၂၁ ပင်လုံ၊ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အပြိုင် တည်ဆောက်ခြင်း

0
422

ပြည်တွင်းစစ်လွန် နိုင်ငံတွေမှာ လစ်ဘရယ် ဒီမိုကရေစီ အင်စတီကျူးရှင်းတည်ဆောက်ရေးနဲ့ ဈေးကွက် အသွင်ကူးပြောင်းရေး (လစ်ဘရယ်လိုက်ဇေးရှင်း ) တပြိုင်နက်လုပ်ဖို့ ကြိုးစားကြတာတွေ ရှိတယ်။ ၁၉၉၀ ပြည့်နှစ်အလွန်တွေမှာ ခေတ်စားလာတဲ့ ကိစ္စရပ်ပဲ။ မတူညီတဲ့ လူ့အဖွဲ့စည်းတွေရဲ့ နှုန်း ၊စံ ၊ ယဉ်ကျေးမှု ၊ နိုင်ငံရေးဓလေ့နဲ့ ရုပ်လက္ခဏာတွေ ထည့်တွက်စရာမလိုဆိုတဲ့ သဘောနဲ့ အကောင်ထည်ဖော်ဖို့ ကြိုးစားခဲ့ကြတယ်။ ဆရာတွေကတော့ လစ်ဘရယ် ငြိမ်းချမ်းရေး အယူအဆလို့ အမည်ပေးကြလေရဲ့။ အဲဒီအယူအဆနဲ့ ပြည်တွင်းစစ်လွန် လူ့အဖွဲ့အစည်းတွေကို အလျင်အမြန် လစ်ဘရယ်လိုက်ဇေးရှင်းလုပ်တာ ၊ ဈေးကွက်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တစ်ပြိုင်နက်တည်းလုပ်တာတွေက တည်ငြိမ်မှု ထိခိုက် စေတယ်လို့ သတိပေးတာတွေလည်း ရှိတယ်။ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး ပြိုင်ဆိုင်မှုတွေကြောင့် ရှိပြီးသား ကွဲလွဲ တင်းမာမှုတွေက လစ်ဘရယ်လိုက်ဇေးရှင်းအရှိန်နဲ့ ပိုပြီး ဆိုးဝါးလာနိုင်ပြီး ဒီမိုကရက်တိုက်ဇေးရှင်း အတွက် မရှိမဖြစ်လိုအပ်ချက် Social cohesion လူ့အဖွဲ့အစည်းအတွင်း သွေးစည်း ညီညွတ်မှု ပျက်ပြားစေနိုင် တာကြောင့် ဖြစ်တယ်လို့ အကဲဖြတ်ကြပါတယ်။

တကယ်လည်း အဲလို လုပ်ရပ်အများစု ကြိုးပမ်းအားထုတ်မှုတွေက မအောင်မြင်ခဲ့ပါ။ ၁၉၈၉ ကနေ ၂၀၀၅ အကြား ကုလက ဦးဆောင်ပြီး နိုင်ငံ ၁၉ နိုင်ငံမှာ လုပ်ခဲ့တဲ့ ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း လုပ်ငန်းတွေက ဒီမိုကရေစီစနစ် ပေါ်ထွန်းအခြေတည်လာအောင် ဆောင်ရွက်နိုင်တဲ့ အထောက်အထား နည်းလွန်းလှတယ်။ အများလက်ခံ ဒီမိုကရေစီ ညွှန်းကိန်းတွေဖြစ်တဲ့ Freedom house အပါဝင် အဖွဲ့အစည်း တချို့ရဲ့ ဒီမိုကရေစီညွှန်းကိန်းတွေအရ ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်အစပြုတဲ့ ကိုဆိုဗို၊ ရ၀မ်ဒါနဲ့ ဘူရွန်ဒီနိုင်ငံတွေက ငါးနှစ်အကြာမှာပဲ လုံးဝ အာဏာရှင်စနစ်ကို ပြန်ကျသွားသလို ကမ္ဘောဒီးယား ၊ ဟေတီနဲ့ ဘိုလီးဗီးယား ဘော့စနီးယားနိုင်ငံတွေက ရွေးကောက်ပွဲ အာဏာရှင်စနစ်ကို ကျသွားတယ်။ အနည်းငယ်အဖြစ် ခရိုအေးရှား နမီးဘီးယားတို့လောက်ပဲ လစ်ဘရယ် စံနှုန်းညီ ဒီမိုကရေစီနိုင်ငံတွေအဖြစ် ကူးပြောင်းသွားနိုင်ခဲ့တယ်။

