အစွန်းရောက်ဝါဒ အတွက် UK ဟာ ပျော့ကွက် ဖြစ်နေပြီလား

UK နိုင်ငံ၊ မန်ချက်စတာ အရီနာမှာ မေလ ၂၂ ရက်နေ့ညက ၂၂ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရတဲ့ အသေခံ ဗုံးခွဲမှု ဖြစ်ပွားခဲ့ပါတယ်။ UK ရဲ့ တတိယမြောက် လူဦးရေ အထူထပ်ဆုံး မြို့ရှိ လူ ၂ သောင်း ၁ ထောင်ဆံ့ ကဇာတ်ရုံကြီးမှာ ဖြစ်သွားခဲ့တာပါ။ ဗုံးပေါက်ကွဲမှုဟာ အမေရိကန် ပေါ့ပ်အဆိုတော် အရိန်နာ ဂရန်ဒီက ဖျော်ဖြေတင်ဆက်နေချိန် ဖြစ်ပါတယ်။

 

ဒီတိုက်ခိုက်မှုကြီးကို တစ်ဦးတည်းက လုပ်သွားတာဖြစ်ပြီး ဗုံးကွဲမှုမှာ သူပါ သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်းနဲ့ ဒီ အကြမ်းဖက်သမားဟာ အကြမ်းဖက် ကွန်ရက်ရဲ့ အစိတ်အပိုင်းတစ်ခုလား ဆိုတာ စုံစမ်းနေကြောင်း ဂရိတ်တား မန်ချက်စတာ ရဲ အကြီးအကဲ အီယန် ဟော့ပ်ကင်းစ်က ပြောပါတယ်။

မန်ချက်စတာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး တိုင်းမ် မဂ္ဂဇင်းကတော့ အချက် ၃ ချက် ခွဲပြီး သုံးသပ် ထားပါတယ်။ ပထမ အချက်ကတော့ ဆီးရီးယားနဲ့ အီရတ်က ဂျီဟတ် အကြမ်းဖက် အဖွဲ့တွေမှာ ဗြိတိန် နိုင်ငံသား ၈၅၀ လောက် သွားရောက် ပူးပေါင်းနေကြတယ် ဆိုတဲ့အချက်ပါ။

အခု ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေဟာ ၂၀၁၄ ခုနှစ်မှာ ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ယူစဉ်က UK ရဲ့ အကြမ်းဖက်ခံရဖို့ ခြိမ်းခြောက်မှု အဆင့်ကို အမြင့်ဆုံးထဲက တစ်ခုအဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ အဲဒါထက် မြင့်တာ နောက်တစ်ဆင့်ပဲ ကျန်ပါတော့တယ်။

UK ကနေ လူ ၈၅၀ လောက်ဟာ ဆီးရီးယားနဲ့ အီရတ်မှာ ဂျီဟတ်အဖွဲ့တွေကို အကူအညီပေးဖို့ ခရီးသွားခဲ့ကြတယ်လို့ ဗြိတိသျှ ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါလအထိ အဲဒီထဲက ထက်ဝက်လောက်ဟာ UK ကို ပြန်လာခဲ့တယ်လို့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

IS အကြမ်းဖက် အဖွဲ့ဟာ ခြေကုပ်ရယူထားတဲ့ နယ်မြေတွေ ဆုံးရှုံးသွားတဲ့အတွက် သွားရောက် ကူညီတိုက်ခိုက်နေသူတွေ ပြန်လာဖို့ ပြင်ဆင်နေကြတယ်လို့လည်း လုံခြုံရေးဆိုင်ရာ အရာရှိတွေက ပြောခဲ့ပါတယ်။ IS အကြမ်းဖက်အဖွဲ့တွေရဲ့ အမာခံ ခြေကုပ်စခန်းတွေ ဖြစ်တဲ့ ဆီးရီးယား မြောက်ပိုင်းက ရက်ကာနဲ့ အီရတ်က မိုဆူးလ်မြို့တို့ဟာ လာမယ့် နွေရာသီမှာ လက်လွှတ်ရဖို့ များနေပါတယ်။
IS မှာ သွားရောက် တိုက်ခိုက်နေသူတွေ ပြန်လာမယ်ဆိုရင် အလွန် အန္တရာယ်များပြီး ထိခိုက်မှုတွေ ဖြစ်လာမယ်လို့ အစိုးရနဲ့ နီးစပ်သူတွေကလည်း ဂါးဒီးယန်း သတင်းစာကို ပြောထားပါတယ်။

