တရုတ် ဒီမိုကရေစီအရေး လှုပ်ရှားသူ လူရှောက်ဘိုရဲ့ ဘဝခရီးကြမ်း

တရုတ် ဒီမိုကရေစီအရေး လှုပ်ရှားသူ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် လူ ရှောက်ဘိုဟာ အသည်းကင်ဆာနဲ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ လူရှောက်ဘိုဟာ ကဗျာဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ စာပေပညာရှင်လည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ တောင်းဆိုတဲ့ စာတမ်းကို ရေးသားခဲ့တဲ့ အတွက် လူရှောက်ဘိုကို တရုတ်အစိုးရက ၂၀၀၉ ခုနှစ်မှာ ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေးခဲ့ပြီး ဇနီးဖြစ်သူ ပန်းချီဆရာမ၊ ကဗျာဆရာမ၊ ဓာတ်ပုံဆရာမ လူရှား ဟာလည်း နေအိမ်အကျယ်ချုပ် ချခံထားရပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ လူရှောက်ဘိုဟာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရပါတယ်။

အသည်းကင်ဆာ နောက်ဆုံးအဆင့် ရောက်နေပြီဆိုတာ သိရပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့မှာ တရုတ်အစိုးရက လူရှောက်ဘိုကို ထောင်ထဲက ထုတ်ပြီး ဆေးရုံ ပို့ခဲ့ပါတယ်။
လူရှောက်ဘို ကင်ဆာနောက်ဆုံးအဆင့် ရောက်နေပြီဆိုတဲ့ သတင်းဟာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လူရှောက်ဘိုရဲ့ မိတ်ဆွေတွေကို တုန်လှုပ်စေခဲ့ပါတယ်။

ဂျာမနီနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက လူရှောက်ဘိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံက ဆရာဝန်တွေနဲ့ ဆေးကုသပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် တရုတ်အစိုးရက လူရှောက်ဘိုကို ပြည်ပနိုင်ငံတွေဆီမှာ သွားရောက် ကုသခွင့် မပြုဘဲ တရုတ် ထိပ်တန်း ဆရာဝန်တွေနဲ့ ကုသနေပါတယ်လို့ ပြောဆိုခဲ့ပြီး လူရှောက်ဘိုရဲ့ ကျန်းမာရေး အခြေအနေကိုလည်း သတင်းထုတ်ပြန်ပေးမှု အားနည်းခဲ့ပါတယ်။

ကွန်မြူနစ် တစ်ပါတီစနစ် အုပ်ချုပ်ရေး အဆုံးသတ်စေဖို့ လှုပ်ရှားသူ ဖြစ်လာမယ့် လူရှောက်ဘိုကို ကျိလင်ပြည်နယ်၊ ချန်ချွန်မြို့မှာ ၁၉၅၅ ခုနှစ်က မွေးဖွားပြီး ပညာတတ်အသိုင်းအဝိုင်းက ဖြစ်ပါတယ်။ သူ့ဖခင်ကတော့ ကွန်မြူနစ်ပါတီကို သစ္စာရှိသူ ပါမောက္ခတစ်ဦး ဖြစ်ပါတယ်။
လူရှောက်ဘိုဟာ ကျိလင် တက္ကသိုလ်ကနေ တရုတ်စာပေနဲ့ ဘီအေဘွဲ့၊ ဘေဂျင်း နော်မယ် တက္ကသိုလ်ကနေ မဟာဝိဇ္ဇာနဲ့ ပါရဂူဘွဲ့တွေ ရရှိခဲ့ပါတယ်။ မဟာဝိဇ္ဇာဘွဲ့ရပြီးနောက် ၁၉၈၄ ခုနှစ်မှာ ဘေဂျင်း နော်မယ် တက္ကသိုလ်မှာပဲ ကထိက ပြန်လုပ်ခဲ့ပါသေးတယ်။

‘တောင်လီ’ ဆိုတဲ့ အမျိုးသမီးကိုလက်ထပ်ပြီး ‘လူတောင်’ ဆိုတဲ့ သားတစ်ဦး ၁၉၈၅ မှာ ထွန်းကားခဲ့ပါတယ်။ စာပေ ဝေဖန်ရေးဆောင်းပါးတွေ ရေးရာမှာ လက်ဇောင်းထက်ရုံမက အစိုးရမူဝါဒ သဘောတရားတွေကိုလည်း စူးစူးရှရှ ဝေဖန်တဲ့အတွက် သူ့ကို ‘မြင်းနက်’ လို့ ခေါ်ကြပါတယ်။
စာပေမှာရော အတွေးအခေါ်ပိုင်းမှာပါ ထက်မြက်ပြီး တရုတ်ပညာရှင် အသိုင်းအဝိုင်းမှာပါ လွှမ်းမိုးနိုင်လာတဲ့အတွက် ‘လူရှောက်ဘို ကိုင်လှုပ်မှု’ လို့တောင် တင်စား ခေါ်ဝေါ်ခဲ့ကြပါတယ်။