ပြည်တွင်းစစ်လွန် ဒီမိုကရက်တိုက်ဇေးရှင်း အောင်မြင်ဖို့ (က) နိုင်ငံရေး တည်ငြိမ်မှု (ခ) ဖြစ်စဉ်မှာ အဓိက ကျတဲ့ အုပ်စုတွေအားလုံး ကိုယ်စားပြုမှုရှိရှိပါဝင်ဖို့ (သဘောက ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ရန်သူဟောင်းများအကြား နှစ်ဘက်ရှိရင် နှစ်ဘက် သို့မဟုတ် ကွဲပြားမှုများရင် တတ်နိုင်သမျှ ကွဲပြားမှုအလိုက် အုပ်စုအလိုက် ပါဝင်မှုကို အကောင်ထည်ဖော်မဲ့ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်နှင့် လူမှုစီးပွားပြောင်းလဲမှု လက်တွေ့လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့ ၊ ပါဝင်ခွင့် မရပါက ပြည်တွင်းစစ်လွန် လူ့အဖွဲ့အစည်းကို နိုင်ငံရေး တည်ငြိမ်အောင် တည် ဆောက်နိုင်မှာမဟုတ်လို့ ဆရာတွေက ဆိုကြတယ်။ အဲလို ဆိုသူတွေထဲမှာ တီမိုသီဆစ်တို့ အင်နာဂျား စတက်ခ့်တို့လို ဆရာတွေပါတယ်။

(အသွင်ကူးပြောင်းရေးကာလ တောင်အာဖရိက အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ အခြေနေနဲ့ ဒီမို ကရက်တိုက်ဇေးရှင်း ခြေလှမ်းတစ်လှမ်းစပြီးနောက် ဖွဲ့စည်းခဲ့တဲ့ မြန်မာရဲ့ အန်အယ်လ်ဒီအစိုးရ လက်ရှိ ကြုံနေရတဲ့ အခြေနေကနှိုင်းယှဉ်ဖို့ အကောင်းဆုံး ဥပမာဖြစ်နိုင်တယ်။)

အာဖဂန်မှာတော့ ဒီမိုကရက်တိုက်ဇေးရှင်းမှာ စစ်ရှုံးသွားတယ်လို့ ယူဆခံရတဲ့ တာလီဘန်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ မဖိတ်ခေါ်တဲ့ကိစ္စရှိဖူးတယ်။ အဲဒီအတွက် ကမ္ဘာ့နိုင်ငံတွေပေါင်းပြီး အရင်းအမြစ်တွေ ပုံအောထားတဲ့ အာဖဂန်နစ္စတန်က အခုအထိ အားနည်းနိုင်ငံ Weak State အဖြစ်က တက်မလာပါ။

တောင်အာဖရိကက အသွင်ကူးပြောင်းရေး ကာလတွေမှာ ဘယ်သူ့ကိုမှ မချန်ထားခဲ့ရေးမူကို သုံးခဲ့တယ်။ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့မှာ ခေါင်းဆောင်ရဲ့ အခန်းကဏ္ဍက အရေးကြီး တယ်ဆိုတာ တောင်အာဖရိကရဲ့ အောင်မြင်တဲ့ အသွင်ကူးပြောင်းမှုက သက်သေပါပဲ။

(ဂ) ပဋိပက္ခဆပွားကိန်း

ပဋိပက္ခ ဆပွားကိန်းနဲ့ ပတ်သက်လို့တော့ ပြည်တွင်းစစ်ဒဏ်ခံရတဲ့ အဖွဲ့အစည်းတွေမှာ တွေ့နေကျဖြစ်တဲ့ ကိစ္စလို့ ဆိုကြတယ်။ နိုင်ငံရေး အုပ်ချုပ်ရေး အင်စတီကျူးရှင်းတွေအကြား ပြိုင်ဘက်တွေအကြားပေါ်လေ့ရှိတဲ့ ပြဿနာရပ်တွေကို စေ့စပ်ဆွေးနွေးအဖြေရှာမှုကင်းမဲ့လာမှုတွေက ဆပွားကိန်းတွေကို ပိုတိုးလာစေဖို့ တွန်းအား တွေ ဖြစ်နေတတ်တယ်။

