Fact Checking အချက်အလက်စစ်ဆေးဖို့ လိုအပ်နေတဲ့ မြန်မာ့နိုင်ငံရေး (ဆောင်းပါးကဏ္ဍ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၂၀၁၇ ပြည်ထောင်စုနေ့ အခမ်းအနား မိန့်ခွန်းမှာ ကိုးကားတဲ့ စာကဗျာ တစ်ပိုဒ်ရှိပါတယ်။

”စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ”

ဒါကတော့ ၁၉၉၀ ပြည့်နှစ်တွေမှာ ထုတ်ဝေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့  Freedom From Fear စာအုပ်မှာကတည်းက လက်ဝဲသုန္ဒရရဲ့  နန္ဒီသေနပျို့ ကို ကိုးကားတယ်ဆိုပြီး ဖော်ပြခဲ့တဲ့ စာသားဖြစ်ပါတယ်။ ဆရာမောင်အောင်မျိုးကတော့ ဒီစာသားဟာ နန္ဒီသေနပျို့ မှာ ဘယ်တုန်းကမှ မပါခဲ့ဖူးဘူး၊ မူရင်း ရင်းမြစ် အထောက်အထားကို သေသေချာချာ လေ့လာသင်တယ်လို့ ထောက်ပြပါတယ်။

ဒီတစ်ရက်ထဲမှာ ဆက်တိုက်ကျင်းပတဲ့ ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းမှာပဲ ရှမ်းလူငယ်တစ်ဦးရဲ့  ဆွေးနွေးချက်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပြောဆိုရာမှာ ပင်လုံစာချုပ်ဆိုတာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ်ရေး (ကိုယ်လိုချင်တဲ့ ပန်းတိုင်) ကို မြန်မြန်ရောက်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပြီး၊ ကျန်အချက်တွေအားလုံးဟာ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာမယ် ဆိုတာပဲဖြစ်တယ်။ ဒီလို တိုင်ပင်ဆွေးနွေး အဖြေရှာမယ်ဆိုတာကပဲ ပင်လုံရဲ့ အဓိက ကတိက၀တ်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီလူငယ်အနေနဲ့လည်း ပင်လုံစာချုပ်ကို ပြန်လေ့လာသင့်တယ်လို့ တိုက်တွန်းခဲ့ ပါတယ်။

ပင်လုံစာချုပ်ကို ကြည့်ရင် (ဒီအခမ်းအနားအစပိုင်းမှာ စာချုပ်ကို ဖတ်တဲ့ အစီအစဉ်လည်း ပါပါတယ်) အပိုဒ် ၅ မှာ ”အထက်ပါသဘောတူချက်အရ ဘုရင်ခံ၏ အမှုဆောင်ကောင်စီကို တိုးချဲ့  မည်ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေးဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည် မဟုတ်။ တောင်တန်းဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူ အားဖြင့် လက်ခံသည်” လို့ ပါရှိပါတယ်။ ဒါဟာ မူအားဖြင့် သဘောတူထားချက်၊ အာမခံချက် ကတိက၀တ် ဖြစ်ပါတယ်။ အလားတူပဲ အပိုဒ် ၇ နဲ့ ၈ တွေဟာလည်း ဒီမိုကရေစီ ရပိုင်ခွင့်နဲ့ ဘဏ္ဍာရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အာမခံ ကတိက၀တ်ပြုထားတာဖြစ်ပါတယ်။

ပင်လုံစာချုပ်ကို အဓိပ္ဗါယ် အမျိုးမျိုး ဖွင့်နိုင်ပါတယ်။ သုတေသီတွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ ဥပမာ Ethnicity, Conflicts, and History of Burma: The Myths of Panglong by Matthew Walton ကြည့်ပါ။ ထို့ အတူပဲ စာချုပ်ပါ ကတိက၀တ်တွေကို လက်မခံတာ၊ မကျင့်သုံးတာမျိုးလည်း ရှိနိုင်ပါတယ်။ စစ်အစိုးရအဆက်ဆက်ကို နမူနာကြည့် နိုင်ပါတယ်။ ဒါပေမယ့် အချက်အလက်ကို အမှားပြော (၀ါ) အပြောမှားမိတာကတော့ မလိုအပ်ဘဲ အခက်ပွေစေ ပါတယ်။

ဒီပြဿနာကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုလည်း တစ်ဆက်တည်း စဉ်းစားကြည့်မိပါတယ်။ ဖြစ်နိုင်ခြေ အဖြေတစ်ခုအနေနဲ့  မြန်မာ့နိုင်ငံရေးမှာ အချက်အလက် စစ်ဆေးတဲ့ Fact Checking ကဏ္ဍတစ်ခု လိုနေပြီလို့ ရှုမြင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင်တော့ ၂၀၀၃ ခုနှစ်လောက်ကစပြီး FactCheck.org ဆိုတာ ပေါ်လာပါတယ်။ ကျန်သတင်းဌာနကြီးတွေမှာ အလားတူဌာနတွေ ရှိပါတယ်။ Washington Post သတင်းစာကြီးရဲ့  Fact Checker ဆိုရင် ထင်ရှားပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးမှာလည်း ရှိကြပါတယ်။ ခေါင်းဆောင်တွေ မိန့်ခွန်းပြောပြီးတာနဲ့ အချက်အလက် မှန်မမှန် စစ်ဆေးပြီး ဖော်ထုတ်ထောက်ပြကြတာပါ။

