မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို တိုက်ခိုက်ရင် ဘာဖြစ်မလဲ

အမေရိကန်ကို ရန်သွားစရင် စစ်အင်အား အပြည့်အစုံနဲ့ တုံ့ပြန်မှာဖြစ်လို့ မြောက်ကိုရီးယားက ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်မယ်ဆိုရင် “ကိုယ့်သေတွင်းကိုယ်တူး” တာနဲ့ အတူတူပဲလို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင် စီမံခန့်ခွဲပြီး သြဂုတ်လလယ်မှာ အမေရိကန်ပိုင် ဂူအမ်ကျွန်းကို တာလတ်ပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ်လို့ သြဂုတ်လ ၁၀ ရက်နေ့မှာ မြောက်ကိုရီးယားက ပြောဆိုလိုက်ပါပြီ။
ကိုရီးယားပြည်သူ့ တပ်မတော် (KPA) က ဟွာဆန်-၁၂ (Hwasong-12) ဒုံးကျည် ပစ်လွှတ်မှာ ဖြစ်ပြီး ဒုံးကျည်တွေက ဂျပန်ရဲ့ စီရင်စုတွေ ဖြစ်တဲ့ ရှီမာနဲ၊ ဟီရိုရှီးမားနဲ့ ကိုချိ စီရင်စုတွေပေါ်ကို ဖြတ်သွားမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား မဟာဗျူဟာ တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ကင်မ် ရတ်ခ် ဂျွမ်က ပြောပါတယ်။ ၂၀၈၅ ဒသမ ၈ မိုင်ကို ၁၀၆၅ စက္ကန့်နှုန်းနဲ့ ပစ်လွှတ်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တကယ်သာ လုပ်မယ်ဆိုရင်တော့ အဆုံးသတ်ရလဒ်က ဆိုးရွားလိမ့်မယ်လို့ ဒေသတွင်းက ကျွမ်းကျင်သူတွေက မှတ်ချက်ပေးကြပါတယ်။
တကယ်သာ ဖြစ်လာမယ်ဆိုရင် မြောက်ကိုရီးယားက သူ့သေတွင်း သူတူးသလို ဖြစ်မယ်လို့ သြစတြေးလျ အမျိုးသား တက္ကသိုလ်က သုတေသီ ဒေါက်တာ အဒမ် ဘရိုအီနောင်းစကီးက ပြောပါတယ်။

အခုလို အမေရိကန် ပိုင်နက် ဂူအမ်ကျွန်းကို ပစ်မှတ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်က သူတို့မှာ ဒီလက်နက်တွေ ရှိတယ်၊ နှစ်နဲ့ချီပြီးလည်း စမ်းသပ်ခဲ့တယ်၊ ဒါက စစ်တပ်ချင်း တိုက်ခိုက်မှုမှာ သုံးဖို့ဖြစ်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က အရပ်သားတွေအတွက် မရည်ရွယ်ဘူးလို့ မြောက်ကိုရီးအနေနဲ့ ပြောချင်တဲ့သဘောလို့ ယူဆပါတယ်လို့လည်း ဒေါက်တာ အဒမ် ဘရိုအီနောင်းစကီးက ဆိုပါတယ်။

ဂူအမ်ကျွန်းငယ်မှာ လူ ၁၆၃၀၀၀ ရှိတဲ့အတွက် တိုက်ခိုက်မှုသာဖြစ်ရင် အထိအခိုက် အသေအဆုံး များလိမ့်မယ်လို့လည်း သူက ခန့်မှန်းပါတယ်။
အမေရိကန်က ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာက မြောက်ကိုရီးယားက ဂူအမ်ကျွန်းအပေါ် ဘယ်ပုံဘယ်နည်း တိုက်ခိုက်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်လို့ ဂရစ်ဖစ် စီပွားရေးကျောင်းက သုတေသနမှူး ပါမောက္ခ အင်ဒရူး အိုနီးလ်က ပြောပါတယ်။

 

ပစ်လိုက်တဲ့ ဒုံးကျည်ဟာ ဂူအမ်ကျွန်းဝန်ကျင် ပင်လယ်ထဲပဲ ကျသွားတယ် ဆိုပါစို့၊ အမေရိကန် လေတပ်နဲ့ ရေတပ်တွေရဲ့ တုံ့ပြန်မှုကလည်း တမျိုးဖြစ်ပါလိမ့်မယ်၊ ဂူအမ်ကျွန်းမှာက အမေရိကန် ဗုံးကြဲလေယာဉ်နဲ့ တိုက်လေယာဉ်တွေ ရှိတဲ့ လေတပ် အခြေစိုက်စခန်းရှိတယ်၊ နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ B52 နဲ့ B2s လေယာဉ်တွေ အားထပ်ဖြည့်နိုင်တယ်၊ အမေရိကန်သာ တကယ် လုပ်မယ်ဆို မြန်မြန်ဆန်ဆန် ပြင်ဆင်နိုင်တယ်လို့ ပါမောက္ခ အင်ဒရူး အိုနီးလ်က သုံးသပ်ပါတယ်။

