လွှတ်တော်ဥက္ကဋ္ဌနဲ့ ဘက်မလိုက်မှု

ပါလီမန်ဒီမိုကရေစီစနစ်မှာ လွှတ်တော်ဥက္ကဌ ဆိုတာ အလွန်အရေးကြီးတဲ့ရာထူးပဲ။ ပါလီမန် စနစ် ကို စပြီးကျင့်သုံးတဲ့ ဗြိတိန်နိုင်ငံမှာ ၁၂၅၈ ခုနှစ်က စပြီး လွှတ်တော်ဥက္ကဌ ရာထူးကို စပြီးထားခဲ့ ပေမယ့် ၁၃၇၇ ခုနှစ်မှ ပီပီပြင်ပြင်ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ဒါတောင်မှ အဲဒီအချိန်ကာလ တွေက ဘုရင်တွေက တစ်သွေးတစ်သံတစ်မိန့်နဲ့သက်ဦဆံပိုင်အုပ်ချုပ်နေချိန်ဆိုတော့ လွှတ်တော် ဥက္ကဌ ဆိုတာက ဘုရင့်ကိုယ်စားလှယ်သဘောမျိုးပဲ ဖြစ်ခဲ့တယ်။

တစ်ခါတစ်လေ ဘုရင် က လွှတ်တော်ဥက္ကဌတွေကို

ထောင်ချတာ၊ သတ်ပစ်တာအထိလုပ်တဲ့အတွက်

၁၄ ရာစု၊၁၅ ရာစုနှစ် တွေထဲမှာ

ဘုရင်ခေါင်းဖြတ်သတ်တာခံရတဲ့

လွှတ်တော်ဥက္ကဌ ခုနှစ်ယောက် ရှိခဲ့တယ်….

ဒါပေမယ့် အဲဒီအချိန်က လွှတ်တော်ဥက္ကဌ ဟာ ဘုရင်နဲ့ လွှတ် တော်ကြားဆက်ဆံရေးကို တာဝန် ယူရသူဖြစ် တဲ့အတွက် လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေကို ဘုရင့်ကို သွားပြော ရတဲ့အခါ ဘုရင် မကြိုက်တဲ့ ကိစ္စတွေများပါလာခဲ့ရင် ဘုရင်ရဲ့ အမျက်ရှခြင်းကို ခံရတယ်။ တစ်ခါတစ်လေ ဘုရင် က လွှတ်တော်ဥက္ကဌတွေကို ထောင်ချတာ၊သတ်ပစ်တာအထိလုပ်တဲ့အတွက် ၁၄ ရာစု၊၁၅ ရာစုနှစ် တွေထဲမှာ ဘုရင်ခေါင်းဖြတ်သတ်တာခံရတဲ့ လွှတ်တော်ဥက္ကဌ ခုနှစ်ယောက် ရှိခဲ့တယ်။ အဲဒါကြောင့် အဲဒီအချိန်က ဘယ်လွှတ်တော်အမတ်ကမှ ဥက္ကဌ မလုပ်ချင်ကြဘူး။ ကျန်တဲ့အမတ် တွေက ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးတဲ့အခါ မလုပ်ဘူးလို့ ငြင်းတဲ့အတွက် ၀ိုင်းဆွဲပြီး ဥက္ကဌ ထိုင်ခုံပေါ် ကို အတင်းတင်ပြီးတာဝန်ပေးခဲ့ရတယ်။ အခုအချိန်အထိ ဗြိတိသျှပါလီမန်မှာ အဲဒီအစဉ်အလာကို ထိန်းတဲ့အနေနဲ့ ဥက္ကဌ အဖြစ်အရွေးခံရတဲ့ ပုဂ္ဂိုလ်ကို ကျန်တဲ့အမတ်သုံးယောက်က လက်ဆွဲပြီး ဥက္ကဌ ထိုင်ခုံကို လိုက်ပို့ပေးတာကို ကျင့်သုံးတုန်းပဲ။

၁၇ ရာစုထဲရောက်လာတော့ ပါလီမန်က ဘုရင်ကို ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့တယ်။ ဒီလိုနဲ့ ဗြိတိ သျှ ပြည်တွင်းစစ် ( ၁၆၄၂ – ၁၆၅၁) ဖြစ်တယ်။ အဲဒီစစ်ပွဲဟာ ပထမမြောက်ချားလ်ဘုရင်နဲ့ ပါလီ မန်ကြားဖြစ်တဲ့စစ်ပွဲပဲ။ နောက်ဆုံးတော့ ပါလီမန်ကိုထောက်ခံသူတွေဘက်က အနိုင်ရတဲ့အတွက် ဗြိ တိန်နိုင်ငံမှာ စည်းမျဉ်းခံဘုရင်စနစ်ကို ရှေ့ရှုတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စပြီးပေါ်ပေါက်လာ ခဲ့တယ်။

