NLD ရဲ့ မဲရုံ စောင့်ကြည့်သူတိုးမြှင့်ပေးဖို့ တောင်းဆိုချက် ကော်မရှင် ပယ်ချ

မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မဲရုံ တစ်ရုံကို စောင့်ကြည့်သူ ၆ ဦး ခွင့်ပြုပေးဖို့ တောင်းဆိုချက်ကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ချလိုက်ပါတယ်။

ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတစ်ခုအတွက် မဲရုံတစ်ရုံမှာ စောင့်ကြည့်သူ ၂ ဦးကို တရားဝင် ခွင့်ပြုထားတာပါ။

ဒါပေမယ့် NLD ပါတီရဲ့ တောင်းဆိုမှုတွေကြောင့် ၁ ဦးကို ထပ်မံ တိုးမြှင့်ပြီး ၃ ဦး အထိ ခွင့်ပြုပေးခဲ့တယ်လို့ အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

NORTHERN UEC

“စောင့်ကြည့်သူ သုံးယောက်ထားပေးတာမှာ အဆင်မပြေဘူးဆိုရင် စေ့စပ်ညှိနှိုင်းရေး အဖွဲ့နဲ့ ဆွေးနွေးဖို့ ညွှန်ကြားထားတယ်” လို့ ဦးခင်မောင်ကျော်က ဆိုပါတယ်။

ဒါအပြင် မဲရုံတွေဟာ အများအားဖြင့် အခြေခံပညာကျောင်းတွေမှာ ပြုလုပ်ထားရတာဖြစ်ကာ မဲရုံဝန်ထမ်းတွေနဲ့ အခြားပါတီတွေက ကိုယ်စားလှယ်တွေပါ ရှိနေအုန်းမှာဖြစ်တာကြောင့် မဲရုံ အခန်းကျဉ်းထဲမှာ အဆင်မပြေ ဖြစ်မှာစိုးတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်ရတာလို့ ခရိုင်ကော်မရှင်ဥက္ကဌက ပြောပါတယ်။

NLD ပါတီက စောင့်ကြည့်သူဦးရေ တိုးပေးဖို့ တောင်းဆိုထားတဲ့ မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲမှာ မဲရုံပေါင်း ၇၆ ရုံရှိတယ်လို့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ထဲမှာ မဲရုံပေါင်း ၁၆၈၆ ရုံရှိနေပြီး နိုင်ငံရေးပါတီပေါင်း ၂၂ ခုက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။

ဒီမဲဆန္ဒနယ်မြေအတွင်းမှာတော့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရဲ့ မဲဆွယ်စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ် ဖျက်ဆီးမှုတွေ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ ရဲအရေးပိုင်တဲ့ ပြစ်မှုတွေ အပါအ၀င် အမှုပေါင်း ၁၂ ခုအထိ ရှိနေတာပါ။

ဒီအမှုတွေထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးနိုင်ငံလင်း အောက်တိုဘာလ ၂၉ ရက်နေ့ညက ဓားနဲ့ ရန်ပြုခံရမှုလည်း ပါဝင်နေတာဖြစ်ပါတယ်။

 

မော့ဂျေ (ရန်ကုန်။ ၃ နိုဝင်ဘာ ၂၀၁၅)

adv_banner