အလွမ္းေဝးေနဆဲ အေဝးသင္တကၠသိုလ္ ပညာေရး (အပိုင္း – ၁)

0
247

နႏၵာဘုန္းျမင့္

“ပညာေရး ေဝးသည္မရွိ” ဆိုတဲ့ ေဆာင္ပုဒ္နဲ႔ အေဝးသင္တကၠသိုလ္ကို ၁၉၉၂ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာပါ။ စတင္တည္ေထာင္ခဲ့သည္က ယခင္က စာေပးစာယူသင္တန္းကို အဆင့္ျမွင့္တင္ၿပီး အေဝးသင္တကၠသိုလ္အျဖစ္ ေျပာင္းလဲခဲ့ျခင္းလည္း ျဖစ္ပါတယ္။ ၁၉၉၆ခုႏွစ္ အေစာပိုင္း ကာလေတြတုန္းကေတာ့ ရန္ကုန္မွာဆုိရင္ လုပ္သားေကာလိပ္ (ဗိုလ္တေထာင္နယ္ေျမ)၊ မႏၱေလးမွာဆိုရင္ မႏၱေလးတကၠသိုလ္ ညေနသင္တန္း စသျဖင့္ အဆင့္ျမင့္ပညာကို သင္ၾကားလိုၾကတဲ့ လုပ္ငန္းခြင္သမားအတြက္ အားထားစရာ တကၠသိုလ္ ေကာလိပ္ သင္တန္းေတြရွိခဲ့တာေၾကာင့္ အေဝးသင္တကၠသိုလ္ စတင္ဖြင့္လွစ္ခ်ိန္က ေက်ာင္းသား ေက်ာင္းသူမ်ားၾကားမွာ ေရပန္းစားျခင္းမရွိခဲ့ပါဘူး။ အလုပ္တာဝန္မ်ားေၾကာင့္ ေန႔စဥ္အတြက္ အခ်ိန္မေပးႏိုင္ၿပီး မျဖစ္မေန အဆင့္ျမင့္ပညာကို သင္ၾကားလိုသူေတြသာ အေဝးသင္တကၠသိုလ္ကို တက္ေရာက္ခဲ့ၾကပါတယ္။

၁၉၉၆ ခုႏွစ္ ေက်ာင္းသားအေရးအခင္း ျဖစ္ပြားၿပီးေနာက္ တကၠသိုလ္ ေန႔သင္တန္းမ်ား အားလံုးကို ပိတ္လုိက္ပါတယ္။ တကၠသိုလ္ ေန႔သင္တန္းေတြအျပင္ လုပ္သားေကာလိပ္၊ ညေနသင္တန္းမ်ားကိုလည္း ပိတ္လိုက္တဲ့အတြက္ လုပ္ငန္းခြင္အတြင္းမွ ေက်ာင္းသားမ်ား အားလံုးဟာ အေဝးသင္တကၠသိုလ္ဆီသို႔ ေရာက္ရွိသြားသလို ဘယ္အခ်ိန္မွာ ျပန္ဖြင့္မယ္မွန္း မေသခ်ာတဲ့ ေန႔သင္တန္းမွ ေက်ာင္းသား တစ္ဝက္နီးပါးဟာလည္း အေဝးသင္တကၠသိုလ္သို႔ ေျပာင္းေရႊ႕လာၾကပါတယ္။

