သူတောင်းစားပေးတဲ့အကြံ လက်မခံ (ဆောင်းပါးကဏ္ဍ)

ts
ဒီနေ့နိုင်ငံပိုင်သတင်းစာဆောင်းပါးတစ်ပုဒ်ကို ဖတ်တဲ့အခါ ခေါက်ရိုးကျိုးနေတဲ့ အလေ့အထလွဲတွေ၊ အယူမှားနေတဲ့ လုပ်ပုံကိုင်နည်း အစွဲဟောင်းတွေကို ပြင်ဖို့အချိန်ယူရဦးမယ်ဆိုတာကို တွေ့ရပါတယ်။
တကယ်တော့ဒီအသုံးအနှုန်းမျိုးကို ပြီးခဲ့တဲ့အစိုးရ ငါးနှစ်မှာလည်း အကြိမ်ကြိမ်အသုံးပြုတာ တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ အချို့ကိုပြုပြင် ဆောင်ရွက်တာတွေလည်း လုပ်ခဲ့တာရှိပါတယ်။ ဒါပေမဲ့ ဖြစ်ပေါ်မလာတာတွေ၊ နှောင့်နှေး ကြန့်ကြာမှုတွေအတွက် အပြောင်းအလဲ ကာလ အခက်အခဲဆိုတာတွေကိုပဲ ထပ်ခါတစ်လဲလဲ အကြောင်းပြ တတ်ကြပါတယ်။ အမှန်မှာ ဘာတွေကိုဘယ်လိုပြောင်းလဲဖို့ ကြိုးစားခဲ့ကြတယ်၊ ပြောင်းလဲနေပြီ၊ ဘာတွေထပ်ပြီး လျာထားကြမယ်ဆိုတာကိုတော့ ဘယ်တော့မှ ရှင်းရှင်းလင်းလင်း မတွေ့၊ မသိကြရပါဘူး။ ဒီထက်တိတိကျ ကျပြောရရင် ရှေ့ကဘာတွေလုပ်ခဲ့တယ်၊ အောင်မြင်တယ်၊ ဆက်လုပ်မယ်၊ ဘာတွေလုပ်ဖို့တော့ လျာထားခဲ့ တယ်၊ ကောင်းတယ်၊ ဆက်လျာမယ်၊ ဘာတွေကတော့မသေချာဘူး၊ ပြန်သုံးသပ်မယ်၊ ဆိုင်းငံ့တယ်၊ ဘယ်ဟာတွေကတော့ လုံးဝမကောင်းဘူး ရပ်တယ်၊ စွန့်လွှတ်တယ် စသဖြင့်ဖြစ်ပါတယ်။ ဒါကိုပဲ လူထုက အားမလိုအားမရနေတာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကွန်မြူနတီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း အလွန် စူးစမ်းသိရှိလိုကြပါတယ်။ အလားတူအစိုးရနဲ့ လူထုအကြား ကြားခံဖြစ်တဲ့ မီဒီယာကလည်း ဖော်ပြချင်လွန်းလို့ မချင့်မရဲဖြစ်ရပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မူဝါဒကို တကယ်ယုံကြည်စွာ အကောင် အထည်ဖော်ရမယ့် ဝန်ထမ်းတွေကလည်း သေချာသိရှိလိုနေကြပါတယ်။
အချက် ၇ ချက်ကိုစံပြု
မှတ်မိသလောက် ဦးသိန်းစိန်အစိုးရလက်ထက်အစမှာ နိုင်ငံအခြေပြမိန့်ခွန်းနဲ့ နိုင်ငံသားအားလုံးမတူ တာတွေထား၊ တူတာတွေတွဲ လုပ်ရေး၊ အာဆီယံဥက္ကဋ္ဌ တာဝန်ယူခွင့်ရရေး၊ အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပခွင့်ရရေး အပါအဝင်နိုင်ငံရေး ၊ စီးပွားရေးတွေ ကြိုးပမ်းဆောင်ရွက်ခဲ့ပေမယ့် လူထုရောဝန်ထမ်းတွေကပါ အစိုးရဘာလုပ်နေမှန်း သိပ်မသိခဲ့ကြပါဘူး။ သက်တမ်း ၁၅ လ ခန့်အရောက်မှာတော့ လွတ်လပ်စွာရေးသား ဖော်ထုတ်ခွင့်ပြုလိုက်ပါတယ်၊ ပြုပြင်ရေးတွေနဲ့ပတ်သက်လို့တစ်ဆက်တည်း ကက်ဘိနက် အဖွဲ့အပြောင်းအလဲ လုပ်ပါတယ်၊ ပြည်သူကိုဗဟိုပြုတဲ့ မဟာဗျူဟာချမှတ်ပြီး