ချက်စတာ ဘင်နင်တန်ရဲ့ အောင်မြင်မှု နောက်ကွယ်က အိပ်မက်ဆိုးများ

0
430

Linkin Park ရော့ခ်ဂီတ အဖွဲ့ရဲ့ ဦးဆောင်အဆိုတော် ချက်စတာ ဘင်နင်တန် (Chester Bennington) သူ့ကိုယ်သူ ဆွဲကြိုးချပြီး အဆုံးစီရင်သွားတဲ့ သတင်းဟာ ကမ္ဘာတလွှား ဂီတသမားတွေနဲ့ သူ့ပရိသတ်တွေ အကြား တုန်လှုပ်သွားစေခဲ့ပါတယ်။ ဇူလိုင်လ ၂၀ ရက်နေ့ သူသေဆုံးချိန်မှာ အသက် ၄၁ နှစ်ပဲ ရှိပါသေးတယ်။

၂၀၀၀ ပြည့်နှစ်မှာ Hybrid Theory အယ်လ်ဘမ်နဲ့ ပထမဆုံး နာမည်ကြီးခဲ့တဲ့ ဘင်နင်တန်ရဲ့ အောင်မြင်တွေရဲ့ နောက်ကွယ်မှာ ကိုယ်ရေးကိုယ်တာ ပြဿနာတွေနဲ့ ရုန်းကန်ရတာတွေ ရှိနေခဲ့ပါတယ်။ ကလေးဘဝ အရွယ်တုန်းက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှု အရိပ်မည်း၊ အောင်မြင်မှုမရခင် အိုးမဲ့အိမ်မဲ့ ဘဝနဲ့ လမ်းပေါ်မှာ နေခဲ့ရတဲ့ ဘဝနဲ့အတူ အောင်မြင်ပြီး နောက်ပိုင်းမှာ မူးယစ်ဆေးနဲ့ အရက်စွဲတဲ့ ဒဏ်ကို တွန်းလှန်နေခဲ့ရပါတယ်။

၂၀၀၃ ခုနှစ်မှာ Meteora, ၂၀၀၇ ခုနှစ်မှာ Minutes to Midnight, ၂၀၁၀ ပြည့်နှစ်မှာ A Thousand Suns, ၂၀၁၂ ခုနှစ်မှာ Living Things, ၂၀၁၄ ခုနှစ်မှာ The Hunting Party နဲ့ ၂၀၁၇ ခုနှစ်မှာ One More Light အခွေတွေ ထွက်ရှိခဲ့ပြီး Linkin Park ရဲ့ အောင်မြင်မှုကို ဆက်တိုက် ထိန်းထားနိုင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်၊ ၂၀၁၃ ခုနှစ်တို့မှာလည်း တခြားဂီတအဖွဲ့တွေနဲ့ အယ်လ်ဘမ်တွေလည်း ထွက်ခဲ့ပါသေးတယ်။

ဘင်နင်တန်ကို အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မှာ ၁၉၇၆ မတ်လ ၂၀ ရက်နေ့မှာ မွေးဖွားပြီး မိခင်က သူနာပြု၊ ဖခင်က ရဲစုံထောက် ဖြစ်ပါတယ်။ ဘင်နင်တန်က ဂီတကို ငယ်စဉ်ကတည်းက ဝါသနာပါခဲ့ပြီး Stone Temple Pilots အဖွဲ့မှာ အဖွဲ့ဝင်ဖြစ်ဖို့ အိပ်မက် မက်ခဲ့ကာ နောင်မှာ တကယ်လည်း အဖွဲ့ဝင် ဖြစ်လာပါတယ်။

သူ့အသက် ၇ နှစ်အရွယ်မှာ သူ့ထက်ကြီးတဲ့ သူငယ်ချင်း ယောက်ျားလေးက သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားတာ ခံခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှ ထုတ်ဖော် ပြောဖူးပါတယ်။ သူ့ကို ဂေးထင်မှာစိုးလို့ မိဘတွေကို မပြောရဲခဲ့ဘဲ အသက် ၁၃ နှစ်အထိ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပါတယ်။ ဘင်နင်တန် အသက် ၁၁ နှစ်မှာ မိဘတွေ ကွဲခဲ့ပြီး အုပ်ထိန်းခွင့်ကို သူ့အဖေက ရပါတယ်။ သူ လိင်ပိုင်းဆိုင်ရာ အစော်ကားခံနေရတာကို သူ့အဖေကို ဖွင့်ပြောဖို့ ကြိုးစားခဲ့ပေမယ့် သူ့ကို အနိုင်ကျင့်နေသူ ကိုယ်တိုင်ကလည်း တခြားသူတစ်ဦးရဲ့ အနိုင်ကျင့်နေတာကို ခံနေရသူ ဖြစ်တယ်ဆိုတာ သိပြီးနောက် သူ ဘာမှ ထုတ်ပြောဖို့ မကြိုးစားခဲ့တော့ပါဘူး။

