စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားပြီးအလွန် ကျောမွဲလူမွဲများ (ဆောင်းပါး)

0
354

yntsarticle

မပြီးခင် ဗမာမမြင်စေနဲ့ ဆိုတဲ့ စကားကို ကြားယောင်မိပါတယ်။ အခု အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံဟာ ဆန်ရှင်ကနေ တရားသေ လွတ်သွားပါပြီ။ စီးပွားရေး ဒဏ်ခတ်ပိတ် ဆို့မှုတွေနဲ့ ပတ်သက်လို့ အားလုံးပြီးဆုံးခဲ့ပါပြီ။ ဒါပေမယ့် ဘာမှ မမြင်ရသေးပါ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်း လူမွဲလူထု၊ လမ်းမတွေထက်၊ လမ်းကြိုလမ်းကြားတွေထက်၊ တောတောင်တွေထက် အသက်၊ ဘဝ အပါအဝင် အရင်းကြီးကြီး ပေးဆပ်ခဲ့ရတာတွေအပေါ် မြစ်ဖျားခံခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကတော့ နိဋ္ဌိတံခဲ့ပါပြီ။

ကျွန်တော့်သဘောထားကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဒရောသောပါး ရုပ်သိမ်းတာ၊ ကွင်းလုံးကျွတ် ရုပ်သိမ်းတာတွေကို ဆန့်ကျင်ပါတယ်။ ကန့်ကွက်ပါတယ်။ အကြောင်းက အဲဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်တာဟာ အောက်ခြေ ကျောမွဲလူမွဲ အများစုကြီးအတွက် အကျိုးမဖြစ်နိုင်တဲ့အပြင်၊ လူတစ်စု ခရိုနီစီးပွားရေး လုပ်ငန်းရှင်တွေအတွက်သာ အကျိုးရှိနိုင်မှာမို့ပါ။ ဒီမိုကရေစီတိုက်ပွဲမှာ ရှေ့တန်းကနေ အသက်တွေ၊ ဘဝတွေ၊ မိသားစုတွေ ပေးဆပ်ခဲ့တဲ့ သူတွေဟာ ကျောမွဲလူမွဲတွေပါ။ အဲဒါကြောင့် ကနဦး ဒီမိုကရေစီ အပြောင်းအလဲရဲ့ အကျိုးအာနိသင်တွေဟာ ကျောမွဲလူမွဲတွေနဲ့ ကင်းလွတ်နေမယ်ဆိုရင် ကြောင်းကျိုးမလျော်ကန်နိုင်ပါဘူး။

“ကျွန်တော့်သဘောထားကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဒရောသောပါး ရုပ်သိမ်းတာ၊ ကွင်းလုံးကျွတ် ရုပ်သိမ်းတာတွေကို ဆန့်ကျင်ပါတယ်”

၂ဝ၁၆ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လုံးဝရုပ်သိမ်းပေးရေး ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအား တိုက်တွန်းတဲ့အဆိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်က တင်သွင်းခဲ့တုန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်လည်း ပြည်သူ့လွှတ်တော်ထဲက ဒီချုပ်ကိုယ်စားလှယ်တွေနဲ့ တစ်သားတည်း အမြင်ရှိခဲ့ပါတယ်။ ထောက်ခံခဲ့ပါတယ်။ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ဆန်ရှင်ရုပ်သိမ်းဖို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အဆိုကို ထောက်ခံခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်က တစ်ဖက်၊ ဒီချုပ်က တစ်ဖက် နိုင်ငံရေးအရ ကတ္တီပါချောင်းခြားခဲ့တာကတော့ သမိုင်းစာမျက်နှာ စစ်စစ်တွေ ဖြစ်ခဲ့ပါတယ်။