ကောင်းမွန်သောအုပ်ချုပ်ရေးကို စတင်အကောင်အ ထည်ဖော်ပါတယ်။ အပေါ်အောက် ချပြစနစ်အစား အောက်ခြေက ရေးဆွဲတင်ပြရတဲ့ စနစ်အပါအဝင် အချက် ၇ ချက်ကိုစံပြုပြီး ဌာနတွေရဲ့လုပ်နည်းလုပ်ဟန်ကို ပြောင်းဖို့ကြိုးစားပါတယ်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးဘက် ဇောင်းပေးပြီး နိုင်ငံအတွက်နှစ် ၃၀ ၊ ၂၀ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွေကို ဝန်ကြီးဌာနအလိုက် ဆွဲကြရပါတယ်။ အဲဒီမှာ အနီးဆုံးငါးနှစ်ကို အသေးစိတ်စီမံချက်၊ ဘဏ္ဍာငွေလျာထားမှုတွေ ထည့်ကြရပါတယ်။
မှန်ကန်စွာတာဝန်ယူစွန့်စားရမှာဖြစ်
ဒါတွေကလည်း နံကြားထောက်ရေးဆွဲစေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်လိုအဖွဲ့က အစ ဆိုင်ရာနိုင်ငံတကာ အစိုးရဟုတ်သော၊ အစိုးရမဟုတ်သော အဖွဲ့တွေ၊ အကြံပေးတွေနဲ့လုပ်ကြရပါတယ်။ တိုင်းပြည်ဖွံ့ဖြိုတိုးတက်ဖို့ အတွက်ယုံကြည်စရာ အရွေ့တစ်ခု ရောက်ပြီလို့ ထင်မှတ်အားတက်ခဲ့ကြပါတယ်။ သို့သော်ကောင်းတာတွေ၊ မကောင်းတာတွေ၊ အကောင်အထည်ပေါ်တာတွေ၊ မပေါ်တာတွေ၊လက်တွေ့ကျတာတွေ၊ မကျတာတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဆက်လုပ်ရန်ကျန် လျာထားမှုတွေလည်း ကျန်နေခဲ့ပါတယ်။ တစ်နည်းအားဖြင့် အဲဒါတွေကို အစိုးရအကူးအပြောင်း ဘယ်လိုဆက်မောင်းသွားမယ်ဆိုတာတွေကို အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း ရှင်များ၊ မီဒီယာအပါအဝင် လူထုကယခုသေချာစွာ သိရှိလိုနေကြောင်း မီးမောင်းထိုးပြချင်တာပါ။ ဒီမိုကရေစီမှာ အစိုးရတွေဟာ အမြဲပြောင်းနေမှာဖြစ်ပေမယ့် တစ်ခါပြောင်းတိုင်း အားလုံးကိုအစက ပြန်အသစ်လုပ်ရတာမျိုး မဟုတ်လောက်ဘူး ထင်ပါတယ်။ အဲလိုဆိုရင်တော့ မူတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းစဉ်တွေအားလုံး သုံးသပ်၊ အတည်ပြု၊ အကောင်အထည်ဖော်၊ တစ်ဝက်တစ်ပျက်နဲ့ ရပ်၊ ထပ်ပြောင်းပဲဖြစ်ဖို့ရှိလို့ပါ။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေဟာ စဉ်ဆက်မပြတ် မဖြစ်မနေ လုပ်ဆောင် သွားရမယ့် မူဝါဒကိစ္စကြီးတွေဖြစ်တာ မှန်သော်လည်း တကယ်တော့လူထုရဲ့ နေ့စဉ်စားဝတ်နေရေးအပေါ် အဓိကချက်ခြင်း အကျိုးသက်ရောက်ဖို့ စီမံကိန်းများကိုလည်း အထူးစီမံမှုတစ်ခုအနေနဲ့နဲ့ အမြန်ဆုံးဖော်ဆောင်ကြရလိမ့်မှာဖြစ်ပါတယ်။ ငွေကြေးချို့တဲ့ တဲ့ဘဏ္ဍာရေးကြောင့် အချို့နေရာတွေမှာ ဝန်ကြီးတာဝန်လူကြီးများက မှန်ကန်စွာတာဝန်ယူစွန့်စားကြရမှာဖြစ်ပါတယ်။
