မြို့ပြနဲ့ အမှိုက်ပြဿနာ (ဆောင်းပါးကဏ္ဍ)

thwaysagaing

ရန်ကုန်ဟာ မြန်နာနိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ဂုဏ်ယူဝံ့ကြွားခဲ့ရတဲ့ မြို့ကြီးဟာအခုအခါမှာ မြို့ပြအင်္ဂါရပ်နဲ့ ညီညွတ်တယ်လို့ ပြောဖို့တောင် ခက်နေပါပြီ။ မြို့ရဲ့ နေရာအနှံ့မှာတွေ့နေရတဲ့ အမှိုက်တွေက ရန်ကုန်ရဲ့ သာယာလှပမှုအတွက် အဟန့်အတားဖြစ်နေဆဲပါ။

အမှိုက်ကို စနစ်တကျစွန့်ပစ်မှုက ဒီနေ့အထိ အားနည်းနေဆဲဖြစ်သလို အဲဒီအပေါ် အရေုးယူမှုကပါ အားနည်းနေတာကိုတွေ့ရပါတယ်။ နောက်ဖေးလမ်းကြားတွေမှာပဲ ဖြစ်ဖြစ်၊ ရေမြောင်းတွေမှာပဲ ဖြစ်ဖြစ်၊ တိုက်လှေကားတွေမှာပဲ ဖြစ်ဖြစ် အလွယ်တကူ စွန့်ပစ်ထားတဲ့ အမှိုက်တွေကို တွေ့နိုင်ပါတယ်။ ရန်ကုန်တစ်မြို့လုံးကထွက်တဲ့ အမှိုက်တွေဟာ တစ်နေ့ကို တန်ချိန်(၁၆၀၀)ကျော်အထိ ရှိပါတယ်။

အမှိုက်ဆိုရာမှာလည်း အမှိုက်စို၊ အမှိုက်ခြောက်၊ ပြန်လည်အသုံးပြုလို့ရတဲ့ အမှိုက်နဲ့ ပြန်လည်အသုံးမပြုနိုင်တဲ့ အမှိုက်ရယ်လို့ ခွဲခြားနိုင်ပါတယ်။ ဖြစ်သင့်တာက အမှိုက်စိုကိုသပ်သပ် (မီးဖိုချောင်ထွက်အမှိုက်တွေ ပါဝင်ပါတယ်။ စားကြွင်းစားကျန်တွေ ပါဝင်ပါတယ်) အမှိုက်ခြောက်ကိုသပ်သပ် ခွဲပစ်သင့်ပါတယ်။ ပုလင်းခွံ၊ ဘူးခွံ၊ စက္ကူ  စတာတွေက Recycle ပြန်လုပ်လို့ရတဲ့ အမှိုက်တွေပါ။ အမှိုက်စိုနဲ့ အမှိုက်ခြောက်ကို ရောပြီးပစ်နေတာက အမှိုက်သိမ်းတဲ့သူတွေအတွက်ပါ အခက်တွေ့စေပါတယ်။

trash

ရန်ကုန်မြို့ရဲ့ မြို့တွင်း (၆)မြို့နယ်မှာ နောက်ဖေးလမ်းကြားသန့်ရှင်းရေးကို မြို့တော်စည်ပင်ကနေ ရှင်းလင်းပေးခဲ့ပေမဲ့ စည်းကမ်းမလိုက်နာသူ အများအပြားရှိနေဆဲပါ။ တကယ်တော့ ကိုယ့်အိမ်၊ ကိုယ့်ရုံး၊ ကိုယ့်တိုက်ခန်းကနေ ထွက်ရှိလာတဲ့ အမှိုက်ကို နေ့စဉ် စနစ်တကျ စွန့်ပစ်တာ အကောင်းဆုံးပါပဲ။ နေ့စဉ် အမှိုက်စွန့်ပစ်ပေးခြင်းအားဖြင့် ကြွက်၊ ခြင်၊ ပိုးဟပ် ပေါက်ဖွားမှုကိုပါ လျော့နည်းစေပါတယ်။

အထူးသဖြင့် အထပ်မြင့်တိုက်ခန်းတွေမှာနေထိုင်ကြသူတွေအနေနဲ့ စိတ်ဓာတ်ရေးရာမှာပါ အထက်တန်းကျဖို့ လိုပါတယ်။ နောက်ဖေးလမ်းကြားမှာ အမှိုက်ကင်းစင်နေမှ အနံ့အသက် ကောင်းမွန်မှာဖြစ်သလို ရေစီးရေလာပါ ကောင်းမွန်ပါလိမ့်မယ်။ (၄၁)လမ်းအောက်ဘလောက်မှာ နေထိုင်ခဲ့စဉ်တုန်းက အဲဒီလမ်းကရော၊ ဗိုလ်အောင်ကျော်လမ်းကပါ ညညအမှိုက်ပစ်ချတဲ့အသံတွေ ကြားရပါတယ်။ ဒါကြောင့် နောက်ဖေးလမ်းကြားတွေဟာ အညစ်အကြေးနဲ့ အမှိုက်တွေရောပြီး ရွံစရာကောင်းလာရုံမက ကြွက်တွေ ပိုပြီးများပြားလာပါတယ်။

