တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ NCA လက်မှတ်ထိုးမယ်

0
10

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ခုနဲ့ အောက်တိုဘာလ ( ၁၅ ) ရက်နေ့ နေပြည်တော် MICC 2 မှာ လက်မှတ်ရေးထိုးမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC က ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၄ ရက် ရန်ကုန်မြို့ရှိ Myanmar Peace Center မှာ ကျင်းပပြုလုပ်တဲ့ NCA လက်မှတ်ရေးထိုးပွဲညှိနိုင်း အစည်းအဝေးအပြီး အဲ့ဒီလို ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒါအပြင် NCA လက်မှတ်ရေးထိုးနိုင်ရေး တဖက် ၁၀ ဦးစီ ပါဝင်တဲ့ “တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မီတီ” ကို ဖွဲ့စည်းထားပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၅) ဖွဲ့တို့ ပထမ ဆွေးနွေးခဲ့ကြတာပါ။
MPC
ဒီ ၁၅ ဖွဲ့ထဲက ၈ ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် – ငြိမ်းချမ်းကောင်စီ (KNU/KNLA – PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ တပ်မတော် (RCSS)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနဲ့ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) လက်မှတ်ရေးထိုးဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် – ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA) ၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ (NSCN-K) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) စတဲ့ အဖွဲ့အစည်းတွေက တော့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုထားပါတယ်။

ဒီလို လက်မှတ် မရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်မှတ်မထိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစိုးရအနေနဲ့ ထိုးစစ်ဆင်ဖို့ ရည်ရွယ်ချက် မရှိဘူး နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားထားတာပါ။
အောက်တိုဘာလ ၄ ရက် ရန်ကုန်မြို့ရှိ Myanmar Peace Center မှာ ကျင်းပပြုလုပ်တဲ့ NCA လက်မှတ်ရေးထိုးပွဲညှိနိုင်း အစည်းအဝေးအဖွင့် မိန့်ခွန်းမှာ ဦးအောင်မင်းက ပြောကြားလိုက်တာဖြစ်ပါတယ်။

မကြာခင်မှာ လက်မှတ်ရေးထိုးဖို့ရှိနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမယ့်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက အချို့ပဲ ပါဝင်လက်မှတ်ရေးထိုးမယ့်အပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ပြီးပြည့်စုံတဲ့အနေအထား မရှိနိုင်ဘူးလို့ အောက်တိုဘာလ ၃ ရက်နေ့က ထုတ်ပြန်ကြေညာထားတာပါ။

UNFC ရဲ့ အဲ့ဒီကြေညာချက်ထဲမှာတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးရေးကတဆင့် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လှမ်းနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ရှာဖွေပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here