၂၁ ရာစု ဂျီဟတ်အကြမ်းဖက်ဝါဒနှင့် မြန်မာနိုင်ငံ (ဆောင်းပါး)

0
411

jihad

၂၁ ရာစု အကြမ်းဖက်ဝါဒ

၂၁ ရာစု အကြမ်းဖက်ဝါဒဟာ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ပြောင်းလဲလာခဲ့တာကို တွေ့ရှိရပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ချိတ်ဆက်မှုကို အကျိုးရှိရှိ အသုံးချသွားနိုင်တာက နိုင်ငံတကာ အကြမ်းဖက်ဝါဒီတွေ ဖြစ်တယ်ဆိုတဲ့ ကောက်ချက်တွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။

၂၁ ရာစု အကြမ်းဖက်ဝါဒမှာ သီးခြားထွက်ပေါ်လာခဲ့တာကတော့ ၂၁ ရာစု ဂျီဟတ် တိုက်ခိုက်မှုတွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ ညီနောင်ကို ဖြိုချနိုင်ခဲ့တဲ့ ၉/၁၁ အလွန်ကာလမှာ ဂျီဟတ်ဝါဒီတွေ ခေါင်းထောင်လာခဲ့ပါတယ်။

လက်ရှိ ISIS အိုင်းဆစ်အကြမ်းဖက်ဝါဒီတွေရဲ့ ခေတ်မှာတော့ အစွန်းရောက် ဘာသာရေး ယုံကြည်ချက်ကို မဏ္ဍိုင်ပြုတဲ့ ဂျီဟတ်ဝါဒဟာ ကမ္ဘာအနှံ့ကို ပြန့်နှံ့လာခဲ့ပါတယ်။ အိုင်းဆစ်တွေရဲ့ အီရတ်နဲ့ ဆီးရီးယားစစ်မြေပြင်တွေကို သွားရောက်တိုက်ပွဲဝင်နေကြတဲ့ ဥရောပ တစ်လွှားက ဂျီဟတ်ဝါဒီတွေကို ကြည့်ရင် နိုင်ငံနယ်နိမိတ်တွေ မရှိတော့ဘဲ အစွန်းရောက်ယုံကြည်ချက် တူညီမှုတွေကို အရင်းခံနေတာ အံ့သြဖွယ်ရာ တွေ့ရှိခဲ့ကြရပါတယ်။ အင်္ဂလန်မှာမွေးဖွား၊ အင်္ဂလန်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ဂျီဟတ်ဂျွန်ဟာ အိုဘားမားကို စိန်ခေါ် ပြီး ဓါးစာခံတွေကို ခေါင်းဖြတ်သတ်ပြခဲ့ပါတယ်။

သူတို့မှာ နိုင်ငံဆိုတဲ့ အသိ၊ နိုင်ငံသားဆိုတဲ့ စိတ်ဓါတ် မရှိတော့ဘဲ အစွန်းရောက် ယုံကြည်ချက်တွေ၊ အကြမ်းဖက်ရန်လိုမှုတွေ ပြည့်နှက် နေခဲ့ပါတယ်။ အိုင်းဆစ်အဖွဲ့ ထွက်ပေါ်လာပြီးတဲ့နောက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပ နိုင်ငံကြီးတွေမှာ ဂျီဟတ်အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက်တွေ့ကြုံလာခဲ့ရပါတယ်။ နိုင်ငံတွေရဲ့ လူဝင်မှုကြီးကြပ်မှုတွေ ပြန်လည် တင်းကျပ်ဖို့ တောင်းဆိုလာမှုတွေနဲ့ အတူ လက်ျာစွန်းနိုင်ငံရေး အင်အားစုတွေ ခေါင်းဆောင်မှု အားကောင်းလာခဲ့ပါတယ်။

အမေရိကန်လို ဒီမိုကရေစီလစ်ဘရယ်နိုင်ငံကြီးမှာ ခြံစည်းရိုးကာဖို့၊ ဗလီတွေပိတ်ဖို့၊ မူဆလင်တွေပြန်ပို့ဖို့ ပြောဆိုစည်းရုံးခဲ့တဲ့ ဒေါ်နယ်ထရမ့်ဆိုရင် ရီပတ်ဘလီကင် သမ္မတလောင်းပြိုင်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပါတယ်။ ဂျာမဏီမှာ မာကယ်ရဲ့ပါတီ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီး ဗြိတိန်ဆိုရင် အီးယူက နှုတ်ထွက်တဲ့အထိ လက်ျာစွန်းကို ရောက်ရှိလာခဲ့တာ တွေ့နိုင်ပါတယ်။

