အတိုင်ပင်ခံပုဂ္ဂိုလ်၊ နည်းဥပဒေဟာကွက်နှင့်စပ်မိစပ်ရာ

0
310

article

နည်းဥပဒေ မရှိလင့်ကစား၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်သည့်ဥပဒေများရှိသဖြင့်၊ ဥပဒေတိုင်း အတွက် နည်းဥပဒေလို အပ်သည်ဟုလှေနံဓားထစ်မှတ်ယူရန်မဖြစ်နိုင်ပေ။ နည်းဥပဒေကိုထုတ်ပြန်ပြီးပါက၊ ဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုခရီးပေါက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေသည် နည်းဥပဒေဟာကွက်ဖြစ်နေသော ဥပဒေတစ်ရပ်ဟု ဆိုနိုင်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ နည်းဥပဒေကို ထုတ်ပြန်နိုင်မည်ဆိုလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့သည် ဥပဒေကြောင်းအရ ပိုမိုအားကောင်းမောင်းသန် ပေါင်းစပ်ဆောင်ရွက်လာနိုင်မည့်အပြင်၊ ဒီမိုကရေစီအပြောင်းအလဲကိုလည်း ပိုမိုကျားကန် လာနိုင်မည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလ(၆)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် တပေါင်း လပြည့်ကျော် ၁၄ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်၏ ဥပဒေအမှတ် (၂၆)အဖြစ် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စု လွှတ်တော်သည် ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာ ပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော် တည်ဆောက်ရေး၊ ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို ခိုင်မာစွာတည်ဆောက်ရေးတို့အတွက် ဤဥပဒေကိုပြဋ္ဌာန်းသည်ဟု ဥပဒေ နိဒါန်းတွင် ဖော်ပြခဲ့သည်။ ဥပဒေနိဒါန်းကိုကြည့်လျှင် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲနှင့် ဆက်စပ်နေသည့် ကြီးမား ကျယ်ပြန့်သော တာဝန်ကြီးများကို ဖော်ဆောင်နိုင်ရေး ဦးတည်သည်ဟုသုံးသပ်နိုင်သည်။

ဥပဒေအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏

အကျိုးစီးပွားအတွက် အကြံပြုချက်များပေးရမည်ဖြစ်သည့်အပြင်၊

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်လျှင် အခြားဆက်စပ်လုပ်ငန်းများအား

ဆောင်ရွက်နိုင်ခွင့်ရှိသည်ကို နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ရန်

လိုအပ်မည်ဖြစ်သည်

ဥပဒေ၏ ရည်ရွယ်ချက်များမှာ ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ ဖြစ် သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ ပုဒ်မ(၄)အရ ပြည်ထောင်စုလွှတ်တော်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးအပ်ခဲ့ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးခြင်းမဟုတ်၊ ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးခြင်း ဖြစ်သည်။ ဥပဒေ၏ ပုဒ်မ ၅ (ခ)အရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကြံပြုချက်များ၊ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့တာဝန်ခံရမည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်ပြီး၊ ပြည်ထောင်စုလွှတ်တော်သို့ တာဝန်ခံရမည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ မည်သို့မည်ပုံ အစီရင်ခံရမည်နှင့်ပတ်သက်၍ နည်းဥပဒေတွင် ထည့်သွင်းဖော်ပြသင့်သည်။ သို့မှသာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်ထောင်စုလွှတ်တော် အကြားချိတ်ဆက်မှု၊ တာဝန်ခံမှုတို့ကို ပိုမို အားကောင်းစေမည် ဖြစ်သည်။

suu

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြည်ထောင်စုလွှတ်တော်ကတာဝန်ပေးခဲ့သော်လည်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကိုမူ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ အရ ဖွဲ့စည်းခဲ့သည်။ သမ္မတ ဦးထင်ကျော်သည် ၂၀၁၆ ခုနှစ် မေလ(၁၀)ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတစ်ခုတိုးချဲ့ဖွဲ့စည်းရန်ကိစ္စနှင့်စပ်လျဉ်း၍အဆုံးအဖြတ်ကို ရယူခဲ့ရာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ သမ္မတသည် မေလ(၁၃)ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုသည့်ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး၊ မေလ(၁၇)ရက်နေ့တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ သို့ဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာနတို့အကြား ပေါင်းကူးချိတ်ဆက်မှုကို နည်းဥပဒေတွင် အသေးစိတ် ထည့်သွင်းရေးဆွဲသင့်သည်။

ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ၊ ပုဒ်မ ၈ အရ၊ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုအပ်သောနည်းဥပဒေများကို ထုတ်ပြန်နိုင်သည့်အလျောက် ပြည်ထောင်စု လွှတ်တော် အနေဖြင့် နည်းဥပဒေကို ရေးဆွဲထုတ်ပြန်ရမည်ဖြစ်သည်။ သို့ရာတွင် ဥပဒေကို အတည်ပြုပြီး၊ ခြောက်လ ကျော်သည့်တိုင် ပြည်ထောင်စုလွှတ်တော်အနေဖြင့် နည်းဥပဒေများကို ရေးဆွဲ၊ ထုတ်ပြန်နိုင်ရန် လစ်ဟာနေဆဲဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအရ၊ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ နည်းဥပဒေကို ထုတ်ပြန်ရမည်ဖြစ်သည်။ လက်ငင်းအခြေအနေတွင် နည်းဥပဒေထုတ်ပြန်ရန် လိုအပ်နေဆဲဖြစ်သည်ဟုလည်းသုံးသပ်မိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ၊ ပုဒ်မ (၇) အရ ဤဥပဒေသည် ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံတော်သမ္မတ၏ သက်တမ်း အတွက်သာ ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ဖြစ်၍ လက်ရှိသမ္မတသက်တမ်းအကုန် တွင် ဤဥပဒေသည်လည်း အလိုအလျောက်ပယ်ဖျက်ပြီးဖြစ်မည်ဟု ကောက်ယူနိုင်သည်။ ထို့အပြင် ဥပဒေ၊ ပုဒ်မ(၄)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးသည် ဟု ဖော်ပြထားသည့်အလျောက် ဒေါ် အောင်ဆန်းစုကြည်တစ်ဦးတည်းကိုသာ တာဝန်ပေးနိုင်သည့်ဥပဒေဖြစ်သည်ကို သတိပြုမိသည်။ နည်းဥပဒေတွင် ထပ်မံ အသေးစိတ်ဖော်ပြနိုင်မည်ဆိုလျှင် ပိုမိုကြောင်းကျိုးဆီလျော်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရန်အတားအဆီး ဖြစ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်မည့် လမ်းစတစ်ခုအား ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တွေ့ရှိခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏အုပ်ချုပ်မှုအာဏာသည် နိုင်ငံတော်သမ္မတ၌ တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအား လည်းကောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့အပြင် ယင်းစကားရပ်ကြောင့် တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အား ဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအား ဖြစ်စေ၊ အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံတော် သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရဟု ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၇ သည် အကျပ်အတည်း၏ ထွက်ပေါက်ကို ညွှန်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအား တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခွင့်ရှိနေသည့်အလျောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်း၊ အသက်ဝင်စေခဲ့သည်ဟု သုံးသပ်နိုင်သည်။

“မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးရှည်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသည်ထက်၊

အရေးပါလာနေသည်မှာ ငြင်းမရသောအချက်ပင်ဖြစ်သည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) အရ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်ခွင့်မရှိသည့် အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်း သည့် ဥပဒေနှင့်အညီ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ပေးနိုင်ခဲ့သည်မှာ ပြည်သူလူထုအများစု၏ဆန္ဒသဘောထားနှင့် ထပ်တူကျသော ခြေလှမ်းပင်ဖြစ်သည်။ အဆိုပါခြေလှမ်းကို ပိုမိုအားကောင်းမောင်းသန်စေရန် ပြည်ထောင်စုလွှတ်တော် အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ နည်းဥပဒေကို စေ့စေ့စပ်စပ်၊ ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံလျက် ဆောင်ရွက်မှုများသည် နည်းဥပဒေဘောင်ထဲတွင် အကျူံးဝင်နေရန် သော့ချက်ကျမည် ဖြစ်သည်။ ဥပဒေနှင့်နည်းဥပဒေတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ရန် အရေးကြီးမည်ဖြစ်သည်။ ဥပဒေအရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အကြံပြုချက်များပေးရမည်ဖြစ်သည့်အပြင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်လျှင် အခြားဆက်စပ်လုပ်ငန်းများအား ဆောင်ရွက်နိုင်ခွင့်ရှိသည်ကို နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ရန် လိုအပ်မည်ဖြစ်သည်။ နည်းဥပဒေသည် ပိုမိုကျယ်ပြန့်သော၊ ပိုမိုအသေးစိတ်ကျသော လုပ်ပိုင်ခွင့်များနှင့်လုပ် ပိုင်ခွင့်ဘောင်တို့ကို ရုပ်လုံးဖော်ပေးနိုင်ရမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးခရီးရှည်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသည်ထက်၊ အရေးပါလာနေသည်မှာ ငြင်းမရသောအချက်ပင်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိထိရောက်ရောက်ဖော်ဆောင်နိုင်ရေးတွင် လက်ရှိဥပဒေကို နည်းဥပဒေနှင့်ပိုမိုအသေးစိတ်ကျကျ ကျားကန်ပေးနိုင်ရန် ပဓာနကျမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်ထောင်စုလွှတ်တော်သည် လတ်တလောဟာကွက်ဖြစ်နေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာနည်းဥပဒေကို အမြန်ဆုံးထုတ်ပြန်၊ ပြဋ္ဌာန်းပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဗျူဟာမြောက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းသစ်တစ်ရပ်ကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဖြစ်မနေ ဖော်ဆောင်သင့်ပါကြောင်း တိုက်တွန်းဆော်ဩလိုက်ရပါသည်။

ဒေါက်တာရန်မျိုးသိမ်း
၅၊ အောက်တိုဘာလ၊ ၂၀၁၆

?bph6