ပြန်လည်သုံးသပ်ရေးဆွဲ
သို့သော်လည်း တစ်ဖက်ကလည်း “ရေးပြီးသားအကြောင်းအရာနဲ့ စာရွက်တစ်ရွက်ကိုကြည့်ပြီး ပြန်ပြင်ရတာဟာ စာရွက်အလွတ်ယူပြီး အဲဒီ့အကြောင်းအရာတစ်ခုကိုပဲ အသစ်ရေးရ တာထက်ပိုခက်တတ် တယ်” ဆိုတဲ့သဘောကိုလည်း နားလည်ပေးကြဖို့လိုပါတယ်။ ဒါကြောင့်ဒါတွေကို အစိုးရတစ်ရပ်အနေနဲ့ အချိန်ယူရန်၊ သုံးသပ်ရန်၊ ရေးဆွဲရန်၊ အကောင်အထည်ဖော် ရန် စသဖြင့် အချိန်တွေ ပေးကြရပါလိမ့်မယ်။ သို့သော်လည်း ဌာနအလိုက်အဆက်ဆက်သော၊ အဆင့်ဆင့်သော ဗျူရိုကရေစီယန္တယားနဲ့ ဝန်ကြီးဦးစီး စီမံခန့်ခွဲရေး ကော်မတီအဆင့်များကသာ ဒါတွေကို အဓိကပြန်လည်သုံးသပ်ရေးဆွဲပြီး ကက်ဘိနက်ကို တင်ပြကြရမှာဖြစ်ပါတယ်။ အပေါ်က တစ်ခုခုချပေးလာမလားဆိုပြီး စောင့်နေကြရမှာ တော့မဟုတ်ပါဘူး။ ပြီးရင်ကော်မတီများ သို့မဟုတ် ကက်ဘိနက်တင်ပြီး ဖြတ်နိုင်တာဖြတ်၊ အကောင်အထည် ဖော်ရာမှာ ချက်ခြင်းဖော်စေပြီး လိုအပ်တာတချို့ကို လွှတ်တော်တင်ရပါဦးမယ်။ ဒါတွေအတွက် အချိန်တစ်နှစ် ခန့်ဆိုရင်တော့ အစိုးရတစ်ရပ်အနေနဲ့အားလုံးကိုခြုံငုံမိသော မူဝါဒတွေ၊ စီမံချက်တွေ၊ မဟာဗျူဟာတွေကို ပြော ပြနိုင်ဖို့ကောင်းပြီဖြစ်ပါတယ်။ ဒါကလွှတ်တော်ကအတည်ပြုပြီးချိန် အပါအဝင်ပါ။

ဘာပဲဖြစ်ဖြစ်အားလုံးကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ရွှေ့ကြတဲ့တိုင်းပြည်ရဲ့ စစ်မှန်သောအရွေ့တစ်ခုကို ရောက်ဖို့အမှန်တကယ် “စွန့်စားတာဝန်ယူဆောင်ရွက်ကြသင့်ပြီ” ဖြစ်ပါတယ်။

ဘာလို့ဆိုရင် တကယ်တမ်းမှာ အစိုးရအနေနဲ့ အဲဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့ အချိန်သုံးနှစ်ခန့်ပဲရနိုင်ပြီး ကျန်တစ်နှစ်က ရွေးကောက်ပွဲအတွက် ပြန်ပစ်မှတ်ထားလုံးပမ်းရဦးမှာဖြစ်လို့ပါပဲ။ အမေရိကားလို နိုင်ငံကလူထုကတော့ သူတို့ တင်မြှောက်ပြီးရင် အဲဒီအစိုးရကို ရှစ်နှစ်လောက်ခိုင်းစားတာများပါတယ်။ ဒါမှလည်းသူ့ပြဿနာ သူပြီးအောင် လုပ်သွားနိုင်မယ်ဆိုတာသိနေလို့ပါ။ ဒါက တိုင်းပြည်ဖွံ့ဖြိုးမှုကို မနှောင့်နှေးအောင်စဉ်းစားနိုင်ဖို့ အချက်တစ် ချက်ပါ။ တစ်နည်းအားဖြင့်တစ်နှစ်အတွင်းမှာ သက်ဆိုင်ရာဌာန အလိုက်က မူဝါဒအပေါ် အခြေခံသော စီမံချက် အသေးစိတ်တွေကို သုံးသပ်ရေးဆွဲတင်ပြသင့်တာဖြစ်လို့ အခုအချိန်မှာ သူတို့နဲ့ပေါင်းစပ် ပါဝင်ရေးဆွဲနေကြ သောကွန်မြူနတီများ၊ နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းများ၊ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ အနိမ့်ဆုံး ညွှန်ကြားရေးမှူးအဆင့်ခန့် ၀န်ထမ်းများဟာ သူ့ဘာသာရပ်ကို သူကျွမ်းကျင်နှံ့စပ်စွာသိရှိပြောပြတတ်ဖို့ ကောင်းနေပါပြီ။ ပြည်သူ့ ဆက်ဆံရေး ‘ပီအာအတွက် ဌာနအလိုက် မီဒီယာကိုတောင် အချို့မူဝါဒ၊ စီမံချက်၊ အချိန်ကာလ၊ အကြောင်းအရာတွေကို တိတိကျကျချပြသိထားစေသင့်ပါပြီ။