လွှတ်တော်ဥက္ကဌ ဟာ

အစိုးရနဲ့ပတ်သက်ဖို့မလိုသလို၊

ဘယ်ပါတီနဲ့မှ လည်းမပတ်သက်ရဘူး၊

အဲဒီလိုပါလီမန်ရဲ့အခန်းကဏ္ဍ မြင့်မားလာတာနဲ့အမျှ လွှတ်တော်ဥက္ကဌ ရာထူးကလည်း အရေးကြီး လာခဲ့ တယ်။ ၁၇၂၈-၁၇၆၁ ခုနှစ်အတွင်းမှာ လွှတ်တော်ဥက္ကဌ နဲ့အစိုးရကြား စည်းခြားတဲ့စနစ်နဲ့ ဒီနေ့အထိကျင့်သုံးနေတဲ့ အစဉ်အလာတွေ၊စည်းမျဉ်းအများစုစပြီး ပေါ်ပေါက်လာခဲ့တယ်။ ၁၉ ရာစု အလယ်ပိုင်းရောက်တော့ လွှတ်တော်ဥက္ကဌ ဟာ အစိုးရနဲ့ပတ်သက်ဖို့မလိုသလို၊ ဘယ်ပါတီနဲ့မှ လည်းမပတ်သက်ရဘူး၊ လွှတ်တော်လုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါ ဘက်မလိုက်ရဘူး ဆိုတဲ့ အစဉ်အလာ အသက်ဝင်လာခဲ့တယ်။

ဒီကနေ့အချိန်မှာတော့ ဗြိတိသျှ ပါလီမန်ရဲ့ ဥက္ကဌဖြစ်သူက အဓိက တာဝန်လေးခုကို ထမ်းဆောင် ရမယ်။
၁။ လွှတ်တော်အတွင်းဆွေးနွေးမှုများ၊ အမေးအဖြေများကို စည်းကမ်းတကျဖြစ်အောင် ထိန်းသိမ်း ကြပ်မတ်ခြင်း။
၂။ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံသူနဲ့ ကန့်ကွက်သူ မဲအရေအတွက်တူညီနေပါက အဆုံးအဖြတ် မဲ ( အနိုင်မဲ)ပေးခြင်း။ (ကျန်တဲ့အချိန်မှာ မဲပေးခွင့်မရှိပါဘူး။)
၃။ လွှတ်တော်ကျင်းပနေစဉ်ကာလအတွင်း လွှတ်တော်အမတ်များ၏ စည်းကမ်းထိန်းသိမ်းမှုဆိုင် ရာကိစ္စများကိုဆောင်ရွက်ခြင်း။
၎။ လွှတ်တော်ကို ကိုယ်စားပြုခြင်း။

ဗြိတိသျှ ပါလီမန်စနစ်မှာ လွှတ်တော်ဥက္ကဌဟာ သူရဲ့ တာဝန်တွေကို ဘက်မလိုက်ပဲ ကျင့်သုံးနိုင်မှု ကို အထူးတန်ဖိုးထားတယ်။ ဒါ့ကြောင့် လွှတ်တော်ဥက္ကဌအဖြစ်ရွေးချယ်ခံရသူဟာ လွှတ်တော် ဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ သူ့ပါတီရဲ့လုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခြင်းမပြုရပါဘူး၊ လွှတ် တော်အတွင်းဆွေးနွေးမှုတွေမှာလည်း စည်းကမ်းထိန်းသိမ်းဖို့လိုအပ်ချက်၊ လုပ်ထုံးလုပ်နည်းအရ လုပ် ဆောင်ရန်လိုအပ်ချက်ကလွဲရင် ပါဝင်ဆွေးနွေးခြင်း၊သူ့သဘောထားကို ထုတ်ဖော်ပြောကြားခြင်း မလုပ်ရပါဘူး။ ဒါက အများစုရတဲ့ ပါတီနဲ့ အနည်းစုပါတီတွေကြားမှာ စစ်မှန်တဲ့ ဒိုင်လူကြီးအဖြစ် လုပ်ဖို့ လို အပ်တဲ့အတွက်သတ်မှတ်ထားတာဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဌတာဝန်ထမ်းဆောင်နေသူဟာ

ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင်

ဘယ် ပါတီကိုမှ ကိုယ်စားပြုပြီး ယှဉ်ပြိုင်လို့မရပါဘူး။

ပြီးတော့ လွှတ်တော်ဥက္ကဌတာဝန်ထမ်းဆောင်နေသူဟာ ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုရင် ဘယ် ပါတီကိုမှ ကိုယ်စားပြုပြီး ယှဉ်ပြိုင်လို့မရပါဘူး။ လွှတ်တော်ဥက္ကဌမှ ရွေးကောက်ပွဲ ၀င်ခြင်း (“the Speaker seeking re-election”) ဆိုတဲ့ကြေညာချက်နဲ့ ၀င်ပြိုင်ရတယ်။ ကျန်တဲ့နိုင်ငံရေး ပါတီ တွေကလည်း လွှတ်တော်ဥက္ကဌ ပြိုင်တဲ့မဲဆန္ဒနယ်မှာ ၀င်မပြိုင်ဘူး။ ဒါ့ကြောင့် ဥက္ကဌက မဲဆွယ် စည်း ရုံးရေးဆင်းစရာလည်းမလိုဘူး။ စည်းစနစ်ကြီးတဲ့ ဗြိတိသျှတွေက လွှတ်တော်ဥက္ကဌအနေနဲ့ သူ့ပါတီက အမတ်တွေနဲ့ ထမင်းအတူစားတာ၊ လက်ဖက်ရည်ဝိုင်း၊ ယမကာဝိုင်းအတူထိုင်တာ ကို တောင် မလုပ်ဖို့ ကန့်သတ်ထားတယ်။ ဒါက လွှတ်တော်ဥက္ကဌရဲ့ သမာသမတ်ကျမှု၊ဘက်မလိုက် မှု နဲ့ပတ်သက်ပြီးဘယ်လောက်အလေးထားတယ်ဆိုတာကို ပြတဲ့သက်သေပါပဲ။

ပထမအကြိမ်လွှတ်တော် ကာလမှာ

လွှတ်တော်ဥက္ကဌ တစ်ဦးဟာ

ထောက်ခံသူ၊ ကန့်ကွက်သူတူညီနေတဲ့အချိန်ကလွဲ လို့ မဲပေးခွင့်မရှိဘူးဆိုတဲ့

အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ချိုးဖောက်ပြီး

မဲပေးခဲ့တာကို သတိပြုမိ ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ် တော်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌတွေရဲ့ တာဝန်များနဲ့ပတ်သက်ပြီး ပြဋ္ဌာန်းရာမှာ ထောက်ခံဆန္ဒ မဲ နဲ့ကန့်ကွက်ဆန္ဒမဲတူနေရင် အနိုင်မဲ ပေးရမယ်၊ ကျန်တဲအချိန်မှာ မဲမပေးရဘူးဆိုတဲ့ အချက်က လွဲ ပြီး ဘက်မလိုက်မှုနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေမပါပါဘူး။ ဒါတောင်မှ ပထမအကြိမ်လွှတ်တော် ကာလမှာ လွှတ်တော်ဥက္ကဌ တစ်ဦးဟာ ထောက်ခံသူ၊ ကန့်ကွက်သူတူညီနေတဲ့အချိန်ကလွဲ လို့ မဲပေးခွင့်မရှိဘူးဆိုတဲ့ အခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ချိုးဖောက်ပြီး မဲပေးခဲ့တာကို သတိပြုမိ ပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတ သာမက ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီး၊ဒုတိယ၀န်ကြီးများကို လုပ်ငန်းဆောင်ရွက်ရာမှာ ပါတီစွဲကင်းရှင်း စေဖို့အတွက် ရာထူးတာဝန်ထမ်းဆောင်နေချိန်မှာ မိမိပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုဖို့တားမြစ်ထားပါတယ်။

အဲဒါဆိုရင် ဥပဒေပြုရေးမှာ အကြီးအကဲဖြစ်တဲ့ လွှတ်တော်ဥက္ကဌတွေဟာလည်း ဥပဒေပြုလုပ်ငန်း စဉ်တွေမှာ ဒိုင်လူကြီးအဖြစ် ပီပီပြင်ပြင် ဆောင်ရွက်နိုင်ဖို့အတွက် ဗြိတိသျှပါလီမန်မှာ ကျင့်သုံးတဲ့ ဘက်မလိုက်တဲ့မူဝါဒကို ကျင့်သုံးဖို့ လိုမလိုဆိုတာလည်း စဉ်းစားသင့်တယ်လို့ထင်ပါတယ်။

ဦးရဲထွဋ် (ပြန်ကြားရေးဝန်ကြီးဟောင်း)

adv_banner