အေဝးသင္တကၠသိုလ္ရဲ႕ သင္ၾကားေရးပံုစံကေတာ့ ေက်ာင္းသားမ်ားအေနနဲ႔ မိမိကိုယ္တိုင္ ေလ့လာသင္ယူျခင္း (Self study ) စနစ္ပဲ ျဖစ္ပါတယ္။ ေက်ာင္းစတင္အပ္ခ်ိန္မွာ ေက်ာင္းသားအတြက္ လုိအပ္တဲ့ ျပဌာန္းစာအုပ္ (Text book)၊ သင္႐ိုး အေထာက္အကူျပဳစာအုပ္ (Study guide)၊ စာစဥ္ေျဖဆိုရန္အတြက္ ေမးခြန္း (Assignment)၊ စာစဥ္ေျဖဆိုရန္အတြက္ အေထာက္အကူျပဳ အသံသြင္းထားသည့္ CD (ယခင္ကေတာ့ ကက္ဆက္တိပ္ေခြ)၊ သင္႐ိုးအားလံုးအတြက္ ပို႔ခ်ခ်က္ပါ VCD နဲ႔ CD (ယခင္က ကက္ဆက္တိပ္ေခြ) ေတြကို တခါတည္း ေပးလုိက္ပါတယ္။ ေက်ာင္းသားဟာ ျပဌာန္းစာအုပ္ (Text book) နဲ႔ သင္႐ိုးအေထာက္အကူျပဳ စာအုပ္ (Study guide) တို႔ကို မိမိကိုယ္တုိင္ေလ့လာၿပီး စာစဥ္ေတြကို မိမိကိုယ္တုိင္ ေျဖဆိုရမွာပဲျဖစ္ပါတယ္။

စာေမးပြဲမေျဖဆိုခင္မွာ တကၠသိုလ္မွာ အနီးကပ္ ၁၀ ရက္တက္ခြင့္ရပါတယ္။ ဒါဟာ ေက်ာင္းသားအေနနဲ႔ စာသင္ဖုိ႔ မဟုတ္ပါဘူး။ မိမိကိုယ္တုိင္ ေလ့လာထားတဲ့ စာနဲ႔ပတ္သက္ၿပီး နားမလည္တာ ေသာ္လည္းေကာင္း၊ ထပ္မံေလ့လာဖုိ႔ လုိအပ္တယ္လို႔ မိမိကိုယ္တိုင္ယူဆခဲ့သည္ ရွိတာေသာ္လည္းေကာင္း ဆရာ၊ ဆရာမမ်ားနဲ႔ ေဆြးေႏြးႏိုင္ဖုိ႔အတြက္ အခြင့္အေရး ေပးျခင္းျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ေက်ာင္းသားဟာ တကၠသိုလ္က ေမးခြန္းကို မိမိနားလည္ထားသည့္အတိုင္း ေျဖဆိုရမွာျဖစ္ပါတယ္။ ဒါဟာ အေဝးသင္တကၠသိုလ္ ဝိဇၨာဘာသာရပ္ကို ေလ့လာၾကတဲ့ သင္ၾကားေလ့လာမႈ ပံုစံပဲ ျဖစ္ပါတယ္။ သိပၸံဘာသာရပ္မ်ားကို ေလ့လာသူေတြ အေနနဲ႔ကေတာ့ စေန၊ တနဂၤေႏြမ်ားမွာ လက္ေတြ႔ခန္း (Practical class) သင္ခန္းစာေတြကို တက္ေရာက္ၾကရပါတယ္။ သိပၸံေက်ာင္းသားေတြဟာ အနီးကပ္ ၁၀ ရက္ တက္စရာမလိုဘဲ စေန၊ တနဂၤေႏြ လက္ေတြ႔ခန္းေတြမွာ မိမိနားမလည္ေသာ သင္ခန္းစာမ်ားကို ဆရာ၊ ဆရာမေတြဆီ တုိက္႐ိုက္ေမးျမန္းႏိုင္ခြင့္ ရွိေနျခင္းေၾကာင့္ပါ။

