?bph6

Place your ads here!

ဘာစီလိုနာက ပေးတဲ့ သင်ခန်းစာ – လွတ်လပ် ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို စိန်ခေါ်မှု

မော်တော်ကားကို လက်နက်သဖွယ်သုံးပြီး တိုက်ခိုက်တဲ့ အစ္စလမ်အစွန်းရောက်တွေရဲ့ ထပ်မံအကြမ်းဖက်မှု စပိန်နိုင်ငံ၊ ဘာစီလိုနာမှာ ဖြစ်ပွားခဲ့ပါတယ်။

ကားနဲ့ အကြမ်းဖက်တိုက်ခိုက်မှု Vechicular Jihad တွေဟာ ဘာစီလိုနာ (၂၀၁၇)၊ လန်ဒန် (၂၀၁၇)၊ ဘာလင် (၂၀၁၆) နဲ့ နိစ် (၂၀၁၆) တို့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေ အားလုံးမှာ ကားကို လက်နက်သဖွယ်သုံးပြီး အရှိန်ပြင်းစွာနဲ့ လူစည်ကားတဲ့ နေရာတွေ မောင်းဝင် တိုက်ခိုက်တဲ့အတွက် ကိုယ်လုပ်စရာရှိတာကို ပုံမှန်အတိုင်း လုပ်နေတဲ့ အပြစ်မဲ့လူတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရကြပါတယ်။

သြဂုတ်လ ၁၇ ရက်နေ့မှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံသားတွေပါဝင်တဲ့ ၁၃ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရတဲ့ ဘာစီလိုနာ တိုက်ခိုက်ခံရမှုဟာ အစ္စလမ် အကြမ်းဖက်သမားတွေရဲ့ နောက်ဆုံး လတ်တလော ပစ်မှတ်ဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့က ဒါဟာ သူတို့လက်ချက်လို့ ကြေညာပါတယ်။

၂၀၀၁ ခုနှစ်တုန်းက အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့ နယူးယောက်နဲ့ ဝါရှင်တန်ကို လေယာဉ်နဲ့ တိုက်ခိုက်မှုလိုမျိုး လူထူထပ်တဲ့ မြို့ပြမှာ အရပ်သားတွေကို ပစ်မှတ်ထားလာတဲ့ အဆင့်သစ်တစ်ခု ဖြစ်ပါတယ်။

 

ဘာစီလိုနာမြို့ရဲ့ အလယ် လူစည်ကားရာ ပလာကာ ဒီ ကာတာလန်ညာနဲ့ လတ်စ် ရမ်ဘလတ်စ်လို နေရာမျိုးကို ပစ်မှတ်ထားခဲ့တဲ့အတွက် သေဆုံးဒဏ်ရာရမှု များခဲ့တာ ဖြစ်ပြီး သေဆုံးမှုနှုန်းဟာ မြင့်တက်လာနိုင်ပါတယ်။

IS အစ္စလမ် အစွန်းရောက်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဗြိတိန်နဲ့ ပြင်သစ်လိုပဲ စပိန်ဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်ဖြစ်လာပြီလို့ ဖော်ပြထားပါတယ်။

ကားကိုသုံးပြီး လူစည်ရာအရပ်ကို တိုက်ခိုက်မှုဟာ အပြစ်မဲ့သူတွေကို သေဆုံး၊ ထိခိုက်မှု များပြားစေတဲ့အတွက် ဥရောပတလွှား ကိုင်တွယ်ဖို့ ခက်တဲ့ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ စက်တင်ဘာ ၂၄ မှာ ကျင်းပမယ့် ဂျာမန် ရွေးကောက်ပွဲနဲ့ အောက်တိုဘာ ၁ ရက်မှာ ကျင်းပမယ့် စပိန်နိုင်ငံထဲက ကာတာလန်တွေ ခွဲထွက်ဖို့ မဲခွဲပွဲတွေ ရှိနေတာကြောင့် စိတ်ရှုပ်ထွေးမှုတွေ မြင့်တက်လာစေပါတယ်။