အဆိုတော် ဖြစ်မလာခင် ဘာဂါ ကင်း (Burger King) ဆိုင်မှာလည်း အလုပ်လုပ်ဖူးပါတယ်။
နောက်ပိုင်းမှာ ဘင်နင်တန်ဟာ ဆေးခြောက်၊ အရက်၊ ဘိန်း၊ ကိုကင်း၊ မက်သာဖက်တမင်းတွေ သုံးစွဲခဲ့ပါတယ်။ Linkin Park ဂီတ ဖျော်ဖြေရေး ခရီးစဉ်တွေမှာလည်း အရက်အလွန်အကျွံ သောက်ပါတယ်။

အယ်လ်ကာ ဘရန်းဆိုတဲ့ အမျိုးသမီးနဲ့ ချစ်ကြိုက်ခဲ့ပြီး ဂျိမ်းဆိုတဲ့ သားတစ်ဦး ရခဲ့ပါတယ်။ သူမ တခြားလူနဲ့ ရထားတဲ့ အိဆတ်ဆိုတဲ့ သားကိုလည်း ဘင်နင်တန်က မွေးစားခဲ့ပါတယ်။ ဆမန်သာ အိုလစ်နဲ့ ၁၉၉၆ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ဆမန်သာ အိုလစ်နဲ့ ဒရာဘင် ဆီဘက်စတိန်း ဘင်နင်တန် ဆိုတဲ့ သားတစ်ယောက် ထွန်းကားခဲ့ပါတယ်။ အဲဒီနောက် ပလေးဘွိုင်း မဂ္ဂဇင်းမှာ မော်ဒယ်လုပ်ဖူးတဲ့ တာလင်ဒါ ဘင်တလေနဲ့ ၂၀၀၆ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ သူမနဲ့ ကလေး သုံးယောက် ရခဲ့ပြီး တိုင်လာ လီ ဘင်နင်တန်၊ အမွှာပူးဖြစ်တဲ့ လီလီ နဲ့ လီလာတို့ ဖြစ်ပါတယ်။ ဘင်နင်တန်မှာ စုစုပေါင်း ကလေး ၆ ယောက် ရှိတာ ဖြစ်ပါတယ်။

ဘင်နင်တန်ဟာ ဆေးမင်ကြောင် ထိုးရတာကိုလည်း ဝါသနာပါသူ ဖြစ်ပါတယ်။

ကျန်းမာရေးကတော့ မက်တီယိုရာ အယ်လ်ဘမ် စီစဉ်နေစဉ် ၂၀၀၃ ခုနှစ်တုန်းက ချူချာခဲ့ပါတယ်။ ဗိုက်အောင့်တာနဲ့ အစာအိမ်ရောဂါဆိုင်ရာတွေ ခံစားခဲ့ရပါတယ်။ ချက်သမ္မတ နိုင်ငံ၊ ပရာဟာမြို့မှာ ရုပ်သံဂီတခွေ ရိုက်နေရင်း အမေရိကန်ကို ပြန်ပြီး ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။

၂၀၁၁ ခုနှစ်မှာလည်း ဖျားနာလို့ ဖျော်ဖြေပွဲ သုံးပွဲ ဖျက်သိမ်းခံရဖူးပါတယ်။ လက်ဒဏ်ရာရတာ၊ ပုခုံးဒဏ်ရာရတာ၊ ခြေကျင်းဝတ် ဒဏ်ရာရတာတွေလည်း ရှိခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်ရှိ သူ့အိမ်မှာ ကြိုးဆွဲချ သေနေတာကို ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၉ နာရီလောက်မှာ အိမ်အကူတစ်ယောက် တွေ့ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့မှာ ကြိုးဆွဲချ အဆုံးစီရင်သွားတဲ့ အဆိုတော်၊ တေးရေးဆရာ ခရစ် ကော်နဲလ်ရဲ့ ၅၃ နှစ်မြောက် မွေးနေ့မှာ ဘင်နင်တန် အဆုံးစီရင်သွားခဲ့တာ ဖြစ်ပါတယ်။

ချက်စတာ ဘင်နင်တန် အဆုံးစီရင်သွားပြီးနောက် ကျန်ရစ်တဲ့ Linkin Park အဖွဲ့သားတွေက ဘင်နင်တန် သီဆို သရုပ်ဆောင်ထားတဲ့ Talking to Myself သီချင်းကို အင်တာနက်မှာ တရားဝင် လွှင့်တင်ပေးခဲ့ပါတယ်။

သင်ကာ

?bph6