စစ်မှန်သော အရွှေ့တစ်ခုရောက်ဖို့
ဒါကိုခုချိန်ထိဘယ်သူမှ ရေရေရာရာမသိ၊ မပြောနိုင်ကြသေးဘူးဆိုရင်တော့ မဟုတ်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစိုးရအဖွဲ့ဝင်လူကြီးတွေဟာ နေ့စဉ်ပုံမှန်လုပ်ငန်းလေးတွေ၊ ပုံမှန်အစည်းအဝေးတွေ၊ ဧည့်သည်တွေတွေ့၊ရက်၁၀၀ စီမံချက်လက်ကျန် အကောင်အထည်ဖော်တာလေးတွေ၊ တစ်ပတ်တစ်ခါမှ ဝင်စာတွေအားလုံးပေါင်းရှင်းတာမျိုးတွေ၊ ကိုယ်စိတ်ဝင်စား ကျွမ်းကျင်ရာနေရာ ကဏ္ဏလေးကို မြေတောင်မြှောက်ဖို့တွေလောက်သာ လျာထား ဆောင်ရွက်မနေသင့်တော့ပါဘူး။ အထူးသဖြင့် “ကျွန်တော်ဘာမှ မသိပါဘူး။ လေ့လာတုန်းပါ” ဆိုတာမျိုးကို အခုအချိန်မပြောသင့်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ်အားလုံးကို ယုံယုံကြည်ကြည်နဲ့ ပူးပေါင်း ရွှေ့ကြတဲ့တိုင်းပြည်ရဲ့ စစ်မှန်သောအရွေ့တစ်ခုကို ရောက်ဖို့အမှန်တကယ် “စွန့်စားတာဝန်ယူဆောင်ရွက်ကြသင့်ပြီ” ဖြစ်ပါတယ်။
သူတောင်းစားပေးတဲ့အကြံ လက်မခံ
ကျွန်တော်ပုံပြင်တစ်ခုကြားဖူးတာရှိပါတယ်။ “တစ်ခါကလူတစ်ယောက်ဟာ အထုပ်နှစ်ခုကိုထမ်းပိုးတစ်ဖက်ထဲမှာ လျှိုထမ်းခရီးသွားရင်း ဇရပ်ရောက် တော့နားပါသတဲ့။ ပြန်ထွက်ဖို့ပြင်တော့လည်း အဲဒီအတိုင်းပဲထမ်းမယ်လုပ်တော့ ဇရပ်ထဲမှာနားနေတဲ့ စုပ်ချာချာ လူကြီးတစ်ဦးက..မောင်ရင်အဲလိုထမ်းမဲ့အစား ထမ်းပိုးတစ်ဖက်စီမှာ တစ်ထုပ်စီထားထမ်းကြည့်ပါလို့… အကြံ ပြုပါတယ်။ ခရီးသွားလည်းအဲလိုထမ်းကြည့်တော့ တကယ်သက်သာ အဆင်ပြေတာကိုသိပါသတဲ့။ သို့သော် လည်းသူကဘာကိုပြန်စဉ်းစားလဲဆိုရင် “ဒီသူတောင်းစားသာသာလူကပေးတဲ့အကြံနဲ့တော့ ငါမလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူး”ဆိုပြီး နကိုယ်အတိုင်းပဲ အထုပ်တွေကို ထမ်းပိုး တစ်ဖက်မှာ ပြန်ထမ်းပြီးထွက်သွားခဲ့တယ်”ဆိုတဲ့ ပုံပြင်လေးပါ။ ဘယ်လောက်ပဲလက်တွေ့ကျကျ၊ မှန်မှန်ကောင်းကောင်း “သူတောင်းစား ပေးတဲ့အကြံ- လက်မခံ” ဆိုတဲ့စိတ်မာနအစွဲတွေကို မချွတ်နိုင်သေးသမျှလည်း ကျွန်တော့်တို့နိုင်ငံပြုပြင်ပြောင်းလဲရေး တိုးတက်ဖို့ဟာ လည်း အလှမ်းဝေးနေဦးမည် ဆိုပါတဲ့အကြောင်း……
ရဲရင့်တင့်ဆွေ
adv_banner
adv_banner