လူမျိုး အရပ်သားတွေကို သတ်ဖြတ်တာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းတာ၊ ကျေးရွာတွေကို ဖျက်ဆီးတာ၊ ကာ့ဒ်လူမျိုး ဂျာနယ်လစ်၊ တက်ကြွလှုပ်ရှားသူနဲ့ နိုင်ငံရေးသမားတွေကို အစဖျောက်ပစ်တာတွေ လုပ်ခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဥရောပ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက တူရကီ အစိုးရကို ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

ကပ်စ်ကိုနာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

ကပ်စ်ကိုနာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဆိုတာ တူရကီနိုင်ငံမှာ ၁၉၉၄ ခုနှစ် မတ်လ ၂၆ ရက်နေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းတာပါ။ တူရကီ စစ်တပ်က ဗုံးအကြီးအကျယ် ကြဲချလို့ ဆာနက်ခရိုင်အနီးက ကိုကာဂီလ်နဲ့ ကပ်စ်ကိုနာ ကျေးရွာတွေ ပျက်စီးပြီး ရွာသူရွာသား ၃၈ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး ဒဏ်ရာရသူ ၁၃ ဦး ရှိပါတယ်။

ဗုံးကြဲခံရလို့ သေဆုံးသွားရသူတွေရဲ့ မိသားစုဝင်တွေက တူရကီ တရားရုံးကို တိုင်ကြားခဲ့ပေမယ့် တရားရုံးက PKK ကို ပုံချခဲ့ပါတယ်။ ဥရောပ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးကို တိုင်ကြားရာမှာတော့ တူရကီအစိုးရ ပြောသလို မဟုတ်ဘဲ အဲဒီဗုံးကြဲတဲ့ နေရာတွေဟာ ပဋိပက္ခဖြစ်ပွားခြင်း မရှိတဲ့နေရာတွေ ဖြစ်တယ်ဆိုတာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

ကာ့ဒ်လူနည်းစု အရပ်သားတွေကို တမင်တကာ သတ်ဖြတ်မှုအတွက် တူရကီ အစိုးရဟာ ဝေဖန်ရှုတ်ချခံရပြီး အသတ်ခံရသူတွေရဲ့ မိသားစုဝင်တွေကို တူရကီအစိုးရအနေနဲ့ ယူရို ၂ သန်းကနေ ၃ သန်းအထိ ပေးဖို့ ဥရောပ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

adv_banner