NLD အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နှစ်တာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသက်တမ်း တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ ချီတဲ့ စစ်အုပ်ချုပ်မှု၊ အရပ်သားတစ်ပိုင်း အစိုးရရဲ့ အုပ်ချုပ်မှုတွေကနေ လက်လွှဲယူခဲ့ရတဲ့ NLD အစိုးရရဲ့ အနေအထားဟာ တစ်နှစ်ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ သုံးသပ်ရင် အဖြူအမည်း သဲကွဲဖို့ ခက်မှာ ဖြစ်ပါတယ်။

ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရအပေါ် အမြင်တွေကလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ၁၂ လတာ အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဥပဒေတွေ ပြင်ဆင် ဖြည့်စွက်မှုတွေဟာလည်း အကောင်အထည်အားဖြင့် ထင်သလောက် ပေါ်မလာတဲ့အတွက် တချို့ကလည်း အားမလို အားမရ ဖြစ်တာတွေ ရှိပါတယ်။

“ပြုပြင်ပြောင်းလဲရေးမှာ မျှော်လင့်ချက်တွေက အရမ်းမြင့်ပါတယ်။ ဘေးက လေ့လာ စောင့်ကြည့်သူတွေတောင် NLD ရင်ဆိုင်နေတဲ့ အကန့်အသတ်တွေကို မြင်နိုင်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း မစ္စတာ ဒဲရက် မစ်ချယ်က တိုင်းမ်မဂ္ဂဇင်းကို ပြောပါတယ်။

ဒါပေမယ့် မြန်မာ့အရေး လေ့လာသူ ဒေးဗစ် မက်သီဆန်ကတော့ NLD အစိုးရရဲ့ ရည်မှန်းချက်တွေနဲ့ တပ်မတော်ရဲ့ အကျိုးစီးပွား လိုင်းမပြတ်ဘူးလို့ ဝေဖန်ပါတယ်။

International Crisis Group က အကြံပေး နိုင်ငံရေး လေ့လာသုံးသပ်သူ ရစ်ချတ် ဟိုစေ ကတော့ လူထုကြားမှာ ရွေးကောက်ထားတဲ့ အစိုးရဟာ သူတို့ ဖြစ်စေချင်သလို ဖြစ်မလာသေးဘူးဆိုတဲ့ ခံစားချက်တွေ တိုးပွားနေကြောင်းနဲ့ တဖက်က ကြည့်ရင်လည်း မျှော်လင့်ချက်တွေက မြင့်လွန်းသလို အစိုးရအဖွဲ့ကလည်း ကောင်းကောင်း မလုပ်တာလည်း ပါတယ်လို့ AFP သတင်းဌာနကို သုံးသပ် ပြောဆိုပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာကတော့ အစိုးရသစ် လက်အောက်မှာ အခြေအနေတွေ တိုးတက်လာလိမ့်မယ်ဆို မျှော်လင့်ခဲ့ကြပါတယ်၊ ဒါပေမယ့် အခြေအနေက ပိုဆိုးလာတယ်၊ စစ်အုပ်ချုပ်ရေးကို မျက်နှာဖုံးအုပ်ပြီး ဆက်လုပ်ခိုင်းသလို ဖြစ်နေတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလို အရမ်းအရေးကြီးတဲ့ ကိစ္စမှာတောင် NLD အစိုးရအနေနဲ့ရော လွှတ်တော်တွေ အနေနဲ့ပါ စစ်တပ်က ၂၅ ရာခိုင်နှုန်း ထည့်ထားတာနဲ့တင် ကျော်လွှားဖို့ သိပ်ခက်ခဲနေပါပြီ။ ၂၀၀၈ မှာ စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံအရ အခု အသက် ၇၁ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုတောင် သမ္မတဖြစ်ခွင့်မရအောင် တားဆီးထားတာပါ။