ဒါ့အျပင္ အေဝးသင္တကၠသိုလ္မွ သင္ၾကားေရး အေထာက္အကူျပဳ သင္ခန္းစာ႐ိုက္ကူးေရးမ်ားကို ဘာသာရပ္အလုိက္၊ သင္ခန္းစာအလုိက္ ႐ုပ္သံရိုက္ကူးၿပီး ျမန္မာ့႐ုပ္ျမင္သံၾကားနဲ႔ ျမန္မာ့အသံ ေရဒီယိုတုိ႔မွ ထုတ္လြင့္ေပးေနတဲ့အျပင္ http://www.yude.edu.mm ကေနလည္း လႊင့္တင္ထားပါတယ္။ ေဖာ္ျပပါ သင္ၾကားေရးစနစ္ဟာ အေဝးသင္တကၠသိုလ္ကို စတင္ဖြင့္လွစ္ခ်ိန္မွ ယခုအခ်ိန္အထိ အသံုးျပဳေနတဲ့ သင္ၾကားေရးစနစ္ ျဖစ္ပါတယ္။

၁၉၉၂ ခုႏွစ္က စတင္တည္ေထာင္ခဲ့တဲ့ အေဝးသင္တကၠသိုလ္ဟာ စတင္ဖြင့္လွစ္စဥ္က ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေရြးခ်ယ္မႈနည္းတဲ့ တကၠသိုလ္ျဖစ္ခဲ့ေသာ္လည္း ၁၉၉၆ ခုႏွစ္ ေနာက္ပိုင္းမွ စတင္ကာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေရြးခ်ယ္မႈ အမ်ားဆံုး တကၠသိုလ္ျဖစ္ခဲ့ကာ ရန္ကုန္အေဝးသင္ တကၠသိုလ္နဲ႔ ၁၉၉၈ ခုႏွစ္မွာ မႏၱေလးအေဝးသင္တကၠသိုလ္ကို တုိးခ်ဲ႕ခဲ့ပါတယ္။ အေဝးသင္တကၠသိုလ္ ႏွစ္ခုရွိခဲ့ကာ ျမန္မာ တစ္ႏိုင္ငံလံုးရွိ တကၠသိုလ္တိုင္းတြင္ ဌာနခြဲမ်ား ဖြင့္လွစ္ၿပီး တကၠသိုလ္ ေန႔သင္တန္းမ်ား ပိတ္ထားသည့္ ကာလတြင္ အေဝးသင္ သင္တန္းမ်ားကို ဖြင့္လွစ္ခဲ့ကာ ရန္ကုန္အေဝးသင္သို႔ တက္ေရာက္ေနတဲ့ ေက်ာင္းသားေပါင္း ၂ သိန္း ၆ ေသာင္းေက်ာ္ ရွိတယ္လို႔ ရန္ကုန္အေဝးသင္ တကၠသိုလ္ ဝက္ဘ္ဆုိက္မွာ ေဖာ္ျပထားပါတယ္။

အေဝးသင္တကၠသိုလ္ရဲ႕ သင္ၾကားမႈစနစ္ဟာ မိမိကိုယ္တုိင္ ေလ့လာသင္ယူျခင္း စနစ္ျဖစ္ပါတယ္။ ဒီစနစ္ေၾကာင့္ပဲ ေက်ာင္းသား ေက်ာင္းသူမ်ားဟာ စီးပြားေရးသမားမ်ားရဲ႕ ပစ္မွတ္ထားရာ သားေကာင္မ်ား ျဖစ္လာၾကရပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မိမိကိုယ္တိုင္ေလ့လာႏိုင္ျခင္း မရွိတဲ့ ေက်ာင္းသားမ်ားဟာ က်ဴရွင္မ်ားကို အားကိုးလာရပါတယ္။ အေစာပိုင္း ကာလေတြတံုးကေတာ့ က်ဴရွင္သင္ၾကားျခင္းမွာ တကၠသိုလ္မွ ဆရာ၊ ဆရာမမ်ား ပါဝင္ျခင္းမရွိဘဲ အျပင္က်ဴရွင္ဆရာမ်ားမွ သင္ၾကားၾကပါတယ္။