တကယ်တော့ ဘယ်လောက်ပဲအလွှာမြင့်မှာနေထိုင်သူဖြစ်ပါစေ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် အမှိုက်ထုပ်ကို အပြင်သွားတာနဲ့ ယူသွားပြီး အနီးစပ်ဆုံးအမှိုက်ပုံးမှာစွန့်ပစ်ရုံပါပဲ။ ကျွန်မကိုယ်တိုင် ခြင်းလေးတစ်ခြင်းမှာ ပလတ်စတစ်အိတ်တစ်လုံးစွပ်ထားပြီး အမှိုက်တွေကိုအဲဒီထဲမှာပဲ ထည့်ပါတယ်။ အပြင်သွားတော့မယ်ဆိုရင် အမှိုက်ထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို သေချာချည်နှောင်ပြီး အမှိုက်ပုံးမှာပစ်တာ အလေ့အကျင့်ဖြစ်နေပါပြီ။

နာက်တစ်ခုက ရေမြောင်းတွေ့တာနဲ့ ရေမြောင်းထဲကို ဖိနပ်စုတ်၊ ရေသန့်ဘူး၊ ဖော့ဘူးတွေကို အလွယ်တကူ ပစ်ချကြတာ အရမ်းအောက်တန်းကျပါတယ်။ မြန်မာနိုင်ငံကို အလည်လာတဲ့ တချို့သော နိုင်ငံခြားသားတွေကို ကျွန်မ အကဲခတ်ဖူးပါတယ်။ သူတို့လက်ထဲမှာ အချိုရည်ဘူးခွံလေး ရှိရင်ပဲဖြစ်ဖြစ်၊ အာလူးကြောထုပ်ရဲ့ အခွံရှိရင်ပဲဖြစ်ဖြစ် အနီးစပ်ဆုံးအမှိုက်ပုံးကိုရှာပစ်တာတွေ့ရပါတယ်။ ဒါဟာ အတုယူစရာဖြစ်ပြီး ရေမြောင်းတွေထဲမှာ အမှိုက်တွေပိတ်ဆို့နေတာကြောင့် မိုးရာသီမှာရေမြောင်းတွေ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ ရေကြီးရေလျှံမှုတွေ ဖြစ်ရပါတော့တယ်။

trash3

ဒီနေရာမှာ လမ်းဘေးဈေးသည်တချို့ရဲ့ စည်းကမ်းမဲ့မှုကို ထည့်မပြောလို့ မဖြစ်ပါဘူး။ အများပြည်သူသွားလာနေတဲ့ ပလက်ဖောင်းမှာဈေးရောင်းရုံသာမကဈေးရောင်းရာကထွက်လာတဲ့ တစ်သျှူးတွေ၊ တူတွေ ကိုတောင် စနစ်တကျ မစွန့်ပစ်တဲ့ ဈေးသည်တွေ ရှိပါတယ်။ ဆိပ်ကမ်းသာလမ်း(အထက်)က လမ်းဘေးထမင်းဆိုင် တစ်ဆိုင်ဆိုရင် စားကြွင်းစားကျန်တွေ ရောနှောပါဝင်နေတဲ့ အရည်တွေကိုမြောင်းထဲပစ်တာ၊ လောင်းချတာတွေ တွေ့ဖူးပါတယ်။ စည်းကမ်းမဲ့တဲ့ ဈေးသည်တွေကိုအရေးယူဖို့ ပျက်ကွက်နေလို့ အမှိုက်ကိစ္စ ပိုဆိုးလာတာလည်း ဖြစ်ပါတယ်။

