အစာနှင့်ရေ လုံးဝဖြတ်တောက်မှ အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒထုတ်ဖော်ခွင့်ပြု

001

အင်းစိန် အကျဉ်းထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်တဲ့ အကျဉ်းသားများအနေနဲ့ အစာနဲ့ အတူ ရေသောက်တာကို ဖြတ်တောက်မှသာ ဆန္ဒထုတ်ဖော်ခွင့်ပြုခဲ့တယ်လို့ ကျောင်းသားများ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ခဲ့လို့ ဖမ်းဆီးခံရတဲ့ ကိုဝင်းကျော့မှူးက ပြောပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့က ကမာရွတ်တရားရုံး ရုံးထုတ်ချိန်မှာ အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ မရှိစေရေးနှင့် ရွေးကောက်ပွဲတရားမျှတရေးအတွက် အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သူများအပေါ် ထောင်အာဏာပိုင်များက သတ်မှတ်ချက်တွေ တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။
” အစာငတ်ခံဆန္ဒပြတဲ့သူတွေထဲက ကိုနိုင်ဇော် ဆီးပြသနာဖြစ်လို့ ဆေးရုံရောက်သွားတော့ ကိုတင်ထွဋ်ပိုင် က ဆန္ဒပြတဲ့သူတွေအတွက် စိုးရိမ်သွားပြီး ၄ ရက်နေ့ ည ၉ နာရီမှာ ဆန္ဒပြတာကို ရပ်တန့်လိုက်တယ် ” လို့ ကိုဝင်းကျော့မှူးက ပြောပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြတောင်းဆိုခဲ့လို့ အကျဉ်းကျခံနေရတဲ့ ကိုတင်ထွဋ်ပိုင်က စပြီး အစာငတ်ခံ ဆန္ဒထုတ်ဖော်ချိန်မှာ ရေဖြတ်ဖို့ကို လက်မှတ်မထိုးရခဲ့ပါ။
နိုဝင်ဘာ ၃ ရက်မှာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရေးအတွက် တောင်းဆိုခဲ့လို့ အကျဉ်းကျခံနေရတဲ့ ကိုနိုင်ဇော်နဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ ကိုနိုင်ဋ္ဌေးလွင်တို့ ဆန္ဒထုတ်ဖော်ချိန်မှာတော့ ရေပါမသောက်ဘူးဆိုတဲ့ လက်မှတ်ထိုးခဲ့ ရတယ်လို့ ဆိုပါတယ်။
အစာငတ်ခံဆန္ဒပြသူများကို ရေနဲ့ စားစရာပေးပြီး ရေတစ်စက်သောက်ရင် အစာငတ်ခံတာ မမြောက်ဘူးလို့ ပြောပါတယ်။ ဆန္ဒပြတာကို ရပ်တန့်ပြီးနောက်မှာတော့ နောက်တစ်ခါ ဒီလိုဆန္ဒထုတ်ဖော်တာ မလုပ်ဖို့ သတိပေးခဲ့တာမျိုးတွေရှိပါတယ်။
အစာငတ်ခံ ဆန္ဒဖော်ထုတ်လို့ လက်ရှိမှာ ကျန်းမာရေးအတွက် ဆရာဝန်များက စောင့်ကြည့်နေရပြီး အစာ မစားခိုင်းဘဲ အရည်ပဲသောက်ဖို့ ညွှန်ကြားထားတယ်လို့ ကိုဝင်းကျော့မှူးက ပြောခဲ့ပါတယ်။

adv_banner