အေဝးသင္တကၠသိုလ္သို႔ တက္ေရာက္တဲ့ ေက်ာင္းသား မ်ားလာၿပီး ေနာက္ပိုင္းမွာေတာ့ အေဝးသင္တကၠသိုလ္ ေက်ာင္းသားမ်ားအတြက္ က်ဴရွင္ခန္းမ်ားမွာ တကၠသိုလ္အနီးတဝိုက္မွာ မိုးဦးက် ေပါက္တဲ့ မိႈမ်ားသဖြယ္ တျဖည္းျဖည္း ေပၚေပါက္လာခဲ့ပါတယ္။ တကၠသိုလ္ဆရာ၊ ဆရာမမ်ားမွ က်ဴရွင္သင္ျခင္း၊ ဝန္ထမ္းမ်ားမွ ေက်ာင္းအပ္ေပးျခင္း၊ Assignment ေရးေပးျခင္း၊ အနီးကပ္ ၁၀ ရက္ ေက်ာင္းတက္ရန္အတြက္ လက္မွတ္ထိုးေပးျခင္း စသျဖင့္ အေဝးသင္တကၠသိုလ္ ေက်ာင္းသားမ်ားဟာ စီးပြားေရး ေစ်းကြက္သဖြယ္ တကၠသိုလ္တဝိုက္မွာ ျဖစ္လာပါေတာ့တယ္။

(ဆက္လက္ ေဖာ္ျပပါမည္)

အလှမ်းဝေးနေဆဲ အဝေးသင်တက္ကသိုလ် ပညာရေး (အပိုင်း – ၁)
နန္ဒာဘုန်းမြင့်
“ပညာရေး ဝေးသည်မရှိ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အဝေးသင်တက္ကသိုလ်ကို ၁၉၉၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ စတင်တည်ထောင်ခဲ့သည်က ယခင်က စာပေးစာယူသင်တန်းကို အဆင့်မြှင့်တင်ပြီး အဝေးသင်တက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ် အစောပိုင်း ကာလတွေတုန်းကတော့ ရန်ကုန်မှာဆိုရင် လုပ်သားကောလိပ် (ဗိုလ်တထောင်နယ်မြေ)၊ မန္တလေးမှာဆိုရင် မန္တလေးတက္ကသိုလ် ညနေသင်တန်း စသဖြင့် အဆင့်မြင့်ပညာကို သင်ကြားလိုကြတဲ့ လုပ်ငန်းခွင်သမားအတွက် အားထားစရာ တက္ကသိုလ် ကောလိပ် သင်တန်းတွေရှိခဲ့တာကြောင့် အဝေးသင်တက္ကသိုလ် စတင်ဖွင့်လှစ်ချိန်က ကျောင်းသား ကျောင်းသူများကြားမှာ ရေပန်းစားခြင်းမရှိခဲ့ပါဘူး။ အလုပ်တာဝန်များကြောင့် နေ့စဉ်အတွက် အချိန်မပေးနိုင်ပြီး မဖြစ်မနေ အဆင့်မြင့်ပညာကို သင်ကြားလိုသူတွေသာ အဝေးသင်တက္ကသိုလ်ကို တက်ရောက်ခဲ့ကြပါတယ်။


၁၉၉၆ ခုနှစ် ကျောင်းသားအရေးအခင်း ဖြစ်ပွားပြီးနောက် တက္ကသိုလ် နေ့သင်တန်းများ အားလုံးကို ပိတ်လိုက်ပါတယ်။ တက္ကသိုလ် နေ့သင်တန်းတွေအပြင် လုပ်သားကောလိပ်၊ ညနေသင်တန်းများကိုလည်း ပိတ်လိုက်တဲ့အတွက် လုပ်ငန်းခွင်အတွင်းမှ ကျောင်းသားများ အားလုံးဟာ အဝေးသင်တက္ကသိုလ်ဆီသို့ ရောက်ရှိသွားသလို ဘယ်အချိန်မှာ ပြန်ဖွင့်မယ်မှန်း မသေချာတဲ့ နေ့သင်တန်းမှ ကျောင်းသား တစ်ဝက်နီးပါးဟာလည်း အဝေးသင်တက္ကသိုလ်သို့ ပြောင်းရွှေ့လာကြပါတယ်။