ဒုတိယ တစ်ချက်ကတော့ မန်ချက်စတာကို အရင်ကလည်း အကြမ်းဖက်သမားတွေ တိုက်ခိုက်ဖို့ ကြိုးစားဖူးတယ်ဆိုတဲ့ အချက်ပါ။

၂၀၀၉ ခုနှစ်တုန်းက မန်ချက်စတာမှာ အသေခံဗုံးခွဲဖို့ ကြိုးပမ်းတယ်လို့ ဝန်ခံတဲ့ ပါကစ္စတန် နိုင်ငံသာ အဘစ် နက်ဆာကို ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ နယူးယောက် စီးတီး တရားသူကြီးက ထောင်ဒဏ် အနှစ် ၄၀ ချလိုက်ပါတယ်။

လူစည်ကားတဲ့ အီစတာပွဲတော် နေ့ရက်မှာ မန်ချက်စတာရှိ အန်ဒဲလ် ဈေးဝယ်စင်တာမှာ ဗုံးခွဲဖို့ ကြိုးပမ်းမှုနဲ့ ထောက်လှမ်းရေးက ဖမ်းဆီးလိုက်တဲ့ အသက် ၂၉ နှစ်အရွယ် နက်ဆာကို အမေရိကန်ဆီ တရားခံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နက်ဆာဟာ ဈေးဝယ်စင်တာအနီး ကားဗုံးနဲ့ တိုက်ခိုက်ဖို့ရယ် နောက်ထပ် အသေခံ ဗုံးခွဲဖို့ရယ် ကြံစည်ခဲ့တာ ဖြစ်ပါတယ်။ နက်ဆာအပြင် လီဗာပူးလ်၊ မန်ချက်စတာတို့မှာ နေထိုင်တဲ့ ပါကစ္စတန် နိုင်ငံသား ၉ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

တတိယအချက်ကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ဗြိတိသျှ ရဲတွေက အမြဲတမ်း လက်ဦးမှု ရယူပြီး တားဆီးနိုင်ခဲ့တဲ့ အချက် ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် နောက်ပိုင်း UK မှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှု ၁၃ ခုကို တားဆီးနိုင်ခဲ့တယ်လို့ ဗြိတိသျှ အကြမ်းဖက်မှု တုံ့ပြန်ရေး ဝါရင့် အရာရှိ မာ့ခ် ရော်လီက ပြီးခဲ့တဲ့ မတ်လတုန်းက ပြောဆိုခဲ့ဖူးပါတယ်။ အဲဒီ အကြမ်းဖက်ဖို့ ကြိုးပမ်းမှုတွေဟာ ၂၀၁၅ ပါရီ တိုက်ခိုက်မှုနဲ့ ၂၀၁၆ ဘရပ်ဆဲလ် တိုက်ခိုက်မှု ပဏာမတွေလောက် ရှိနိုင်လိမ့်မယ်လို့လည်း ရော်လီက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ ဗြိတိသျှ နိုင်ငံသား ခါလစ် မာဆွတ်ဟာ UK ပါလီမန်အနီးမှာ ရဲအရာရှိတစ်ဦးကို ဓားနဲ့ ထိုးသတ်ပြီး လူအုပ်ထဲကို ကားနဲ့ ဝင်တိုက်တဲ့အတွက် သူအပါအဝင် ၅ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာလည်း ပါလီမန်အနီး ဓားကိုင်လာသူ တစ်ဦးကို ရဲတွေက ပစ်ခတ် တားဆီးခဲ့ပါတယ်။

မန်ချက်စတာ ဗုံးကွဲမှုဟာ အသေခံ ဗုံးခွဲမှုဆိုတာ သေချာရင် ၂၀၀၅ ဇူလိုင် ၇ ရက်နေ့ လန်ဒန် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာ အစ္စလာမ် အစွန်းရောက် ၄ ယောက်က အသေခံ ဗုံးခွဲမှုတွေကြောင့် ၅၂ ဦး သေဆုံးရတဲ့ ဖြစ်ရပ်ပြီးရင် ဒုတိယမြောက် အဆိုးဝါးဆုံး အသေခံ ဗုံးခွဲမှု ဖြစ်လာပါလိမ့်မယ်။

Ref: Time, The Guardian

adv_banner