ဂျီဟတ်အကြမ်းဖက်ဝါဒီတွေဟာ နိုင်ငံတွေထဲမှာရှိတဲ့ တစ်သီးတစ်သန့် ဖြစ်နေတဲ့ ဘာသာတူ လူအုပ်စုတွေကို ပစ်မှတ်ထားပြီး ဂျီဟတ် လမ်းစဉ်ကို လျှောက်လှမ်းဖို့ အစဉ်အမြဲ စည်းရုံးနေကြပါတယ်။ နိုင်ငံတွေရဲ့ ပြည်တွင်းမှာရှိတဲ့ အကြောင်းရင်းနောက်ခံ အမျိုးမျိုးနဲ့ တစ်သီးတစ်ခြားဖြစ်နေတဲ့၊ တစ်သီးတစ်ခြား ဖြစ်နေတယ်လို့ ၄င်းတို့ဘာသာ ခံစားချက်ရှိနေတဲ့ ဘာသာတူတွေဟာ အစွန်းရောက် ယုံကြည်မှုတွေ မြင့်မားလာပြီး ဂျီဟတ်လမ်းစဉ် ခေါ်ရာနောက်ကို လိုက်ပါလာခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေမှာ ဒီလို ပုံစံမျိုးနဲ့ ဂျီဟတ် အကြမ်းဖက်ဝါဒီတွေ မွေးဖွားလာစေခဲ့ပါတယ်။

ဂျီဟတ်နဲ့ အရှေ့တောင်အာရှ

တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ဂျီဟတ် အကြမ်းဖက်ဝါဒီတွေ ပေါ်ထွက်လာအောင် လှုပ်ရှားမှု အမျိုးမျိုး ဖြစ်ပေါ်လာခဲ့ပါတယ်။ အစွန်း ရောက်အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းနောက်ခံ ရှိတဲ့ အင်ဒိုနီးရှား၊ အစွန်းရောက် အကြမ်းဖက် သမားတွေရဲ့ Network တွေထဲမှာ ပါနေတဲ့ မလေးရှား စတဲ့နိုင်ငံတွေမှာလည်း လက်သစ်ဂျီဟတ်ဝါဒီတွေ ထွက်ပေါ်မလာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်နေရပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်းမှာဆိုရင်လည်း ခွဲထွက်ရေးတောင်းဆိုနေတဲ့ အစ္စလာမ္မစ်အဖွဲ့တွေ ရှိနေပါတယ်။ အရှေ့အလယ်ပိုင်းက အိုင်းဆစ် အဖွဲ့ဆီမှာ ဖိလစ်ပိုင်နိုင်ငံသား အစ္စလာမ်လူငယ် ၁၀၀ ကျော် (တချို့လည်း ၂၀၀ ကျော် ဟုဆို) သွားရောက် အားဖြည့် ပါဝင်နေတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်က Abu Sayyaf Group-ASG နဲ့ Bangsamoro Islamic Freedom Fighters-BIFF ဆိုရင် အိုင်းဆစ်ကိုထောက်ခံမယ် ဆိုတာကို ကတိပြု ပြောထားတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာဆိုရင် မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးတွေကို အိုင်းဆစ်အဖွဲ့ဆီ စေလွှတ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် လေဆိပ်တွေမှာ လူငယ်တွေကို ဖမ်းဆီးပိတ်ပင် တားမြစ်မှုတွေ လုပ်ခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာ လည်း ဆီးရီးယားကပြန်လာတဲ့ ဖောက်ခွဲရေးကျွမ်းကျင်သူ မလေးလူငယ် ၁၃၀ ကျော်ကို ဝန်ကြီးချုပ် နာဂျစ်ကိုယ်တိုင် အရေးယူ တာတွေ လုပ်ခဲ့ရပါတယ်။

“ဒီအစွန်းရောက် ဂျီဟတ်ဝါဒီတွေရဲ့ တစ်သားတည်းဖြစ်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာပါတယ်”

ထိုင်းနိုင်ငံ တောင်ပိုင်းမှာဆိုရင်လည်း အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထိန်းသိမ်း ထားရတဲ့ အနေအထား ရှိပါတယ်။ ဘာသာရေးအစွန်းရောက် ယုံကြည်မှုတွေ သွတ်သွင်းခံရတဲ့ အနေအထားမှာ ဖိလစ်ပိုင် ရယ်၊ မလေးရယ်၊ ထိုင်းရယ်ဆိုတာမျိုး မရှိတော့ဘဲ သူတို့အားလုံးဟာ ဂျီဟတ်ဝါဒီတွေပဲ ဆိုတဲ့ အစွန်းရောက် အတွေးအခေါ်တွေ ဖြစ်လာစေခဲ့ပါတယ်။