ပြည်ထဲရေး၊ နယ်စပ်ရေးရာနဲ့ ကာကွယ်ရေးတို့လို အရေးကြီးတဲ့ ဝန်ကြီးဌာနတွေကလည်း တပ်မတော်ရဲ့ လက်ထဲမှာ ရှိနေပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ NLD အစိုးရအဖွဲ့ဟာ ရုတ်တရက် တံခါးဖွင့်လိုက်တဲ့ မြန်မာနိုင်ငံကို စီမံခန့်ခွဲဖို့ အသင့်ပြင်ထားခြင်း မရှိဘူးလို့ ဝေဖန်ချက်တွေလည်း ရှိပါတယ်။ ဒီမိုကရေစီ အပြောင်းအလဲကို အချိန်တိုတိုနဲ့ စလိုက်တဲ့ မြန်မာနိုင်ငံမှာ ခေတ်သစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး ပြောင်းလဲမှုတွေ ရင်ဆိုင်ရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေအတွက် မျက်နှာစာ ပေါင်းစုံမှာ အသင့်မဖြစ်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

အာရှမှာ အဆင်းရဲဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲလည်း ရှိပါတယ်။ လက်နက်ကိုင် အဖွဲ့ ၂၀ ဟာလည်း အစိုးရ တပ်မတော်နဲ့ မကြာခန တိုက်ခိုက်နေကြပါတယ်။ ဗြဟ္မာကြီး ဦးခေါင်းလို ဘယ်သူမှ မကိုင်တွယ်နိုင်တဲ့ ရခိုင်ပြည်နယ်က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ကြွေးကြော်နေတဲ့ လူမျိုးစု ပြဿနာကလည်း အကြမ်းဖက် တိုက်ခိုက်မှု အဆင့်အထိ ရောက်လာပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ရန်ဟီးလီက လူ့အခွင့်အရေး ကောင်စီကို ရခိုင်ကိစ္စ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ တောင်းဆိုတာ၊ ကုလသမဂ္ဂမှာ ရခိုင်ကိစ္စ အချက်အလက် ရှာဖွေရေး အဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်တာ တို့ကလည်း NLD အစိုးရအတွက် နိုင်ငံတကာ ဖိအားတွေ အလွန်အကျွံ ဖြစ်လာစေပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အပြင် အစိုးရက ဖွဲ့ပေးထားတဲ့ ကော်မတီတွေနဲ့ ပြဿနာ ဖြေရှင်းရေး လုပ်ဆောင်နေတဲ့အတွက် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို NLD အစိုးရက ကန့်ကွက်ထားပါတယ်။

အကျင့်ပျက် လာဘ်စားမှုနဲ့ ဗြူရိုကရေစီ ကြိုးနီစနစ်လို အစိုးရဌာနတွေအတွင်း တွယ်နေတဲ့ အမြစ်တွေကလည်း ဖြတ်ဖို့ ရှိနေပါတယ်။ ဆုတ်ယုတ်ကျဆင်းနေတဲ့ ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ တရားရေး စနစ်တွေဟာလည်း ပြုပြင်ပြောင်းလဲရေးမှာ အလွန်နှေးကွေး လေးလံနေဆဲ ဖြစ်ပါတယ်။

မနှစ်က စက်တင်ဘာမှာ အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးလိုက်ပေမယ့် ဥပဒေကြောင်း အကန့်အသတ် ရှုပ်ထွေးမှုတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း တုံ့ဆိုင်းနေပါသေးတယ်။ စိုက်ပျိုးရေး ကဏ္ဍမှာ လုပ်ကိုင်နေသူ ၇၀ ရာခိုင်နှုန်းရှိတဲ့ မြန်မာနိုင်ငံမှာတောင် စိုက်ပျိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေက ထင်သလောက် မရောက်သေးပါဘူး။

