အမေရိကန် စစ်တပ်နဲ့ လိင်ပြောင်း စစ်မှုထမ်းများ သမိုင်း

0
451

လိင်ပြောင်းထားသူတွေကို အမေရိကန် စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့် မပြုတော့ဖို့ စီစဉ်နေတယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ကြေညာချက်က LGBT အသိုင်းအဝိုင်းကို အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေပါတယ်။

စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း လိင်ပြောင်းလဲမှုဆိုင်ရာ ခွဲစိတ်ကုသမှု ခံယူကြတဲ့ “ဆေးစရိတ် ကုန်ကျမှု အမြောက်အမြား” ကို လျှော့ချနိုင်လိမ့် မယ်လို့ သမ္မတ ထရမ့်က အကြောင်းပြပါတယ်။ ဒါပေမယ့် ခွဲခြမ်းစိတ်ဖြာ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ RAND ရဲ့ ၂၀၁၆ ခုနှစ် လေ့လာမှု တစ်ရပ်မှာတော့ လိင်ပြောင်းလဲမှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက် ကုသစရိတ်ဟာ နည်းတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသူနေသူတွေကို လိင်ပြောင်းလဲမှုဆိုင်ရာ ခွဲစိတ်ကုသ စောင့်ရှောက်ပေးရတဲ့ စရိတ်ဟာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၄ သန်းရှိပြီး တစ်နှစ်မှာ စစ်မှုထမ်းတွေအတွက် စစ်ဖိနပ်ဝယ်ရတဲ့ စရိတ်ထက် ၀ ဒသမ ၁ ရာခိုင်နှုန်းပဲ ပိုပါတယ်။

နောက်ကြောင်းကို ပြန်ကြည့်ရင် အမေရိကန်သမ္မတ ဘားရက် အိုဘားမား လက်ထက်မှာ ကာကွယ်ရေး ဝန်ကြီးဌာနက လိင်ပြောင်းခွဲစိတ်ထားသူတွေ စစ်မှုထမ်းခွင့် ပိတ်ပင်ထားတာကို ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက် ချပြီးနောက် လိင်ပြောင်းလဲတဲ့ စစ်သည်တွေဟာ ခွဲစိတ်တာ၊ ဟော်မုန်းဆေးပေးတာတွေ အပါအဝင် ဆရာဝန်က ညွှန်ကြားတဲ့ လိုအပ်သမျှ ဆေးကုသ စောင့်ရှောက်မှုအတွက် အစိုးရရန်ပုံငွေနဲ့ လုပ်ဆောင်ခွင့် ရသွားခဲ့ပါတယ်။

၂၀၁၁ မှာ သမ္မတ အိုဘားမားက “မမေးနဲ့ မပြောနဲ့” စစ်ဥပဒေ မူဝါဒကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီမူဝါဒဟာ ၁၉၉၄ ခုနှစ်မှာ သမ္မတဟောင်း ဘီလ် ကလင်တန်က စတင်ခဲ့တဲ့ မူဝါဒ ဖြစ်ပါတယ်။ “မမေးနဲ့ မပြောနဲ့” မူဝါဒအရ လိင်ပြောင်းထားတဲ့ စစ်သည်ဟာ သူတို့ရဲ့ အကြီးအကဲ အရာရှိက သူလိင်ပြောင်းထားမှန်း မသိသရွေ့၊ သူကိုယ်တိုင်က သူ လိင်ပြောင်းထားကြောင်း ထုတ်ဖော် မဝန်ခံသရွေ့ စစ်မှုထမ်းခွင့်ရှိတယ် ဆိုတာပဲ ဖြစ်ပါတယ်။

သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အမေရိကန် ပြည်တွင်းစစ် (၁၈၆၁-၁၈၆၅) ကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော် မပြောသော်ငြားလည်း လိင်ပြောင်းထားသူ စစ်မှုထမ်းတွေဟာ စစ်တပ်မှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့တာကို တွေ့ရပါတယ်။ ဥပမာတစ်ခု ထုတ်ပြရရင် လိင်ပြောင်းထားတဲ့ အမျိုးသားတစ်ဦး ဖြစ်သူ အဲလ်ဘတ် ကက်စ်ရှာ ဟာ အမှတ် (၉၅) အီလီနွိုက် တပ်မမှာ တာဝန်ထမ်းဆောင်ပြီး ပြည်တွင်းစစ်မှာ ဝင်တိုက်ခဲ့ပါတယ်။