(ဃ) ချွင်းချက်မရှိအပစ်ရပ်ရေး

အင်နာဂျားစတက်ခ် လာရီဒိုင်းမွန်းတို့ကတော့ ပြည်တွင်းစစ်လွန်ကာလမှာ ဖြတ်သန်းရမဲ့ ဒီမိုကရက် တိုက်ဇေးရှင်း အောင်မြင်ဖို့ ပြည်တွင်းစစ်ကို ချွင်းချက်မရှိရပ်ဖို့ လိုတယ်လို့ဆိုတယ်။ အဲလိုရပ်လိုက်မှ ဒုတိယ အဆင့်ဖြစ်တဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအုပ်စုအားလုံးရဲ့ ခေါင်းဆောင်တွေအကြား သဘောတူညီချက် ယူဖို့ လမ်းပွင့်မယ်လို့ ဆိုတယ်။

အခု ယူအန်အက်ဖ်စီက တင်ပြထားတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲကြောင်း နှစ်ဘက် အားလုံးက တစ်ပြိုင်နက်တည်း ကြေငြာရေးဆိုတာ အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ တွေ့ရလေ့ရှိတဲ့ ကိစ္စဖြစ်ပါ တယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်နေရင် နိုင်ငံရေးအရ သဘောတူညီချက်ရဖို့ခက်တယ်လို့လည်း ဆိုကြ ပါတယ်။

လူ့အဖွဲ့အစည်းရဲ့ လူမှု အကြောအမျှင်တွေ တည်ဆောက်ဖို့တော့ အပြန်အလှန်ယုံကြည်မှုက အရေးပါနေပါ တယ်။ တစ်စချင်း တည်ဆောက်ပြီးမှသာ လုံခြုံမှု ပြန်လည်တည်ဆောက်ဖို့ ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်တည်ဆောက်ခြင်း ၊ လူမှုစီးပွားပြန်လည်တည်ဆောက်ခြင်း အရပ်ဘက်အဖွဲ့အစည်းကဏ္ဍ အသက်ဝင် လာခြင်း၊ ထိရောက်စေခြင်း အသွင်ကူးပြောင်းမှုမှာ ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်စေဖို့ ကိစ္စတွေက အရင်ဆောင်ရွက်ရမဲ့ ကိစ္စတွေလို့ ဆိုကြတယ်။

နိုင်ငံတော် ဖြစ်စဉ် တည်ဆောက်မှုတွေမှာ အင်အားသုံးသိမ်းသွင်းမှု Coercive theory နဲ့ မိမိဆန္ဒအလျောက် Voluntary ပူးပေါင်းမှု ကိစ္စတွေမှာ Coercive က ပိုအားကောင်းတတ်တယ်။ အင်အားပြသိမ်းသွင်း တိုက်စရာ မလိုတဲ့ Coercive နည်းလမ်းတွေကို ရှောင်တဲ့ နည်းလမ်းတွေ ရှိတတ်ပေမဲ့ အထက် ဖော်ပြပါ အချက်တွေထဲမှာ လွဲချော်အားနည်းမှုတွေရှိခဲ့တဲ့ ပဋိပက္ခလွန် ( သို့မဟုတ် ) ပဋိပက္ခ တစ်ပိုင်းတစ်စနဲ့ အသွင်ကူးပြောင်းဖို့ ကြိုးစားတဲ့ နိုင်ငံတွေက မအောင်မြင်တတ်ပါ.။ အောင်မြင်ခြေနည်းလွန်းလှတယ်။

တစ်ချို့နည်းလမ်းတွေက တစ်ချို့ကို တိုက်ပြလိုက်လို့ ကျိုးနွံခိုဝင်လာတာ ရှိတတ်ပေမဲ့ ဒုတိယ နည်းလမ်းနဲ့ တွဲတဲ့ စစ်ရေး စီးပွားရေး နိုင်ငံရေးအရ မျော်လင့် အားကောင်းမှုတွေကသာ ခိုင်မာတဲ့ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေအတွက် အရေးပါတဲ့ ကိစ္စဖြစ်တယ်။

ပဋိပက္ခ အချုပ်အခြာ အာဏာ ထိပါးမှုဆိုတဲ့ ကိစ္စတွေမှာ ပဋိပက္ခဖြစ်ဖို့ တာစူနေပြီဆိုတာနဲ့ အချုပ် အခြာအာဏာ ထိပါးဖို့ စတင်ရည်ရွယ်နေပြီ ပုန်ကန်ဖို့ ရည်ရွယ်နေပြီဖြစ်တာကြောင့် အချုပ်အခြာ အာဏာ ထိဖို့ စတယ်လို့ ဆိုနိုင်ပါတယ်။