ဒီအစွန်းရောက် ဂျီဟတ်ဝါဒီတွေရဲ့ တစ်သားတည်းဖြစ်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာပါတယ်။ အရှေ့အလယ်ပိုင်း စစ်မြေပြင်တွေဆီ ကိုယ်တိုင် သွားရောက် တိုက်ပွဲဝင်ကြသလို နိုင်ငံတွေရဲ့ အတွင်းထဲမှာ ရှိနေတဲ့ ပဋိပက္ခနယ်မြေဒေသတွေက တစ်သီးတစ်သန့်ရှိနေတဲ့ ဘာသာတူတွေဟာ ဂျီဟတ်ဝါဒီတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုလူအုပ်စုတွေဆီ အစွန်း ရောက်အယူအဆတွေ ပို့ဆောင် ပေးသလို အကြမ်းဖက်မှုတွေ ပြုလုပ် လာအောင်လည်း အပြင်ကနေ သွေးထိုးတာ၊ ဆွဲဆောင်တာ၊ စည်းရုံးတာတွေ လုပ်ဆောင်လာ ကြပါတယ်။ အပြင်ဘက်ကလည်း လူ၊ လက်နက်၊ ပစ္စည်းကိရိယာနဲ့ ငွေကြေးတွေ ပံ့ပိုးပေးတာကိုလည်း မြေအောက်လှုပ်ရှားမှု အသွင်နဲ့ ဆောင်ရွက်ပေးလာခဲ့ကြပါတယ်။

ဂျီဟတ်နဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံကို ပြန်ပြီး ကြည့်ရင်လည်း ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပွားပြီးတဲ့နောက် ကမ္ဘာအရပ်ရပ်က ဂျီဟတ် အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ သွေးထိုးမှုတွေ အမြောက်အမြား တွေ့ကြုံလာခဲ့ရပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ မူဂျာဟီဒင်အဖွဲ့တစ်ဖွဲ့က မြန်မာနိုင်ငံကို ဂျီဟတ် စစ်ပွဲ ကြေညာခဲ့ပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အယ်ခိုင်းဒါးခေါင်းဆောင် အဆမ်အူမာ (Asim Umar) က အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေကို ဂျီဟတ်စစ်ပွဲ ကြေညာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မေလမှာ ဆိုမာလီယာမှာ ရှိတဲ့ Shabaab Mujahideen Movement အဖွဲ့က မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ လိုအပ်တဲ့ လူ၊ လက်နက်၊ ငွေကြေး ကူညီထောက်ပံ့မယ် ဆိုတာကို ကြေညာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဇွန်လမှာ ပါကစ္စတန်မှာရှိတဲ့ တာလီဘန်တွေက မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လမှာလည်း ဘားမားအစ္စလမ်းမစ်လှူပ်ရှားမှုအဖွဲ့၊ ဥဇဗက်ကစ္စတန်အစ္စလာမ္မစ်စတိတ်(ISIS)၊ တာလီဘန်ပါကစ္စတန် တာကစ္စတန်အစ္စလမ်မစ်ပါတီ ဆိုတဲ့အဖွဲ့တွေက မြန်မာနိုင်ငံကို ဂျီဟတ် စစ် နွှဲဖို့ တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပါတယ်။

“၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ မောင်တောဒေသအတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ဂျီဟတ်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာလာခဲ့ပါတယ်”