basicworkers4

ပြည်သူ့လွှတ်တော်ထဲမှာ အဆိုအပေါ် ကန့်ကွက်ခဲ့တာဟာ နောက်တစ်လအကြာမှာ သက်တမ်း ကုန်ဆုံးခဲ့ရပါတယ်။ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ခိုင်ဖြိုးက တင်သွင်းကာ၊ တပ်မတော်က ထောက်ခံခဲ့တဲ့အဆိုအတိုင်း အကောင်အထည်ဖော်ဖို့ ခြေလှမ်းစခဲ့လို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမြန်ဆုံး ရုပ်သိမ်းပေးဖို့ အဆိုကို အစိုးရအနေနဲ့ တိုက်တွန်းဖို့ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ရဲ့ ဆန္ဒသဘောထား၊ တိုက်တွန်း အဆိုပြုချက်တွေကို ဖော်ဆောင်နိုင်ဖို့ အမေရိကန်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတာလို့လည်း ပြောနိုင်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားရဲ့ မကြာမီ ရုပ်သိမ်းပေးမယ်ဆိုတဲ့ သတင်းစကားနဲ့အတူ ပြည်တော် ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံထဲက ဆင်းရဲမွဲတေမှုနွံနစ်နေဆဲ လူမွဲကျောမွဲတွေရဲ့ ဘဝတူးတူး ခါးခါးတွေကတော့ ဆက်တူး၊ ဆက်ခါးနေဦးမှာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီးတဲ့ ကာလတွေမှာ လူမွဲကျောမွဲတွေရဲ့ ဘဝတူးတူးခါးခါးတွေအပေါ် ဘယ်လို သက်ရောက်လာမလဲ။ အဲဒီ ဘဝတူးတူးခါးခါးတွေကို ပြောင်းလဲနိုင်ဖို့၊ အလင်းပြနိုင်ဖို့ ဘယ်လို ခြေလှမ်းစလာမလဲ။ အဲဒီ ဘဝတူးတူးခါးခါးတွေ အတွက် ဘာတွေလုပ်ပေးလာမလဲ ဆိုတာတွေကို စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။ သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အဲဒီ ဘဝတူးတူးခါးခါးတွေအတွက် ဘယ်လို၊ ဘယ်ပုံအစီအစဉ်တွေရှိတယ် ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေကြမှာပါ။ ဒဏ်ခတ်ပိတ်ဆို့မှုကနေ တရားသေ လွတ်လာတဲ့ ခရိုနီတွေ၊ အရင်ကတည်းက လွတ်နေတဲ့ခရိုနီတွေနဲ့ ပတ်သက်လို့ ဒီချုပ်အစိုးရက ဘယ်လိုမူဝါဒတွေ၊ ဘယ်လိုစီမံချက်တွေ၊ ဘယ်လို ဗျူဟာတွေ၊ ဘယ်လိုနည်းနာတွေနဲ့ စောင့်ကြည့်ထိန်းကျောင်းမယ်။ ကြပ်မတ်မယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုတွေ အကျိုးများအောင် ဘယ်လိုလုပ်မယ်ဆိုတာတွေကို စိတ်ရှည်လက်ရှည် စောင့်ကြည့်နေဦးမှာပါ။

workers

ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်စိတ်တွေကတော့ တိမ်တောင်တိမ်လိပ်တွေလို ရှိနေဆဲပါ။ ခရိုနီတွေ ဆိုတာက ပရိယာယ်က ကြွယ်လွန်းလှတဲ့သူတွေပါ။ ခေတ်အဆက်ဆက်၊ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်ပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံ၊ ထိတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကလည်း တစ်နင့်တစ်ပိုးကြီး ရှိကြတဲ့သူတွေပါ။ အစိုးရက ခရိုနီတွေကို ဘယ်လိုပြုပြင်မယ်ဆိုတာကို စောင့်ကြည့်နေရင်း၊ မျက်စိအောက်မှာတင် ခရိုနီတွေက အစိုးရကို ပါးပါးနပ်နပ်၊ ထိန်းကျောင်းပြုပြင်သွားတာမျိုးတွေ၊ သင်ပြသွားတာမျိုးတွေ တွေ့လိုက်ရရင်တော့ ပိုလို့ ရင်မောစရာ ဖြစ်လာမှာပါ။

အမေရိကန်ရဲ့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာဟာ ထိရောက်တယ်၊ မထိရောက်ဘူးလို့ အငြင်းပွားနေတဲ့ သူတွေအတွက် စဉ်းစားဖို့ကောင်းတဲ့ အချက်တစ်ခု ဆွေးနွေးပြချင်ပါတယ်။ မြန်မာနိုင်ငံက ခရိုနီတွေဟာ အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ လွတ်ချင်တာမှ တစ်ပိုင်းကို သေနေပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာဟာ ခရိုနီတွေအပေါ် သက်ရောက်တာမရှိရင် သူတို့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့တာကနေ လွတ်ဖို့ အသည်းအသန်၊ မြင်မကောင်း ရှုမကောင်း၊ ပုဆိုးမနိုင် ပုဝါမနိုင် အားထုတ်စရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။ ခရိုနီအများစုဟာ ဒေါ်လာသိန်း၊ သန်းအကုန် အကျခံကာ ဒဏ်ခတ်ပိတ်ဆို့မှုကနေ လွတ်ဖို့ လော်ဘီတွေ ငှားလုပ်နေတယ်ဆိုကတည်းက အဲဒီဒဏ်ခတ်ပိတ်ဆို့တာတွေဟာ ခရိုနီတွေကို ထိနေတယ်၊ မြားတစ်စင်းလို စူးဝင်နေတယ်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ထင်ရှားပြီးဖြစ်တယ်လို့ မြင်ပါတယ်။ သူတို့ကိုမထိရင် အနေသာကြီးပါ။ ဒေါ်လာ သိန်း၊ သန်းချီ အကုန်အကျခံ၊ လော်ဘီငှားလုပ်နေစရာလိုမယ် မထင်မိပါ။ ခရိုနီတွေရဲ့ အကျိုးစီးပွားကို ထိလွန်းလို့သာ ငွေကုန်ကျေးကျခံ လွတ်ဖို့လုပ်ကြတာပါ။