စီးပွားရေးနဲ့ ရင်နှီးမြှုပ်နှံမှု အကြောင်း ပြောမယ်ဆို ပြည်တွင်း ငြိမ်းချမ်းရေးကို အရင် ထည့်ပြောရမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကဏ္ဍ တိုးချဲ့ရေး၊ သယံဇာတ ပစ္စည်းတွေ ထုတ်ယူသုံးစွဲရေးတွေ လုပ်ဆောင်ရမယ့် နေရာတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်နေဆဲပါ။

လတ်တလော ကိုးကန့် MNDAA နဲ့ တိုက်ပွဲလိုမျိုးတွေကြောင့် နယ်စပ်ကုန်သွယ်ရေးဟာ မစီးဆင်းနိုင်ဘဲ ဖြစ်နေပါတယ်။ NLD အစိုးရ တက်လာပြီးနောက် ပြန်စလာတဲ့ တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးမှာ လူပေါင်း ၁ သိန်း ၆ သောင်းကျော်ဟာ စစ်ပြေးစစ်ရှောင်၊ ဒုက္ခသည်တွေ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဆိုပါတယ်။

ဗဟိုအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား သုံးပွင့်ဆိုင်အကြား နားလည်မှု တည်ဆောက်ဖို့တာကလည်း မရေမရာ ဖြစ်နေပါတယ်။

မြန်မာပြည်အနေနဲ့ ပြဿနာတွေကို ကိုင်တွယ်လို့ ရချင်ရနိုင်ပေမယ့် စစ်အစိုးရကနေ ဒီမိုကရေစီ ကူးပြောင်းမှု အနေအထားမှယ ထူးခြားတဲ့ တိုးတက်မှုရှိတယ် လို့တော့ မဆိုနိုင်ဘူးလို့ တိုင်းမ်မဂ္ဂဇင်းကတော့ သုံးသပ်ပါတယ်။
လုပ်ကြံခံရတဲ့ ဦးကိုနီရဲ့ ဈာပနမှာတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ၁၀ လ၊ တစ်နှစ်ဆိုတာ လုံလောက်တဲ့ကာလ မဟုတ်ဘူးလို့ ပြောဖူးပါတယ်။ စစ်အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ထားခဲ့တဲ့ ကန့်သတ်ချက်ဟာလည်း အစိုးရရဲ့ ခြေလှမ်းတွေကို တုပ်နှောင်ထားတယ်ဆိုတာ မေ့လို့ မရပါဘူး။ ဆယ်စုနှစ်များစွာ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ မျက်နှာစာတွေကို NLD အစိုးရအနေနဲ့ ၁၂ လ အတွင်းနဲ့ ရှင်းနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကလည်း ပေးထားချက် ဖြစ်နေပြီး ပိုကောင်းတဲ့ တခြားရွေးစရာလည်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ မရှိသေးပါဘူး။

ဒါပေမယ့် အစိုးရတဖွဲ့လုံး ဟန်ချက်ညီညီနဲ့ လုပ်ဆောင်ဖို့၊ ကဏ္ဍအသီးသီးက ပြုပြင်ပြောင်းလဲရေးတွေမှာ ရေရှည်အတွက် မျှော်ကိုးပြီး ပြတ်ပြတ်သားသား လုပ်နိုင်ဖို့၊ အလွယ်ဆုံး စတင် ပြောင်းလဲနိုင်တဲ့ ကိစ္စတွေများစွာ ရှိတဲ့အတွက် အဲဒီ ကိစ္စတွေကနဲ့ အမြန်ဆုံး တာထွက်ကြဖို့၊ တာဝန်ရှိသူ တစ်ဦးစီဟာ စွမ်းဆောင်ရည်နဲ့ စိန်ခေါ်မှု မယှဉ်နိုင်ဘူးဆိုရင်လည်း နေရာဖယ်ပေးဖို့ လိုအပ်တယ်လို့ သုံးသပ်မိပါတယ်။

ကိုးကား -Time, AFP, Reuters, The Japan Times

adv_banner
adv_banner
adv_banner adv_banner