အရှက်ရစရာ ကြေညာချက်ထုတ်တဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ (၁) (ဆောင်းပါးကဏ္ဍ)

0
458

556354_114689388713870_784077959_n

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့စွဲနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေဖြစ်တဲ့ MJA, MJN, MJU ၊ မီဒီယာ သမားတွေကို ရှေ့နေလိုက်ပေးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ MMLN နဲ့ BNI အားလုံး (၅) ဖွဲ့ပေါင်းပြီး ကြေညာချက်ထုတ်တယ်။ ခေါင်းစဉ်က အလဲဗင်းမီဒီယာ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့အပေါ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူခြင်းနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်။

အချက်(၇) ချက်ပါတယ်။ အများကြီး မပြောတော့ပါဘူး။ နောက်ဆုံး နံပါတ် (၇) တစ်ချက်တည်းကိုပဲ ဝေဖန်ကြည့်ပါမယ်။ နောက်ဆုံး စာပိုဒ်မှာ ခုလို ရေးထားပါတယ်။

“သို့ဖြစ်ပါ၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအနေဖြင့် ယခင် အစိုးရလက်ထက်က အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဥပဒေဖြင့် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်စေနိုင်သည့် လုပ်ဆောင်မှုများကို အမြန်ဆုံး ရပ်တန့်ကာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး သတင်းမီဒီယာ ဥပဒေနှင့်အညီ အဖြေရှာရန် တိုက်တွန်းပါသည်”တဲ့။

ရေငုံနှုတ်ပိတ်

၁။ ကောင်းပါပြီ။ ရန်ကုန်တိုင်း အစိုးရ ၆၆(ဃ) သုံးတာဟာ “သတင်းမီဒီယာလွတ်လပ်ခွင့်ကို ခြိမ်းခြောက်”တယ်လို့ ဆိုထားတယ်။ ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group)ဟာ အစောကြီးကတည်းက ၆၆(ဃ)နဲ့ ၁၀ မှုကျော်လောက် တရားစွဲခဲ့တယ်။ နောက် သတင်းမီဒီယာသမားတွေကို ပုဒ်မ ၅၀၀၊ ၃၄(ဃ)နဲ့ စွဲတာတွေလည်း အများကြီး။ အခုလက်ရှိ တရားရုံး ရောက်နေတဲ့ အမှု ကလည်း အများကြီး။ အဲဒါတွေဟာ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်”တာ မဟုတ်ဘူးလား။ အဲလို အမှုပေါင်းများစွာ တရား စွဲစဉ်တုန်းက အခု ကြေညာချက်ထုတ်တဲ့ အဖွဲ့အစည်းတွေ ရေငုံနှုတ်ပိတ် နေခဲ့တယ်။ ကောင်းပါပြီ။ ပြဿနာ မရှိပါဘူး။ အခု အစိုးရက စွဲတော့မှ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်” တယ်ဆိုပြီးပြောတယ်။ အလဲဗင်းကိုတော့ “သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်” ဆိုပြီး ဒီကနေ့အထိ မပြောဘူး။ ဆိုတော့ ဒါဟာ တရားမျှတတဲ့ မှန်ကန်တဲ့ သဘောထား ရပ်တည်ချက် မဟုတ်နိုင်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီ ကြေညာချက် ထုတ်တဲ့သူတွေကိုယ်တိုင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တကယ်လိုလား မြတ်နိုးတဲ့ သူတွေ ဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်စရာ။ ဒါမှမဟုတ် သတင်းမီဒီယာလွတ်လပ်ခွင့်ထက် အကြောက်တရားက ခုချိန်ထိ ပိုပြီး ဖုံးလွှမ်းနေတာများလား။