အဝေးသင်တက္ကသိုလ်ရဲ့ သင်ကြားရေးပုံစံကတော့ ကျောင်းသားများအနေနဲ့ မိမိကိုယ်တိုင် လေ့လာသင်ယူခြင်း (Self study ) စနစ်ပဲ ဖြစ်ပါတယ်။ ကျောင်းစတင်အပ်ချိန်မှာ ကျောင်းသားအတွက် လိုအပ်တဲ့ ပြဌာန်းစာအုပ် (Text book)၊ သင်ရိုး အထောက်အကူပြုစာအုပ် (Study guide)၊ စာစဉ်ဖြေဆိုရန်အတွက် မေးခွန်း (Assignment)၊ စာစဉ်ဖြေဆိုရန်အတွက် အထောက်အကူပြု အသံသွင်းထားသည့် CD (ယခင်ကတော့ ကက်ဆက်တိပ်ခွေ)၊ သင်ရိုးအားလုံးအတွက် ပို့ချချက်ပါ VCD နဲ့ CD (ယခင်က ကက်ဆက်တိပ်ခွေ) တွေကို တခါတည်း ပေးလိုက်ပါတယ်။ ကျောင်းသားဟာ ပြဌာန်းစာအုပ် (Text book) နဲ့ သင်ရိုးအထောက်အကူပြု စာအုပ် (Study guide) တို့ကို မိမိကိုယ်တိုင်လေ့လာပြီး စာစဉ်တွေကို မိမိကိုယ်တိုင် ajဖဆိုရမှာပဲဖြစ်ပါတယ်။


စာမေးပွဲမဖြေဆိုခင်မှာ တက္ကသိုလ်မှာ အနီးကပ် (၁၀) ရက်တက်ခွင့်ရပါတယ်။ ဒါဟာ ကျောင်းသားအနေနဲ့ စာသင်ဖို့ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် လေ့လာထားတဲ့ စာနဲ့ပတ်သက်ပြီး နားမလည်တာ သော်လည်းကောင်း၊ ထပ်မံလေ့လာဖို့ လိုအပ်တယ်လို့ မိမိကိုယ်တိုင်ယူဆခဲ့သည် ရှိတာသော်လည်းကောင်း ဆရာ၊ ဆရာမများနဲ့ ဆွေးနွေးနိုင်ဖို့အတွက် အခွင့်အရေး ပေးခြင်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသားဟာ တက္ကသိုလ်က မေးခွန်းကို မိမိနားလည်ထားသည့်အတိုင်း ဖြေဆိုရမှာဖြစ်ပါတယ်။ ဒါဟာ အဝေးသင်တက္ကသိုလ် ဝိဇ္ဇာဘာသာရပ်ကို လေ့လာကြတဲ့ သင်ကြားလေ့လာမှု ပုံစံပဲ ဖြစ်ပါတယ်။ သိပ္ပံဘာသာရပ်များကို လေ့လာသူတွေ အနေနဲ့ကတော့ စနေ၊ တနင်္ဂနွေများမှာ လက်တွေ့ခန်း (Practical class) သင်ခန်းစာတွေကို တက်ရောက်ကြရပါတယ်။ သိပ္ပံကျောင်းသားတွေဟာ အနီးကပ် ၁၀ ရက် တက်စရာမလိုဘဲ စနေ၊ တနင်္ဂနွေ လက်တွေ့ခန်းတွေမှာ မိမိနားမလည်သော သင်ခန်းစာများကို ဆရာ၊ ဆရာမတွေဆီ တိုက်ရိုက်မေးမြန်းနိုင်ခွင့် ရှိနေခြင်းကြောင့်ပါ။