လက်ရှိ အစိုးရသစ် လက်ထက် ၂၀၁၆ ခုနှစ် သြဂုတ်လဆန်းမှာလည်း မလေးရှားနိုင်ငံမှာ ရဲဌာနတွေကို ခြိမ်းခြောက်စာ ပေးပို့ ခဲ့တဲ့အထဲမှာ မလေးရှားဝန်ကြီးချုပ်အပါအဝင် အာရှရဲ့ထင်ရှားတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ဆိုတာလည်း ပါလာခဲ့ပါတယ်။ ဒီပစ်မှတ်တွေထဲမှာ မြန်မာနိုင်ငံက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည်လည်း ပါဝင်လာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ မောင်တောဒေသအတွင်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီဒ အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ဂျီဟတ်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာလာခဲ့ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ အိန္ဒိယနိုင်ငံ Uri စခန်း တိုက်ခိုက်ခဲ့မှုနဲ့ သဘောအားဖြင့် ဆင်ဆင် တူညီနေတာ တွေ့ရှိရပါတယ်။ ကက်ရှ်မီးယားဒေသမှာ ရှိနေတဲ့ အိန္ဒိယ အမှတ်(၁၂) တပ်မဌာနချုပ်နဲ့ Uri ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်သည် ၇ ဦး ကျဆုံးခဲ့ရပြီး ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ အိန္ဒိယရဲ့ Pathankot လေတပ်စခန်းကို ဝင်တိုက် ခဲ့ပါတယ်။ စစ်သည် ၇ ဦးကျဆုံးခဲ့ရပါတယ်။ Uri အကြမ်းဖက်တိုက်ခိုက်မှုဟာ အိန္ဒိယနိုင်ငံသမိုင်မှာ စစ်သည်အများအပြား သေဆုံးခဲ့ရ ပါတယ်။ အိန္ဒိယ အစိုးရကတေ့ ဒါဟာ ကစ္စတန်အခြေစိုက်အကြမ်းဖက်အုပ်စ Jaish-e-Mohammed အဖွဲ့လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီပုံစံ၊ ဒီဗျူဟာမျိုးနဲ့ မောင်တောကိုဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့အတိုင်း အစွန်းရောက်ဂျီဟတ်ဝါဒီ တွေဟု ပြင်ပက အခါတော်ပေး၊ အစွန်းရောက်ဘက်တွန်းပို့ခဲ့ရာမှာ အယ်လ်ခိုင်းဒါး၊ တာလီဘန် တို့ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းမှုတွေနဲ့ အစပျိုး ဆောင်ရွက်ခဲ့တယ် ဆိုတာ တွေ့ရှိနိုင်ပါတယ်။ ပြည်တွင်းမှာ ဂျီဟတ်စစ်ပွဲ ဆင်နွှဲလိုစိတ်တွေ မြင့်တက် လာအောင် ပြည်ပက ဆွဲဆောင် စည်းရုံး နှိုးဆွ ပေးတာပဲ ဖြစ်ပါတယ်။

police

ဒီနောက်မှာတော့ ပဋိပက္ခတွေ အကင်း မသေသေးတဲ့ မောင်တောဒေသမှာ ရောက်ရှိနေတဲ့ မူဆလင်တွေဟာ ဂျီဟတ်ဝါဒီတွေအတွက် ခြေကုတ်ယူစရာ ပစ်မှတ်တွေ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဘော့စတွန်မှာ ဗုံးခွဲခဲ့တဲ့ ဖြစ်စဉ် ဥပမာကို ကြည့်ရင် လက်လုပ်ဗုံးခွဲခဲ့သူဟာ တစ်ဦးတည်း သီးခြားနေပြီး အခြားသူတွေက သူ့ကို ဖယ်ကြဉ်ထားတယ် လို့ ခံစားချက် ရှိတဲ့သူ ဖြစ်ပါတယ်။ အစွန်းရောက်ယုံကြည်ချက်တွေ တုပ်နှောင်ခြင်း ခံရပြီးတဲ့နောက် ဗုံးခွဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဥပမာအတိုင်း ပဋိပက္ခ နယ်မြေတွေက မူဆလင်တွေဟာ ဂျီဟတ်ဝါဒီတွေအတွက် မျက်စေ့ကျစရာ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာတော့ ဂျီဟတ်ဝါဒီတွေဟာ ကြိုတင် စည်းရုံး သိမ်းသွင်းထားတဲ့ အစွန်းရောက် ယုံကြည်သူတွေကို စုစည်းပြီး ကျီးကန်းပြင်၊ ငါးခူရနဲ့ ကိုးတန်ကောက် ရဲစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။

ဘင်္ဂလား-မြန်မာ နယ်စပ်ဒေသဟာ ရေပြင်၊ ကုန်းမြေ ဆက်စပ်နေတာ ဖြစ်တဲ့ အတွက် ထိန်းချုပ်ရ အလွန်ခက်ခဲတဲ့ ပထဝီအနေအထားမျိုး ဖြစ်နေပါတယ်။ တစ်ဘက်ကမ်းနဲ့ ဒီဘက်ကမ်း ကူးလူးဆက်ဆံ သွားလာနေတာတွေလည်း အစဉ်အဆက် ဖြစ်ပါတယ်။ နယ်ခြားမှာ စည်းရုံး ကာရံမှုတွေ မပြီးပြတ်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