ငယ်ရွယ်တဲ့ တပ်သား ကက်စ်ရှာဟာ ဗစ်ခ်စ်ဘာ့ဂ် တိုက်ပွဲမှာ ဝင်တိုက်ခဲ့စဉ် သူနဲ့ သူ့ရဲဘော်ရဲဘက်တွေဟာ ပိတ်ဆို့ထားတဲ့ ကွန်ဖက်ဒရေစီ တပ်ကို ဖောက်ထွက်နိုင်ခဲ့ကြပါတယ်၊ သူ့ရဲ့နာမည်ကို အီလီနွိုက် အောင်ပွဲခံ ကျောက်တိုင်မှာ ရေးထိုးထားပါတယ်လို့ နယူးယောက်ခ်တိုင်းမ် သတင်းစာကြီးက ရေးခဲ့ပါတယ်။

၂၀ ရာစုမှာ LGBT တွေကို စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့်ပြုတဲ့ ပထမဆုံး နိုင်ငံဟာ နယ်သာလန် ဖြစ်ပါတယ်။ အဲဒီနောက်မှာ သြစတြေးလျ၊ သြစတီးယား၊ ဘယ်လ်ဂျီယမ်၊ ဘိုလီးဗီးယား၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ နယူးဇီလန်၊ နော်ဝေ၊ စပိန်၊ ဆွီဒင်နဲ့ ဗြိတိန်တို့ဟာလည်း လိင်ပြောင်းထားသူတွေကို စစ်မှုထမ်းခွင့် ပေးခဲ့ပါတယ်။ ကျူးဘား၊ ထိုင်း စတဲ့နိုင်ငံတွေမှာတော့ အထူးစွမ်းဆောင်ချက် ရှိမှ စစ်မှုထမ်းခွင့် ပြုပါတယ်။

အမေရိကန် စစ်တပ်မှာ လိင်ပြောင်းထားတဲ့ စစ်မှုထမ်း အရေအတွက်ဟာ ၁၃၂၀ ကနေ ၆၆၃၀ ဦးအထိ ရှိနိုင်တယ်လို့ RAND အဖွဲ့ရဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။ အရန်တပ်ထဲမှာက ၈၃၀ ကနေ ၄၁၆၀ ဦးအထိ ရှိနိုင်ပါသေးတယ်။ စစ်တပ်နဲ့ အရန်တပ်တွေကနေ အငြိမ်းယူခဲ့တဲ့၊ စစ်ပြန်ဖြစ်ခဲ့တဲ့ လိင်ပြောင်းလဲထားသူပေါင်း ၁၃၄၃၀၀ ဦး ရှိတယ်လို့ ဝီလျမ်စ် အင်စတီကျုက ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ ဝီလျမ်စ် အင်စတီကျုဆိုတာ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပညာရှင်အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ရနိုင်သမျှ အချက်အလက်၊ ရင်းမြစ်တွေကို စဉ်ဆက်မပြတ် လေ့လာမှုတွေအရ လိင်ပြောင်းထားတဲ့ စစ်မှုထမ်းတွေဟာ ပုံမှန် စစ်မှုထမ်းတွေထက် ရာထူးအမြင့်ပိုင်းတွေကို ပိုရောက်ကြတယ်ဆိုတာ တွေ့ရတယ်လို့ အဲဒီသုတေသန စာတမ်းကို ပူးတွဲရေးသားသူ ဂျိုဒီ ဟာမန်က ပြောပါတယ်။

လိင်ပြောင်းထားသူတွေကို စစ်မှုထမ်းခြင်းက တားမြစ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ရဲ့ အစီအစဉ် အသေးစိတ်ကို မသိရသေးပေမယ့် တကယ်သာ အတည်ဖြစ်သွားရင် နိုင်ငံအတွက် စစ်ရေးတာဝန် ထမ်းဆောင်နေသူဟာ နုတ်ထွက်ပေးဖို့နည်းလမ်းပဲ ရှိပါတယ်။

ဒါပေမယ့် ၁၉၉၉ ခုနှစ်တုန်းက LGBT မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ အက်ဒဗိုကိတ် မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ထရမ့် ဖြေကြားခဲ့ဖူးတာ တစ်ခုတော့ ရှိပါတယ်။

Gay တစ်ယောက်ဟာ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ ဒါမှမဟုတ် တခြား တာဝန်တစ်ခုခုကို ယူနိုင်တာပဲ၊ ဘာကြောင့် နိုင်ငံအတွက် စစ်မှု မထမ်းနိုင်ရမှာလဲ၊ ‘မမေးနဲ့ မပြောနဲ့’ မူဝါဒဟာ မအောင်မြင်ဘူးဆိုတာ ရှင်းပါတယ်။ ဥရောပ နိုင်ငံတွေမှာ အောင်မြင်စွာ စစ်မှုထမ်းနေတဲ့ Gay တွေ အများကြီးပါလို့တော့ ထရမ့်က ပြောခဲ့ဖူးပါတယ်။
Sources: ABC, CNN

သင်ကာ

?bph6