ပြည်တွင်းစစ်မက်ဖြစ်ပွားမှုတွေနဲ့ လူ့အဖွဲ့အစည်းအကြား ပဋိပကခတွေဟာ အပြန်အလှန်ကောက်ယူမှု အရ ကြည့်မယ်ဆိုရင် နိုင်ငံတော်ဖြစ်တည်မှုအတွက် ဘယ်လိုပုံစံ တည်ဆောက်မယ်ဆိုတာ ညှိဖို့ ခက်နေတဲ့ သဘော ၊ ဒါမှမဟုတ် မျှော်လင့်ချက်မဲ့လို့ ပဋိပက္ခဖြစ်နေတဲ့ သဘောကိုဆောင်ပါတယ်။

လက်တွေ့ ဖြစ်နေတဲ့ အခြေနေတွေက အလိုအလျောက်ပေါင်းစည်းလိုမှု ဆွဲအားတွေဖြစ်တဲ့ ဓနအင်အား ကြွယ်ဝမှု လူမှုဘ၀ လုံခြုံသာယာရေး ဖန်တီးပေးနိုင်မှု ကောင်းမွန်တဲ့ အုပ်ချုပ်မှု ယန္တရား ထူထောင်လည်ပတ်မှု အလှမ်းဝေးမှု တွေက အဓိကကျတဲ့ အချက်အနေနဲ့ ပါဝင်နေတယ်။

အတင်းအကျပ် ဖိအားပေးသိမ်းသွင်းတဲ့ နည်းလမ်းဘက် ယိမ်းနေတာလည်း ငြင်းမရနိုင်တဲ့ အချက်ပါပဲ။ ဒီနေရာမှာ ၂၁ ပင်လုံရဲ့ အနှစ်သာရကိုလည်း မေးခွန်းထုတ်ဖို့ လိုပါတယ်။ ပြောရမယ်ဆိုရက်တော့ State Nation တည်ဆောက်မှုအပေါ် ဖက်ဒရယ် အသုံးနှုန်းကို ကမ္ဘာမှာ အသုံးမပြုတော့ တဲ့ Putting together federal ဆိုဗီယက် ၊ ယူဂိုဆလားဗီးယား စတိုင်မျိုး ဖိအားပေးသိမ်းသွင်းဆိုတဲ့ အကောက်အယူအပေါ် အခြေခံ မလားဆိုတဲ့ ကိစ္စကနိုင်ငံတော်ရဲ့ တည်ငြိမ်မှုကို ထိခိုက်လာစေတဲ့ ကိစ္စ ဖြစ်နေတယ်။စစ်မက်ရှောင်လွှဲသော Voluntary ဖြစ်စဉ်အတွက် အခြေခံကောင်းတွေလည်း မရှိသေးသလို အရေးကြီးတဲ့ အချက်ဖြစ်တဲ့ အသွင် မတူတဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံကို စုစုစည်းစည်းနဲ့ စိတ်ဝမ်းမကွဲပဲနေနိုင်တဲ့ ဘယ်လို အတွေးအခေါ်နဲ့ တည်ဆောက်မလဲဆိုတဲ့ မူက ပျောက်နေတယ်။ အစိုးရမှာလည်း အခုအထိ အိုင်ဒီယိုလိုဂျီအရ ဘယ်လို သွားမလဲဆိုတာတောင် ရှင်းလင်းစွာမတွေ့ရတဲ့အပြင် ဖြစ်ပြီးသား အလုပ်မဖြစ်ခဲ့တဲ့ စနစ်ဟောင်းတွေက ပုံစံအတိုင်း ပြန်ကျော့နေတယ်ဆိုတဲ့ မှတ်ချက်တွေ ( ဥပမာ- လွတ်လပ်ရေးရပြီးစ ပါလီမန်ခေတ်က ပုံစံမျိုးပြန်ပြန်ဖြစ်နေတယ်ဆိုပြီး ကောက်ချက်တွေလည်း ရှိနေပါတယ်။

