မဲဆွယ်စည်းရုံးရေး နှောင့်ယှက်မှုတွေကို NLD တုန့်ပြန်သွားဖို့မရှိ

ရွေးကောက်ပွဲကြိုကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ နှောင့်ယှက်ခံရမှုတွေရှိနေပြီး ဒီနှောက်ယှက်မှုတွေအပေါ် တုန့်ပြန်သွားဖို့ မရှိဘူးလို့ NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောပါတယ်။

01

NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က နေပြည်တော်ရှိ Kempinski Hotel မှာ Konrad Adenauer Stiftung က စီစဉ်ကျင်းပတဲ့ ရွေးကောက်ပွဲနှင့်ကျင်းဝတ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ MCN ရဲ့ သီးသန့်တွေဆုံမေးမြန်းမှုကို ဖြေကြားစဉ် ဦးဝင်းထိန်က ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးတွေထဲက စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နဲ့ ကန့်ဘလူမြို့တွေမှာ နှောက်ယှက်ခံရမှုတွေနဲ့၊ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ နှောက်ယှက်ခံမှုတွေအပေါ် ပြောကြားလိုက်တာဖြစ်ပါတယ်။

“အခုလို လိုက်လံနှောင့်ယှက်မှုတွေက လာပြီးနှောင့်ယှက်တာ။ ပြီးတော့ ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ဖို့ အရေးကြီးတယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒီလို လိုက်လံနှောင့်ယှက်မှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာမှတုန့်ပြန်သွားမှာမဟုတ်ဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်တွေရဲ့ မူဝါဒစည်းကမ်းတွေအတိုင်း နေထိုင်သွားကြဖို့နဲ့ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးမှုတွေကို ဆက်လက်လုပ်ဆောင်သွားကြဖို့ မှာကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

“အခုလို ဆောင်ရွက်နေသူတွေ မသိတာက သူတို့ရဲ့ နှောက်ယှက်မှုတွေဟာ တကယ်တော့ အဖွဲ့ချုပ်အတွက် မဲအရေအတွက် ပိုများလာစေပြီး ပြည်သူ လူထုရဲ့ အာရုံစိုက်မှုပိုမိုရရှိလာစေတယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နဲ့ ကန့်ဘလူမြို့တွေက NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်စဉ် စင်ပေါ်တက် ဓာတ်ပုံရိုက်တာ၊ မဲဆွယ်စည်းရုံးရေး နေရာတွေမှာ ၀င်ထိုင်နေတာ အစရှိတာတွေကို လုပ်ဆောင် ခံခဲ့ရတာပါ။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၊ NLD ပါတီရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးအတွင်း မှာလည်း ပါတီဝင် လူငယ် တစ်ဦး ရိုက်နှက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၁၃၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပြီး ပါတီအသီးသီးက ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ဦးရေရဲ့ ၁၇.၇ ရာခိုင်နှုန်းရှိနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကတော့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ် လောင်းတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းပဒေတွေနဲ့အညီ မဲဆွယ်စည်းရုံးမှုတွေကို စက်တင်ဘာလ ၈ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ရွေးကောက်ပွဲမတိုင်မီ တစ်ပတ်အလိုအထိ ခွင့်ပြုထားပါတယ်။

adv_banner