စည်ပင်သာယာဘက်ကလည်း အမှိုက်ခွန်မှန်မှန်ကောက်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆစေချင်ပါဘူး။ အမှိုက်ပုံးတွေထဲက အမှိုက်တွေကိုနေ့စဉ်မှန်မှန် သိမ်းဆည်းပေးဖို့ လိုပါတယ်။ မြို့လယ်ခေါင်ဖြစ်ပါလျက်နဲ့ အမှိုက်ပုံးအပြင်မှာပါ အမှိုက်ထုပ်တွေ ချထားတာ၊ အမှိုက်ပုံးတွေ ဖုံးအုပ်မထားလို့ ယင်တလောင်းလောင်းနဲ့ဖြစ်နေတာဟာ တခြားနိုင်ငံကသူတွေ မြင်ရင် အထင်သေးစရာပါ။ အမှိုက်ပုံးမထားနိုင်တဲ့နေရာတွေမှာ အမှိုက်လှည်းတွေနဲ့ ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်ကို ကျင့်သုံးသင့်ပါတယ်။ အမှိုက်လာသိမ်းတာကလည်းနံနက်တစ် ကြိမ်၊ ညတစ်ကြိမ်ဖြစ်သင့်ပြီး အချိန်သေချာသတ်မှတ်ပြီး သိမ်းသင့်ပါတယ်။ ကျွန်မနေထိုင်တဲ့ မင်္ဂလာတောင်ညွန့်၊ ကျီတော်လမ်းနဲ့ မဟာသုခလမ်းထိပ်မှာ အမှိုက်ပုံးလေးပုံးချထာေးပးလို့ အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ညမှာ မြင်လိုက်ရတာက သိမ်းဆည်းလက်စ အမှိုက်လှည်းကိုအကြာကြီးထားသွားပါတယ်။ (ဘာကြောင့်မှန်းလည်းမသိပါဘူး) အဲဒီပဲခွေးလေခွေးလွင့်တွေက လှည်းထဲက အမှိုက်ထုပ်တွေကို ဆွဲလို့ လမ်းပေါ်မှာ ပြန့်ကျဲနေပါ တယ်။ တချို့သူတွေကလည်း စည်းကမ်းမရှိပုံက ပြည့်နေတဲ့အမှိုက်ပုံးအဖုံးပေါ် အမှိုက်ထုပ်တွေ သွားတင်တာတွေရှိပါတယ်။

အမှိုက်ကို လိုက်ကောက်နေတာက ကောင်းမွန်တယ်လို့ ပြောနိုင်ပေမဲ့ ဒါဟာရေရှည်ဖြေရှင်းနည်း မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း အမှိုက်စွန့်ပစ်ပုံ စနစ်ကျလာရင် သူ့အလိုလိုကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေကလွဲလို့ ကောက်စရာအမှိုက် မရှိနိုင်ပါဘူး။ ဒါ့အပြင် စွန့်ပစ်အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်မယ့် အစီအစဉ်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါပြီ။ အမှိုက်တွေဟာအချိန်ကြာလာတာနဲ့အမျှ ဖီသိန်းဓာတ်ငွေ့ တွေ ထွက်လာနိုင်တာကိုသတိပြုသင့်ပါတယ်။

“အမှိုက်မပစ်ရတွေ့ရှိက ဒဏ်ငွေ ၁၀၀၀၀” ဆိုတဲ့ ဆိုင်းဘုတ်တွေထက် တကယ်လက်တွေ့ အရေးယူပြတာက အလုပ်ဖြစ်ပါလိမ့်မယ်။ နောက်ဖေးလမ်းကြားမှာ အမှိုက်ပစ်၊ မပစ် သိနိုင်ဖို့ CCTV တွေ တပ်ဆင်သင့်ပါတယ်။ အမှိုက်စည်းမဲ့ကမ်းမဲ့ စွန့်ပစ်သူတွေတွေ့ရင် တာဝန်သိပြည်သူတွေ တိုင်ကြားနိုင်ဖို့ ဖုန်းနံပါတ်တွေ ထားရှိပေးရမှာဖြစ်သလို Viber ကနေ ဓာတ်ပုံတွေနဲ့တကွ တိုင်ကြားနိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။ တစ်ဖက်ကလည်း အမှိုက်ပုံးတွေ လုံလောက်အောင်ထားပေးရမှာဖြစ်သလို အမှိုက်သိမ်းချိန်လည်း မှန်ကန်အောင် ကြိုးစားရပါလိမ့် မယ်။

အမှိုက်ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့က ရန်ကုန်ရဲ့အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်။ အမှိုက်ကို ပစ်ချင်သလိုပစ်နေကြတာက ဥပဒေအတိုင်း အရေးမယူလို့ဖြစ်တာကြောင့် ထိရောက်စွာအရေးယူသင့်သလို တစ်ဖက်ကလည်း ပြည်သူတွေအနေနဲ့ အထက်တန်းကျတဲ့ စိတ်မွေးမြူပြီး ရန်ကုန်မြို့ကြီးသာယာလှပလာအောင် အမှိုက်ကိုစနစ်တကျစွန့်ပစ်တတ်တဲ့ အလေ့အကျင့်ကောင်းကို ကျင့်သုံးသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါတယ်။