အများညီရှိဖို့ခက်ပေမဲ့ နိုင်ငံသားများ လက်တွဲနေထိုင်ရေးမူ Intra-National Social Contract က ရှိမှ ရမဲ့ အရာဖြစ်တယ်။ State Nation ခိုင်မာမှု မရှိချိန် မဂျော်ရတီမဲက အဖြေမဟုတ်ဆိုတာလည်း ကမ္ဘာ့ နိုင်ငံအများပြားမှာ သက်သေသာဓက ရှိခဲ့သလို ဖဆပလ ပါလီမန်ခေတ်မှာလည်း ကြုံခဲ့ရဖူးတယ်။ ဒီအဆိုကို အာရင်းလိပတ်ဂ်ျ နဲ့ လာရီဒိုင်းမွန်းတို့လို့ နိုင်ငံရေးနဲ့ လူမှုသိပ္ပံသမားတွေကလည်း လက်ခံခဲ့ပါတယ်။ မြန်မာမှာတော့ လက်ရှိအချိန်ဟာ နိုင်ငံတော်ဖြစ်တည်မှုအစဉ်နဲ့နိုင်ငံသားများအဖြစ် စုစည်းဝင်ရောက်မှု အပါဝင် နိုင်ငံရေးအရ တည်ငြိမ်တိုးတက်မှုတွေက ဟန်ချက်ညီညီသွားရမဲ့ အရာတွေဖြစ်ပြီး ကသမ်းကရမ်းဖြစ်နေတဲ့ အနေထားမှာ ရှိနေဆဲဖြစ်နေတယ်။ အစိုးရသစ်လက်ထက် ဒီမိုကရေစီ အ၀န်းအ၀ိုင်း နဲ့ ကျင့်သုံးမှုတွေက ကျယ်လာသလား အားမကောင်းပဲ ပြန်ဆုတ်သွားသလားဆိုတာ မေးစရာတောင် လိုမယ်မထင်ပါဘူး။

ပြုပြင်ပြောင်းလဲရေးမှာ အရေးကြီးတာက နိုင်ငံရေး အရ ပြုပြင်ပြောင်းလဲလိုမှု ဆန္ဒပြင်းပြမှု ၊ နေရာအထားအသို စီမံခန့်ခွဲမှုနဲ့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှုမှန်ကန်မှု ၊ ပညာရပ်ဆိုရင်ရာ ကိုယ်ခံအားကောင်းမှုတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အဲဒီအချက်တွေက ခေါင်းဆောင်အပေါ်လည်း မူတည်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် အားကောင်းခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်ကို တက်ရောက်ခဲ့တဲ့ ၀ါရှင်တန် တက္ကသိုလ်က Colinhan က အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ခေါင်းဆောင်မှုက အရေးကြီးပြီး ခေါင်းဆောင်ရဲ့ ပြတ်သားရဲရင့်တဲ့ခေါင်းဆောင်မှု၊ ပွင့်လင်း မြင်သာမှု ၊ တာဝန်ယူ တာဝန်ခံမှုတွေက အရေးကြီးတယ်၊ မြန်မာအစိုးရသစ်တက်လာတာ ၉ လ ကျော် ကြာခဲ့ပြီ ဖြစ်ပြီး ရွေးကောက်ပွဲအပြီးက စတင်ရေတွက်ရင် ၁ နှစ်ခွဲလောက် ဆိုတဲ့ အချိန်ကာလဟာ ငြိမ်းချမ်းရေး ဖြစ်စဉ် အတွက် ကြိုတင် ပြင်ဆင်ဖို့ လုံလောက်တဲ့ ကာလဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။

ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်တွေနဲ့ ဒီမိုကရေစီ လက်တံအရတော့ အခုအချိန်ဟာ နောက်ပြန်လျှောဖို့ အခွင့် အလမ်းများတဲ့ အခြေနေလို့ ကောက်ချက်ချသူတွေလည်း ရှိနေတဲ့အတွက် မအောင်မြင်ဖြစ်နေမှုတွေကို ပြန်သုံးသပ်သင့်တဲ့ အချိန် ရောက်နေပါပြီ။ ဒါကလည်း အောင်မြင်တဲ့ အသွင်ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တိုင်းမှာ အချိန်ကြာလာတာနဲ့ အမျှ မအောင်မြင်ပဲ တစ်ဆို့နေရင် နည်းဗျူဟာ ချဉ်းကပ်မှုတွေကို စနစ်တကျ ပြန်လည်သုံးသပ်ပြင်ဆင်လိုက်တယ်ဆိုရင် အောင်မြင်သွားတတ်တဲ့ သာဓကတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။

Ref; From War to democracy အန်နာဂျားစတတ် ၊ တီမိုသီ ဆစ်ခ့်

?bph6