အစဉ်အလာ ကြီးမားတဲ့ ကွန်ဖြူးရှပ် ဝါဒကိုလည်း ဝေဖန်တဲ့အတွက် လူငယ် ပညာတတ်တွေအကြား ရေပန်းစားခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်မှာ ဒဿန ဝေဖန်ရေးစာအုပ် တစ်အုပ် ရေးသားခဲ့ပြီး ရောင်းအကောင်းဆုံးစာရင်း ဝင်ခဲ့ပါတယ်။ ၁၉၈၈ မှာ သူ့ရဲ့ ပါရဂူဘွဲ့ကျမ်းကို စာအုပ်အဖြစ် ထုတ်ဝေပါတယ်။
သူ့ရဲ့ ထက်မြက်မှုကြောင့် ကိုလံဘီယာ တက္ကသိုလ်၊ အော်စလို တက္ကသိုလ်၊ ဟာဝိုင်အီ တက္ကသိုလ် အပါအဝင် တက္ကသိုလ် အများအပြားမှာ ဧည့် ပညာရှင်အဖြစ် သွားရောက်ခဲ့ပါတယ်။

၁၉၈၉ တိန့်ရင်နန်မင် ရင်ပြင် ဆန္ဒပြမှု ဖြစ်လာတဲ့အခါ အမေရိကန်ကို ရောက်နေတဲ့ လူရှောက်ဘိုဟာ တရုတ်နိုင်ငံကို ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဆန္ဒပြမှုကို အကြမ်းဖက် မနှိမ်နင်းခင် ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဖျောင်းဖျ နားချ ခေါ်ထုတ်နိုင်ခဲ့လို့ အသက်ပေါင်း ရာနဲ့ချီ ကယ်တင်နိုင်ခဲ့တဲ့ ‘တိန့်ရင်နန်မင် ရင်ပြင်ရဲ့ လူကြီးလူကောင်း ၄ ဦး’ ထဲမှာ လူရှောက်ဘိုက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

အနောက်တိုင်း ဒဿနတွေကို သုံးသပ်တဲ့ စာအုပ် ရေးသားထုတ်ဝေပြီး နောက် တရုတ်အစိုးရက သူ့ကို စာရေးခွင့် ပိတ်လိုက်ပါတယ်။
လူရှောက်ဘိုဟာ ရှေးတရုတ်အစဉ်အလာတွေက ရုန်းထွက်တဲ့ ‘ယဉ်ကျေးမှုသစ် လှုပ်ရှားမှု’ ကိုလည်း ထောက်ခံသူ ဖြစ်ပါတယ်။

သူ့ရဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ၊ စူးရှတဲ့ ဝေဖန်မှုတွေ၊ သူ့ရဲ့ နိုင်ငံရေးအမြင်တွေကြောင့် ၁၉၈၉ ကနေ ၁၉၉၁ အထိ ပထမအကြိမ်၊ ၁၉၉၅ ကနေ ၁၉၉၆ အထိ ဒုတိယအကြိမ်၊ ၁၉၉၆ ကနေ ၁၉၉၉ အထိ တတိယအကြိမ် ထောင်ကျခဲ့ပါတယ်။ နောက်ဆုံးအကြိမ် ၂၀၁၉ မှာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် အခု ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

အခု လက်ရှိဇနီး လူရှားနဲ့ ၁၉၉၆ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ လူရှောက်ဘိုဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့လို့ ၂၀၀၄ မှာ နယ်စည်းမခြား သတင်းထောက်များဆု ရခဲ့ပါသေးတယ်။
ဂျာမနီ၊ ယူကေ၊ ပြင်သစ်၊ အမေရိကန်၊ ထိုင်ဝမ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မင်းကြီး ဇေယစ် ရာအတ် အယ်လ် ဟူစိန် တို့က လူရှောက်ဘိုရဲ့ ဇနီး မုဆိုးမ ဖြစ်သွားတဲ့ လူရှားကို ခရီးသွားခွင့်ပေးပြီး သူမ ဆန္ဒရှိရင် တိုင်းပြည်က ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားကြပါတယ်။

လူရှောက်ဘိုကို ‘တရုတ်ပြည်ရဲ့ မင်ဒဲလား’ လို့ နိုင်ငံတကာ မီဒီယာတွေက တင်စားတာကိုလည်း တရုတ်အစိုးရက ကန့်ကွက်ခဲ့ပါတယ်။
အကျဉ်းကျနေစဉ်အတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိသူတွေထဲမှာ ဂျာမနီက ကားလ် ဖွန် အိုစစ်ဇကီ၊ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ပြီးရင် လူရှောက်ဘိုက တတိယမြောက် ဖြစ်ပါတယ်။

ဒါ့အပြင် နိုဘယ်လ်ဆုကို ကိုယ်စားယူဖို့ ငြင်းဆိုခဲ့ပြီး ဆုမယူလိုက်ရဘဲ ထောင်ထဲမှာ ကွယ်လွန်သူတွေထဲမှာ နာဇီ အကျဉ်းစခန်းမှာ ကွယ်လွန်သွားတဲ့ ကားလ် ဖွန် အိုစစ်ဇကီပြီးရင် လူရှောက်ဘိုက ဒုတိယမြောက် ဖြစ်ပါတယ်။
တရုတ် ဒီမိုကရေစီအရေး လှုပ်ရှားသူ၊ စာပေပညာရှင်၊ နိုဘယ်လ်ဆုရှင် လူရှောက်ဘိုဟာ ကွယ်လွန်ချိန် အသက် ၆၁ နှစ် ရှိပြီ ဖြစ်ပါတယ်။

သင်ကာ

adv_banner
adv_banner
adv_banner adv_banner