နိုင်ငံရေး ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ ပြောတဲ့စကား၊ ရေးတဲ့ ထုတ်ပြန်ချက်တွေရဲ့ အချက်အလက် မှန် မမှန် စစ်ဆေးတဲ့အခါ သူတို့တွေ ပမာဒလေခ သတိဖြစ်ခဲ ပြောမိတာ၊ ကိုယ့်ဘက်ကိုယ်ယက် အကွက်ချန် ပြောတာ၊ ကာလံဒေသံနဲ့လိုက်အောင် ထွေးပြီးသားတံတွေး ပြန်မျိုတာ၊ ငါ့စကားနွားရ ပြောတာ၊ ဗြောင်လိမ်တာ စတာတွေကို ထုတ်ဖော် ထောက်ပြနိုင်ပါတယ်။ (မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အရေးပါမှုအပေါ် မူတည်ပြောတာမို့  အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်စတဲ့ ခေါင်းဆောင်တွေ အားလုံးကို ရည်ညွှန်းတာပါ။) အဲ့လို ထောက်ပြခြင်းအားဖြင့် အချက်အလက် ပြောမှားဆိုမှားခဲ့တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့စည်းတွေ အနေနဲ့လည်း ၀စီရှိန်သတ်ကောင်း သတ်နိုင်ပါလိမ့်မယ်။ အဲ့လိုမှ အရှိန်မသတ်ရင်လည်း သြဇာကျဖို့ reputation cost ထိခိုက်ဖို့ ရှိပါလိမ့်မယ်။ ဒီလိုမှ ၀စီရှိန်သတ်အောင် မလုပ်နိုင်ရင် တာဝန်ခံမှုမရှိတဲ့ ကာယကံ မူဝါဒတွေ၊ ကျင့်သုံး အကောင်အထည်ဖော်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒီတော့ မြန်မာ့မီဒီယာတွေအနေနဲ့ အချက်အလက် မှားမှန် စစ်ဆေးတဲ့ Fact Checking လုပ်ငန်းကို သတင်းစာ ဂျာနယ်တွေ၊ ရေဒီယိုတွေ၊ တီဗီနဲ့ အွန်လိုင်း ထုတ်လုပ်မှုတွေမှာ သီးသန့်ကဏ္ဍအဖြစ် ဖွင့်လှစ်သင့်သလားလို စဉ်းစားမိပါတယ်။ ဒီလို စစ်ဆေးရာမှာလည်း သတင်းဌာန တစ်ခုတည်းကမဟုတ်ဘဲ အဲ့လို စစ်ဆေးနိုင်တဲ့ မီဒီယာတွေ များများပေါ်လာရင် တစ်ခုနဲ့တစ်ခု တွေ့ရှိချက်တွေကိုတောင် မီဒီယာ နားထောင် ဖတ်ရှု ကြည့်သူတွေ အနေနဲ့ ဘက်စုံအောင် တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ အဲ့ဒီကတစ်ဆင့် နိုင်ငံသားတွေနဲ့ နိုင်ငံတော်မူဝါဒ ဆွေးနွေးမှုတွေအထိပါ အထောက်အထား အခြေပြုတဲ့ အဆင့်ထိတက်သွားပြီး အကျိုးကျေးဇူး များနိုင်ပါတယ်။

ဒါပေမယ့် အချက်အလက်တွေ မှန် မမှန် စစ်ဆေးတဲ့ လုပ်ငန်းတွေ ပေါ်လာတာနဲ့ နိုင်ငံရေး ဇာတ်ကောင်တွေနဲ့ နောက်လိုက်တွေရဲ့ အမူအကျင့်တွေ ပြောင်းလဲလာမယ်လို့ ဧကန်တွက်လို့ မရပါဘူး။ ထောက်ခံခြင်း မထောက်ခံခြင်းစတဲ့ နိုင်ငံရေး သဘောထား political attitude ဆိုတာဟာ အချက်အလက်အမှန်ကို မျက်ကွယ်ပြုလို့ ကျားကျားမီးယပ် တုံးပေကပ်သပ် ရပ်ခံတတ်တာမျိုးလည်း ရှိပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ အုပ်စုစွဲကြီးသူတွေအဖို့ အချက်အလက်မဲ့ ဘက်လိုက်ရပ်တည်တာကို သစ္စာရှိတာလို့ ဂုဏ်ယူနေကြအုံးမှာပါပဲ။ ဒိဌိတဏှာဟာ ကာမတဏှာထက် ပိုပြင်းထန်တတ်စမြဲပါ။

ဒါကြောင့်ပဲ တိုင်းပြည်အတွက် နိုင်ငံသားတွေအတွက် အမှားကြာ အမှန်မဖြစ်အောင် fact checking အလုပ်ကိုတော့ မီဒီယာတွေမှာ ကဏ္ဍကိုယ်စီဖွင့် လုပ်သင့်လှပါတယ်။ ဒါဟာ မီဒီယာအနေနဲ့ ဒီမိုကရေစီမှာ အရေးပါတဲ့ အပြန်အလှန်ထိန်းကျောင်းမှု တာဝန်ကို ကျေပွန်ရာလည်းရောက်ကြောင်း သုံးသပ်မိပါတယ်။

adv_banner
adv_banner
adv_banner adv_banner