အရင်ကြိုးစားပါဦး

၂။ အစိုးရကို “မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ပြီး သတင်းမီဒီယာဥပဒေနှင့်အညီ အဖြေရှာရန်” တိုက်တွန်း တယ်။ ကောင်းပါပြီ။ အလဲဗင်းမီဒီယာဟာ ပြန်ကြားရေးနဲ့ ပြဿနာဖြစ်တဲ့ ပုံနှိပ်စက်ဝယ်တဲ့အကြောင်း သတင်းရေးတဲ့ကိစ္စ အရင် စာနယ်ဇင်းကောင်စီကို လုံးဝ ဂရုမစိုက်လို့ နောက်ဆုံး တရားရုံး ရောက်ရတယ်။ ပြန်ကြားရေးက လုံးဝ မတတ်သာတော့ တရားစွဲ ရတာပါ။ အခု အဲဒီ အမှု နေပြည်တော်မှာ ရှိတုန်း။ နောက် သတင်းမီဒီယာကောင်စီသစ် ပေါ်လာတယ်။ သတင်းမီဒီယာ ဥပဒေ ပေါ်လာ တယ်။ အဲဒီနောက်ပိုင်းမှာရော အလဲဗင်းက သတင်းမီဒီယာကောင်စီနဲ့ ပူးပေါင်းသလား။ သူတို့ဖော်ပြတဲ့ ဆောင်းပါးတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာကောင်စီကို လုံးဝ အကြောင်းမကြားပဲ ပုဒ်မ ၅၀၀၊ ပုဒ်မ ၃၄(ဃ)တွေနဲ့ တန်းတရားစွဲတာ အများကြီးပါပဲ။ ဒါနဲ့ ပတ်သက်ပြီး မဇ္ဈိမ ဦးစိုးမြင့်နဲ့ ကိုမျိုးသန့်တို့ တရားစွဲခံရတော့ ကြေညာချက် ထုတ်ခဲ့ကြသေးတယ်။ အခု ကြေညာချက်ထုတ်တဲ့ သူတွေ ဘယ်သွား အိပ်ပျော်နေကြပါသလဲ။ ပြောရရင် မီဒီယာအဖွဲ့အစည်းတွေအနေနဲ့ မီဒီယာကောင်စီကို အစိုးရနဲ့ အခြားအဖွဲ့အစည်းတွေ အသိအမှတ်ပြုလာအောင် လုပ်ဖို့ ခဏအသာထား၊ အလဲဗင်းလို ကိုယ့်မီဒီယာကုမ္ပဏီက အသိအမှတ်ပြုလာအောင် အရင်ကြိုးစားသင့် နေပါတယ်။ မီဒီယာဥပဒေကို အသုံးပြုဖို့ အစိုးရနဲ့ တပ်မတော်ဘက်လှည့်ပြီး မပြောပါနဲ့ဦး။ အလဲဗင်းလို ကိုယ့်မီဒီယာကုမ္ပဏီက အသုံးပြု လာအောင် အရင်ကြိုးစားပါဦးလို့ ပြောချင်တယ်။ ကြောက်နေရင်တော့လည်း မတတ်နိုင်ဘူးပေါ့။

တာဝန်ဘယ်လောက် ကျေသလဲ

၃။ မီဒီယာ အဖွဲ့အစည်းတွေ အဓိက လုပ်ရမှာ အကြမ်းဖျဉ်း သုံးခုလောက် ရှိမယ်ထင်တယ်။

(က) သတင်းမီဒီယာလွတ်လပ်ခွင့် ပိုပြီး ရှိလာအောင် လုပ်ဖို့။ (သတင်းမီဒီယာ လွတ်လပ်ခွင့်ကို လာဖိနှိပ်တယ်လို့ဆိုပြီး ပြင်ပ အဖွဲ့ အစည်းတွေကို ဝေဖန်တာအပြင် ကိုယ့်အတွင်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့် ဆိတ်သုဉ်းအောင် လုပ်နေတာတွေကိုလည်း ရဲရဲဝံ့ဝံ့ ဝေဖန်ထောက်ပြဖို့ လိုတယ်။)

(ခ) သတင်းမီဒီယာလောက ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြလာအောင်၊ ထုတ်လွှင့်လာအောင်၊ အရည်အသွေး မြင့်မားလာအောင် လုပ်ဖို့။ (ဒါလုပ်ဖို့ ဝေဖန်ရေး ထွန်းကားလာဖို့ လိုတယ်။ သတင်းမီဒီယာလောကအတွင်း ဝေဖန်ရေး ဆိတ်သုဉ်းနေလို့ ဒါကိုလည်း မလုပ် နိုင်။)

(ဂ) သတင်းမီဒီယာ လောကသားတွေကို အကာအကွယ်ပေးဖို့။ (အပြင်က အစိုးရ၊ တပ်မတော်က တရားစွဲမှ ကာကွယ်ဖို့ မဟုတ်ဘူး။ ကိုယ့်အချင်းချင်း မတော်မတရား လုပ်တာလည်း ကာကွယ်ပေးရမယ်၊ ကိုယ့်လောကသား အချင်းချင်း ဖိနှိပ်တာလည်း ကာကွယ် ပေးရမယ်။)

ကဲ အခု ကြေညာချက်ထုတ်တဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေ အဲဒီ တာဝန်ဘယ်လောက် ကျေသလဲ။ ပြန်ဆန်းစစ်ကြည့်ပါ။

ရှက်တတ်ကြပါ

နိဂုံးချုပ်ရရင် မီဒီယာအဖွဲ့အစည်းတွေရဲ့ ကြေညာချက်ဟာ ပြည်သူလူထုရဲ့ အမြင်မှာ တကယ့် သတင်းမီဒီယာသမားတွေကို အရှက်ရ စရာ ဖြစ်စေလိမ့်မယ်။ အစိုးရ၊ တပ်မတော်နဲ့ အခြားသော အဖွဲ့အစည်းတွေရဲ့ အမြင်မှာ မီဒီယာလောကကို အထင်အမြင်သေးစရာ ဖြစ်လာလိမ့်မယ်လို့ပဲ ထင်ပါတယ်။ သတင်းမီဒီယာအဖွဲ့အစည်း ခေါင်းဆောင်တွေ အနေနဲ့ မှန်ကန်မှု၊ တရားမျှတမှုနဲ့ ပြဿနာတွေကို ရှုမြင်ပါ။ အကြောက်တရားကင်းကင်းနဲ့ ရပ်တည်နိုင်အောင် ကြိုးစားပါ။ ရှက်သင့် ရှက်ထိုက်တာ ရှက်တတ်ကြပါ။

?bph6