ဂူအမ်ကျွန်းပေါ် ဒုံးကျည်ကျရင်တော့ ကိစ္စက ပြတ်ပြီ၊ အမေရိကန်က အလျှင်အမြန် တုံ့ပြန်မှာပဲလို့လည်း သူက ပြောပါတယ်။ တုံ့ပြန်တိုက်ခိုက်မှုတွေ အကောင်အထည်ဖော်ဖို့အတွက် အမေရိကန် စစ်တပ်နဲ့ အမေရိကန် သမ္မတက စစ်ဦးစီးချုပ် အဖြစ်ဆောင်ရွက်ပြီး အမိန့်ပေးရမှာ ဖြစ်ပါတယ်။
အမေရိကန်အနေနဲ့ ရွေးချယ်စရာတွေ အများကြီး ရှိပါတယ်။ ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အန္တရာယ်များအောင် လုပ်မလား၊ မြောက်ကိုရီးယားကို စစ်ကြေညာမလား ဒါမဟုတ် တရုတ်နဲ့ တွဲပြီး ဒီအရေးကို ဖြေရှင်းမလား ဆိုတာတွေ ဖြစ်ပါတယ်။

ပါမောက္ခ အိုနီးလ်ကတော့ ဂူအမ်ကျွန်းကို မြောက်ကိုရီးယားက တကယ် တိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ သူတို့ဟာ ကြေညာချက်ထုတ်ပြီးရင် လက်တွေ့အကောင်အထည် ဖော်လေ့ရှိတယ်တာ အတိတ်ကို ပြန်ကြည့်ရင် သိနိုင်တယ်၊ တကယ်လို့ ကစားစရာလို ခြိမ်းခြောက်မှုသက်သက်ပဲ လုပ်တယ်ဆိုရင်တော့ အမှားကို ကျူးလွန်တာပဲလို့ သူက ပြောပါတယ်။

စစ်ဖြစ်သွားမယ်လို့ ရည်ရွယ်ပြီး သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်တဲ့ fire and fury ဆိုတဲ့ စကားလုံးဟာ တရုတ်နဲ့ ရုရှားကို စေ့စပ်ဖျန်ဖြေမယ့်သူတွေ ဖြစ်စေပြီး နိုင်ငံတကာက လူတွေကို တစ်စုတည်း ခေါင်းချင်း ဆိုင်စေခဲ့တယ်လို့ ဒေါက်တာ ဘရိုအီနောင်းစကီးက ပြောပါတယ်။
အနည်းဆုံးအားဖြင့် ဘယ်လို အဖြေရှာကြမလဲဆိုရင် မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေ ဆက်မစမ်းသပ်ဘူးဆိုရင် အပြန်အလှန်အားဖြင့် အမေရိကန်နဲ့ တောင်ကိုရီးယားလည်း စစ်ရေးလေ့ကျင့်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ ရပ်ရမယ်၊ ပြီးရင် စားပွဲဝိုင်းမှာ ထိုင်ကြပြီး အရှေ့မြောက် အာရှမှာ နျူကလီးယား ကင်းလွတ်ဇုန် ဖြစ်ရေး ဆွေးနွေးနိုင်မယ်လို့ ဒေါက်တာ ဘရိုအီနောင်းစကီးက နည်းလမ်းတွေ အကြံပေးပါတယ်။

တရုတ်နဲ့ ရုရှားနိုင်ငံတို့က ပိုပြီး ကျိုးကြောင်းဆီလျော်တဲ့ သံတမန် စကားသုံးပြီး လက်တွေ့ကျကျနဲ့ ပြဿနာထဲက ရုန်းထွက်နိုင်မယ်လို့ သူက ယူဆပါတယ်။
သြစတြေးလျဟာ ပိုပြီး လွတ်လပ်တဲ့ အနေအထားနဲ့ ဒီ မြောက်ကိုရီးယား ပြဿနာမှာ ပါဝင်ဖို့ လိုအပ်နေပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က fire and fury လို့ ပြောသင့်ပြောထိုက်တယ်၊ မြောက်ကိုရီးယားဟာ အာဏာရှင်နိုင်ငံဖြစ်ပြီး နျူကလီးယားနဲ့ ခြိမ်းခြောက်နေတယ်လို့ သမ္မတ ထရမ့်ကို ထောက်ခံသူတွေလည်း ရှိပါတယ်။ မြောက်ကိုရီးယားက ရန်စနေတာကို မတုံ့ပြန်ရင် အမေရိကန် အနေနဲ့ လုံးပါးပါးလာမယ့် အန္တရာယ်ရှိတဲ့အတွက် ဖြစ်ပါတယ်။
သင်ကာ

adv_banner