 

 

ကားကို လက်နက်အဖြစ်သုံးပြီး လူအုပ်ကို တိုက်ခိုက်မှုဟာ အနောက်နိုင်ငံက မြို့တော်တွေမှာ လုံးခြုံရေးအတွက် စိုးရိမ်စရာ အသစ်ဖြစ်လာပါမယ်။ လူအုပ်ကို ကားနဲ့ တိုက်ခိုက်နိုင်မှု အလားအလာတွေ အတွက် ကာကွယ်ဖို့ စီစဉ်ရမှာ ဖြစ်ပေမယ့် ဒါမျိုးကို ကြိုတင်ကာကွယ်နိုင်ဖို့ဆိုတာ အလွန်ပဲ ခက်ခဲမယ့် ကိစ္စဆိုတာ သိသာပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ဒီလို ကားနဲ့ ဝင်ရောက် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် မြို့တခွင်မှာ အတားအဆီးဖြစ်အောင် ငုတ်တိုင်တွေ စိုက်ထူထားပါတယ်။ လွတ်လပ်ပြီး ပွင့်လင်းတဲ့ လူအဖွဲ့အစည်းတွေ ရှိတဲ့နေရာမှာ လူတွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးဖို့ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။

ကမ္ဘာ့ခေါင်းဆောင်တွေ ဘာစီလိုနာ တိုက်ခိုက်မှုကို အပြစ်တင်ခဲ့ကြပေမယ့် ဒီအချိန်မှာ တကယ် လုပ်ဆောင်ရတော့မယ့် အရာက အစ္စလမ်အစွန်းရောက် အကြမ်းဖက်မှု ပျံ့နှံ့နေခြင်းကို ကိုင်တွယ်ဖို့ ဖြစ်ပါတယ်။

ဒီအကြမ်းဖက်မှု လုပ်ရပ်တွေဟာ အကြမ်းဖက်သမားတွေရဲ့ ကွန်ရက်ထဲမှာ တစ်ယောက်ကို တစ်ယောက် အားပေးအားမြှောက် ပြုနေတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဆီးရီးယားမှာ ခြေကုပ်ယူနေတဲ့ IS အကြမ်းဖက်အဖွဲ့ အပေါ် ကြီးမားတဲ့ ဖိအားတွေ ပေးနေချိန်မှာ ဒီလို မြို့ပြကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနိုင်ပါတယ်။

ဆီးရီးယား အရှေ့ပိုင်းရှိ ရက်ကာကနေ IS တွေကို တိုက်ထုတ်နေတာကြောင့် သင်ခန်းစာအဖြစ် အနောက်နိုင်ငံတွေမှာ အကြမ်းဖက် ခြိမ်းခြောက်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒီလို အရပ်သားတွေကို အကြမ်းဖက်မှုမျိုးဟာ ဆက်လက် မြင့်တက်နိုင်ပါတယ်။

အစ္စလမ် အစွန်းရောက် အကြမ်းဖက်မှုအပေါ် ရေရှည်စစ်ပွဲ ဆင်နွှဲရေးမှာ အနောက်နိုင်ငံတွေ ပါဝင်လာနေစေဖို့ ဘာစီလိုနာ အကြမ်းဖက်မှုကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှု တန်ပြန် တိုက်စစ်ဆင်ရေး မဟာဗျူဟာတွေမှာ နောက်ဆုံးပေါ် နည်းပညာတွေ သုံးနေပေမယ့် ပွင့်လင်းတဲ့ အဖွဲ့အစည်းတွေအတွင်း ဝင်ရောက် အကြမ်းဖက်မှုကို အမြစ်ပြတ် ခြေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကတော့ လက်ခံရမယ့် အမှန်တရားအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ကိုသင်ကာ

adv_banner