ဒီမိုကရေစီ ယဉ်ကျေးမှု (ဆောင်းပါးကဏ္ဍ)

thit-sar-ni-1

အမေရိကန်နိုင်ငံ ၄၅ ယောက်မြောက် သမ္မတရွေးချယ်ပွဲတွင် တစ်ကမ္ဘာလုံး မျှော်လင့်မထားသည့် ဒေါ်နယ်ထရန့် အနိုင်ရသွားခြင်းမှာ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ်တို့အတွက် အကြပ်ရိုက်စေသည်။ (သို့သော် အများထင်မှတ်မထားသော ထရန့်အနိုင်ရလိမ့်မည်ဟု အိန္ဒိယနိုင်ငံမှ စကာကျ အမည်ရှိသည့် ငါးကလေး နှင့် တရုတ်ပြည်မှ မျောက်ကလေးတို့ကမူ ကြိုတင်ဟောကိန်းထုတ်ထားခဲ့သည်။ သူတို့သည် ရေဘ၀ဲ ပေါလ်ကဲ့သို့ ကမ္ဘာ့ဘောလုံးပွဲများကိုလည်း တိကျမှန်ကန်စွာ ဟောကိန်းထုတ်နိုင်ခဲ့သည်ဟု ဆိုလေသည်။)

အမေရိကန်သမ္မတသမိုင်း၏ ပထမဆုံး လူမည်းသမ္မတပြီးလျှင် ပထမဆုံးအမျိုးသမီးဖြစ်လိမ့်မည်ဟု မျှော်မှန်းထားသော်လည်း သမ္မတများထဲတွင် အသက်အကြီးဆုံးဟု မှတ်တမ်းဝင်သွားသည့် ထရန့်က သမ္မတ ဖြစ်ခဲ့သည်။ အမေရိကန်သမ္မတသည် အစဉ်အလာအရ အဓိက အင်အားကြီးပါတီနှစ်ရပ်ဖြစ်သည့် ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဗလီကန်တို့မှ အလှည့်ကျဖြစ်လေ့ရှိရာ ယခုလည်း ထိုအစဉ်အလာမပျက်ဟု ဆိုရပေတော့မည်။

trump-protest-crop

အံ့သြစရာကောင်းသည်မှာ ထရန့်အနိုင်ရပြီးနောက် အမေရိကန်နိုင်ငံ အနှံ့အပြားတွင် ထရန့်ကို အလိုမကျ၊ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ (၂)နှစ်ခန့်ကြာမြင့်သည့် မဲဆွယ်ပွဲကာလတစ်လျှောက် ထရန့်သည် စကားကို ဟော့ဟော့ရမ်းရမ်း ပြောခဲ့သည်။ (ဖိလစ်ပိုင်မှ ဒူတာတေးကို အတုယူလေလားမသိ) သူက သန်းကြွယ်သူဌေး အိမ်ခြံမြေလုပ်ငန်းရှင်။ နိုင်ငံရေးထက် စီးပွားရေးကို အားသန်သူ၊ ကာစီနိုထောင်ခဲ့သူ၊ မော်ဒယ်အဂျင်စီထူထောင်သူ၊ ရုပ်သံတင်ဆက်သူ၊ နိုင်ငံရေးနှင့်အတွေ့အကြုံ အားနည်းသူဖြစ်သည့်အပြင် လက်ျာစွန်း အမျိုးသားရေးဝါဒီဟု မြင်ကြသဖြင့် လစ်ဘရယ် အများစုက မကျေနပ်။ ထို့ကြောင့် နယူးယော့ခ်၊ လော့အိန်ဂျလိစ်၊ မီယာမီ  လူစုလူဝေးနှင့် ဆန္ဒပြကြသည်။ ထရန့် သည် သမ္မတမဟုတ်ဟု အော်ဟစ်ကြသည်။ ထရန့်ပုံကို မီးရှို့ကြသည်။ ထိုအထဲတွင် ထရန့်လက်ထက်üအဖိနှိပ်ခံရမည်ဟု ယူဆနေသော မက်စီကန်များ မွတ်စလင်များ အဓိကပါဝင်သည်။ (ထရန့်က သူသမ္မတဖြစ်လျှင် မက္ကဆီကိုနယ်စပ်ကို တံတိုင်းခတ်မည်၊ မွတ်စလင်တွေ ပြည်ဝင်ခွင့်မပြုဟု ပြောခဲ့၏။)