ဒါ့အပြင် အဝေးသင်တက္ကသိုလ်မှ သင်ကြားရေး အထောက်အကူပြု သင်ခန်းစာရိုက်ကူးရေးများကို ဘာသာရပ်အလိုက်၊ သင်ခန်းစာအလိုက် ရုပ်သံရိုက်ကူးပြီး မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အသံ ရေဒီယိုတို့မှ ထုတ်လွင့်ပေးနေတဲ့အပြင် http://www.yude.edu.mm ကနေလည်း လွှင့်တင်ထားပါတယ်။ ဖော်ပြပါ သင်ကြားရေးစနစ်ဟာ အဝေးသင်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ အသုံးပြုနေတဲ့ သင်ကြားရေးစနစ် ဖြစ်ပါတယ်။


၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ အဝေးသင်တက္ကသိုလ်ဟာ စတင်ဖွင့်လှစ်စဉ်က ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်မှုနည်းတဲ့ တက္ကသိုလ်ဖြစ်ခဲ့သော်လည်း ၁၉၉၆ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်မှု အများဆုံး တက္ကသိုလ်ဖြစ်ခဲ့ကာ ရန်ကုန်အဝေးသင် တက္ကသိုလ်နဲ့ ၁၉၉၈ ခုနှစ်မှာ မန္တလေးအဝေးသင်တက္ကသိုလ်ကို တိုးချဲ့ခဲ့ပါတယ်။ အဝေးသင်တက္ကသိုလ် နှစ်ခုရှိခဲ့ကာ မြန်မာ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်တိုင်းတွင် ဌာနခွဲများ ဖွင့်လှစ်ပြီး တက္ကသိုလ် နေ့သင်တန်းများ ပိတ်ထားသည့် ကာလတွင် အဝေးသင် သင်တန်းများကို ဖွင့်လှစ်ခဲ့ကာ ရန်ကုန်အဝေးသင်သို့ တက်ရောက်နေတဲ့ ကျောင်းသားပေါင်း ၂ သိန်း ၆ သောင်းကျော် ရှိတယ်လို့ ရန်ကုန်အဝေးသင် တက္ကသိုလ် ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


အဝေးသင်တက္ကသိုလ်ရဲ့ သင်ကြားမှုစနစ်ဟာ မိမိကိုယ်တိုင် လေ့လာသင်ယူခြင်း စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကြောင့်ပဲ ကျောင်းသား ကျောင်းသူများဟာ စီးပွားရေးသမားများရဲ့ ပစ်မှတ်ထားရာ သားကောင်များ ဖြစ်လာကြရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်တိုင်လေ့လာနိုင်ခြင်း မရှိတဲ့ ကျောင်းသားများဟာ ကျူရှင်များကို အားကိုးလာရပါတယ်။ အစောပိုင်း ကာလတွေတုံးကတော့ ကျူရှင်သင်ကြားခြင်းမှာ တက္ကသိုလ်မှ ဆရာ၊ ဆရာမများ ပါဝင်ခြင်းမရှိဘဲ အပြင်ကျူရှင်ဆရာများမှ သင်ကြားကြပါတယ်။


အဝေးသင်တက္ကသိုလ်သို့ တက်ရောက်တဲ့ ကျောင်းသား များလာပြီး နောက်ပိုင်းမှာတော့ အဝေးသင်တက္ကသိုလ် ကျောင်းသားများအတွက် ကျူရှင်ခန်းများမှာ တက္ကသိုလ်အနီးတဝိုက်မှာ မိုးဦးကျ ပေါက်တဲ့ မှိုများသဖွယ် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ပါတယ်။ တက္ကသိုလ်ဆရာ၊ ဆရာမများမှ ကျူရှင်သင်ခြင်း၊ ဝန်ထမ်းများမှ ကျောင်းအပ်ပေးခြင်း၊ Assignment ရေးပေးခြင်း၊ အနီးကပ် ၁၀ ရက် ကျောင်းတက်ရန်အတွက် လက်မှတ်ထိုးပေးခြင်း စသဖြင့် အဝေးသင်တက္ကသိုလ် ကျောင်းသားများဟာ စီးပွားရေး ဈေးကွက်သဖွယ် တက္ကသိုလ်တဝိုက်မှာ ဖြစ်လာပါတော့တယ်။