“ခရိုနီတွေ ဆိုတာက ပရိယာယ်က ကြွယ်လွန်းလှတဲ့သူတွေပါ။ ခေတ်အဆက်ဆက်၊ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်ပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံ၊ ထိတွေ့ခဲ့တဲ့ အတွေ့အကြုံတွေကလည်း တစ်နင့်တစ်ပိုးကြီး ရှိကြတဲ့သူတွေပါ”

အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီရက်ပိုင်း အခမ်းအနားတွေ၊ ဧည့်ခံပွဲတွေတက်ရင် မေးမြန်းပြီးမှ တက်တာပိုကောင်းမယ်လို့ ထင်မိပါတယ်။ မတော်လို့ ခရိုနီတွေရဲ့ စီးပွားရေးဒ ဏ်ခတ်ပိတ်ဆို့တာကနေ လွတ်မြောက်တဲ့ လွတ်မြောက်ရေး အထိမ်းအမှတ်ပွဲမျိုး တက်တာဖြစ်နေရင် မဲဆန္ဒရှင် ကျောမွဲလူမွဲတွေ မျက်စိဆံပင်မွှေး စူးမှာစိုးရိမ်မိလို့ပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာတွေကို ရုပ်သိမ်းပေးလိုက်လို့ ခရိုနီတွေနဲ့ သူတို့ရဲ့နီးစပ်ရာတွေ ပျော်နေ၊ ရွှင်နေပေမဲ့ ကျောမွဲလူမွဲတွေကတော့ သူတို့အတွက် ထူးထူးခြားခြား အကျိုးမပြုနိုင်ဘူးဆိုတာ သိနေသလို အမြင် မကြည်လင်ကြဘူး ဆိုတာကို ကိုယ်စားလှယ်တော်ကြီးတွေက အကင်းပါးပါး ရိပ်မိဖို့ လိုမယ် ထင်ပါတယ်။ ဘာရယ်တော့ မဟုတ်ပါဘူး။ ငါးမျှားချိတ်တွေကိုတော့ မြင်အောင်၊ သိအောင်လုပ်ကြပါလို့ တိုက်တွန်းလိုပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကနေ တရားသေ လွတ်လာတဲ့ ခရိုနီတွေ ကိုယ့်နိုင်ငံတော်၊ ကိုယ့်နိုင်ငံသားတွေ အတွက် ဘယ်လောက်ပြန်ကြည့်မလဲ၊ ဘယ်လောက်ပြန်လုပ်ပေးမလဲ၊ ဘယ်လောက်သိတတ်မလဲ စောင့်ကြည့်လိုက်ဦးမယ်။ နိုင်ငံတော်နဲ့နိုင်ငံသား တွေ ဆင်းရဲမွဲတေတာကနေ လွတ်မြောက်ဖို့ ခရိုနီလုပ်ငန်းရှင်တွေက အစိုးရကို ဘယ်လိုအထောက်အကူပြုမယ်၊ ဘယ်လို ဝန်းရံအားပေးမယ် ဆိုတာတွေကို ကျောမွဲလူမွဲတွေကလည်း ထုနဲ့ထည်နဲ့ စောင့်ကြည့်နေတယ်ဆိုတာ သိစေချင်တယ်။ သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာလည်း အစီအစဉ်ကောင်းကောင်း၊ စီမံချက်ကောင်းကောင်းတွေ ရှိပြီးဖြစ်နေပါလိမ့်မယ်လို့ မရဲတရဲ ကျွဲပြဲစီးကာ မျှော်လင့်နေမိပါတယ်။

basicworkers2

အနှစ်ချုပ်ပြောရရင်တော့၊ ဘာပဲဖြစ်ဖြစ် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ကတော့ အတော့်ကို နေမထိ၊ ထိုင်မသာဖြစ်ရတဲ့ နေ့တစ်နေ့ပါ။ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲအတွက် အသက်တွေ၊ ဘဝတွေ၊ အရင်းအနှီးတွေ ရှေ့ကနေ မားမားမတ်မတ် ပေးဆပ်ခဲ့တဲ့၊ ဆင်းရဲမွဲတေမှုနွံထဲမှာ နစ်သထက်နစ်နေတဲ့ ကျောမွဲလူမွဲတွေအတွက်၊ သူတို့ရဲ့မျှော်လင့်ချက်တွေအတွက် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ရတဲ့နေ့တစ်နေ့ပါ။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာကနေ လွတ်မြောက်လို့ ခရိုနီတွေ ပျော်ပွဲသဘင် ဆင်နွဲနေမယ့် အချိန်မှာတော့ မြန်မာနိုင်ငံက ကျောမွဲလူမွဲတွေ အများစုကတော့ မနက်ဖြန်တစ်နေ့စာ စားဝတ်နေရေးအတွက် ရတက်မအေးနေရဆဲ၊ ကျောတစ်ခင်းစာအတွက် ပူပန်နေရဆဲဆိုတာကိုတော့ ပြောပြချင်မိပါတယ်။

ဒေါက်တာရန်မျိုးသိမ်း
၁ဝ၊ အောက်တိုဘာလ၊ ၂ဝ၁၆

?bph6