မဲဆွယ်ပွဲကာလတစ်လျှောက် ဟီလာရီဘက်မှ ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင် အတော်များများက ထောက်ခံရပ်တည်ပေးခဲ့ကြသည်။ ကေတီပယ်ရီ၊ လေဒီဂါဂါ၊ မိုင်လေဆိုင်းရပ်စ်၊ ဆင်မြူရယ်ဂျက်ဆင်၊ စာရေးဆရာ ဂျော်ကလိုလင်တို့ပင် ပါသေးသည်။ ဒေါ်နယ်ထရန့်အနိုင်ရလျှင် အမေရိကန်က ထွက်သွားမည်၊ ကနေဒါသွားနေ မည်ဆိုသူတွေကလည်း တပုံတပင်ကြီး။ ရောဘတ်အယ်ဒီယိုကမူ အီတလီကို ပြောင်းတော့မည်ဆိုသည်။

donaldtrump

ကျွန်တော် နားလည်၍ မရသည်မှာ ရွေးကောက်ပွဲပြီးနောက် ထွက်ပေါ်လာသည့် ထိုနောက်ဆက်တွဲ ပြဿနာပင်ဖြစ်သည်။ ဒီမိုကရေစီဘိုးအေဟုဆိုသော အင်္ဂလန်နိုင်ငံပြီးလျှင် အနောက်ဥရောပနိုင်ငံများနှင့် အမေရိကန်သည် ၀ါရင့်ဒီမိုကရေစီနိုင်ငံများဖြစ်သည်။ (အာရှတွင် အိန္ဒိယနှင့် ဂျပန်ဖြစ်သည်။) ဒီမိုကရေစီ၏ အနှစ်သာရမျာ (ပြည်သူထံမှ အာဏာဆင်းသက်ကြောင်း ထင်ရှားသည့် သက်သေသာဓကဖြစ်သော) ရွေး ကောက်ပွဲများဖြစ်သည်။ ဒီမိုကရေစီယဉ်ကျေးမှုတွင် ရွေးကောက်ပွဲရလဒ်ကို ကျေနပ်စွာလက်ခံကြရသည်။ (မဲလိမ်၊ မဲခိုး၊ မဲမသာမှုများ မရှိပါဘဲနှင့်) ဘာကြောင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်ဘဲ ခါးခါးသီးသီး ဆန့်ကျင်နေကြသနည်း။ အမေရိကန်ပြည်သူများသည်လည်း ကျွန်တော်တို့အထင်ကြီးထားသလာက် ဒီမိုကရေစီနှင့် ပတ်သက်၍ ရင့်ကျက်မှုမရှိကြောင်း ထင်ရှားလေသည်။

ဒီမိုကရေစီနိုင်ငံမှာနေထိုင်လျှင် အများစု၏ အဆုံးအဖြတ်ကို (ကိုယ်မနှစ်သက်သည့်တိုင်အောင်) လက် ခံလိုက်နာကြရသည်။ အများစုကလည်း ကျန်လူများ၏ သဘောဆန္ဒကို လေးစားအသိအမှတ်ပြုရသည်။ ၀ါရှင် တန်တွင် ဗီယက်နမ်စစ် ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်ပေါ်စဉ်က သမ္မတ နစ်ဆင်က လမ်းပေါ်ထွက်မလာတဲ့၊ အိမ်ထဲမှာထိုင်နေတဲ့၊ အသံတိတ်နေတဲ့ လူများစု (silent majority) သဘောထားကိုလည်း လေးစားရမည်ဟု ပြောခဲ့သည်။ (ဤစကားကို ၈၈ အရေးတော်ပုံအတွင်းက ဒေါက်တာအောင်အောင်က ပါဝင်သုံးစွဲခဲ့သည်။) အမေရိကန်တွင် ကျင်းပပြီးခဲ့သည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်နယ်ထရန့်သမ္မတဖြစ်ကိုဖြစ်ရမည်။ မကျေနပ်ကြောင်း၊ လမ်းပေါ်ထွက်ဆန္ဒပြရုံ နှင့် ပြေလည်နိုင်သောကိစ္စမဟုတ်။ ဒါက ဒီမိုကရေစီ၏ ကျင့်ဝတ်နည်းလမ်းလည်း မဟုတ်။ ဒီမိုကရေစီကို ပုံဖျက် ကာ နိုင်ငံမျက်နှာကို အိုးမည်းသုတ်သော လုပ်ရပ်သာဖြစ်သည်။ ကိုယ့်သဘောဆန္ဒနှင့် မကိုက်ညီပါသော်လည်း အများစု၏ ဆုံးဖြတ်ချက်နှင့်အညီ ငြိမ်းအေးစွာနေထိုင်တတ်သော ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ်ကို ရင့်ကျက် ခိုင်မာအောင် ဒီမိုကရေစီနိုင်ငံတိုင်း ထူထောင်သင့်ပေသည်။

သစ္စာနီ