“ဂျီဟတ်ရဲ့ သော့ချက်က နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ကျော်လွှားပြီး အစွန်းရောက် အကြမ်းဖက်မှုတွေ နှိုးဆွနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသော့ချက်မှာ အဓိက ကျနေတာက သက်ဆိုင်ရာနိုင်ငံတွေထဲမှာ နေထိုင်နေတဲ့ သူတို့နဲ့ ဘာသာတူသူတွေပဲ ဖြစ်ပါတယ်”

ဂျီဟတ်ရဲ့ သော့ချက်

ဂျီဟတ်ရဲ့ သော့ချက်က နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို ကျော်လွှားပြီး အစွန်းရောက် အကြမ်းဖက်မှုတွေ နှိုးဆွနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသော့ချက်မှာ အဓိက ကျနေတာက သက်ဆိုင်ရာနိုင်ငံတွေထဲမှာ နေထိုင်နေတဲ့ သူတို့နဲ့ ဘာသာတူသူတွေပဲ ဖြစ်ပါတယ်။ အတွင်းကပါမှ အပြင်က လာပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်သလို အတွင်းကပါမှ အပြင်က နှိုးဆွ စီစဉ်ပေးတဲ့အတိုင်း ဂျီဟတ်စစ်ပွဲ ဆင်နွှဲနိုင်ကြမှာ ဖြစ်ပါတယ်။ (ပြောရရင် “အတွင်းက အရေးကြီးဆုံး” ဖြစ်ပါတယ်)

အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးသုခမိန်ကြီး ဖြစ်တဲ့ ဟင်နရီကစ်ဆင်းဂျားကတော့ အိုင်းဆစ်တွေကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် နိုင်ငံတွေရဲ့ နယ်နိမိတ်တွေကို တိတိကျကျ ခိုင်ခိုင်မာမာ ပြန်ပြီး ကန့်သတ် သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ အတွင်းနဲ့ အပြင်စည်း သေသေချာချာ ခြား၊ အတွင်းကို ပြန်ထိန်း၊ အတွင်းကို ပြန်ကန့်၊ အတွင်းကို မဝင်နိုင်အောင် လုပ် ဆိုတဲ့ သဘောတရားပါပဲ။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ နယ်နိမိတ်တွေ ပြန်ပြီး သတ်မှတ်ဖို့ ပြောတာ ဖြစ်တဲ့အပြင် နိုင်ငံသားစိတ်ဓါတ် ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ နယ်နိ မိတ်တွေ သတ်မှတ်နိုင်ဖို့ကိုလည်း ပြောခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေဟာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် နိုင်ငံနယ်နိမိတ်တွေ ပြေလျော့လာတဲ့ အနေအထားမှာ နယ်နိမိတ်တွေ ပီပြင် ခိုင်မာဖို့ ခက်ခက်ခဲခဲ လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂဆိုရင် တစ်ပေါင်း တစ်စည်းတည်း ဖြစ်အောင် လုပ်ထားလို့ နယ်နိမိတ် ကန့်သတ်ချက် မရှိတော့သလို ဖြစ်လာပါတယ်။ အီးယူ ဗီဇာရရင် အီးယူနိုင်ငံအားလုံးကို အတားအဆီးမရှိ သွားလာနိုင်ပါတယ်။ အီးယူအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံသားတွေဟာ အီးယူအဖွဲ့ဝင် နိုင်ငံတွေကို ဗီဇာမလို သွားရောက်နိုင်ကြပါတယ်။ ဒီပေါင်းစည်းမှုရဲ့ အားနည်းချက်က အကြမ်းဖက် အစွန်းရောက်တွေ လှုပ်ရှားရ ပိုပြီး လွယ်ကူသွားစေခဲ့တာပဲ ဖြစ်ပါတယ်။

နယ်နိမိတ်ဆိုတဲ့ နေရာမှာ နယ်ခြားသတ်မှတ်ချက်တွေ အပြင် လူဝင်မှုကြီးကြပ်ရေး၊ ပြည်ဝင်ခွင့်၊ စစ်ဆေးကြပ်မတ်မှု အားလုံး ပါဝင်နေပါတယ်။

ဒါကတော့ မြန်မာနိုင်ငံ မောင်တောဒေသကို ဂျီဟတ် ဘယ်လို စတင် ပြန့်နှံ့ရောက်ရှိလာတယ် ဆိုတာကို အကျဉ်းမျှ တင်ပြရခြင်းပဲ ဖြစ်ပါတယ်။