?bph6

Place your ads here!

ပြွန်တန်ဆာမြို့မှာ ကာလတန်ဖိုး သိန်း ၄၀ ရှိတဲ့ တရားမဝင် ကျွန်းသစ်ခွဲသားတွေ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ ဝဲဝန်းကျေးရွာအုပ်စု၊ ဘိုင်းဒါးကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရပ်တန့်ထားတဲ့ ယာဉ်တစ်စီးကို စစ်ဆေးရာမှာ ပိုင်ရှင်မဲ့ တရားမဝင် ကျွန်းသစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဝဲဝန်းကျေးရွာအုပ်စု – ဘိုင်းဒါးကျေးရွာ/ ရန်ကုန်-မန္တလေး ကားလမ်းမိုင်တိုင် (၈၈/၁)အနီးတွင် ရပ်ထားသော Fonton အမျိုးအစား အပြာရောင် ခြောက်ဘီးယာဉ်ကို မသင်္ကတာနဲ့ စစ်ဆေးခဲ့ရာမှာ သစ်သားတွေ တွေ့ရှိခဲ့တာပါ။

ကားပေါ်မှာ ကျွန်းသစ် ခွဲသား ဆိုက်စုံ ၁၃၃၇ ချောင်း (၅.၄ တန်) ပါရှိပြီး ကာလတန်ဖိုးအရ ကျပ် သိန်း ၄၀ ခန့် ရှိပါတယ်။

“မိတာက ဒီနေ့မနက် ၅ နာရီလောက်။ မိတဲ့နေရာကတော့ မိုင်တိုင်အမှတ် ၈၈/၁ ပေါ့။ ဘိုင်းဒါးပွဲရုံတန်းနားမှာ မိတာပါ။ သွားစစ်တဲ့အချိန်မှာ မှောင်နေတဲ့အချိန်ပဲ။ ကျွန်တော်တို့ကလည်း တစ်ခုခုဖြစ်မယ်ဆိုရင် အန္တရာယ်မဖြစ်အောင် လူစုရသေးတယ်။ ကျွန်တော်တို့ဝန်ထမ်းထဲက သတင်းရလို့ သူချည်းပဲသွားဖမ်းလို့မရဘူး။ ယာဉ်ပေါ်မှာ လူကတော့ မတွေ့ဘူ။ မတွေ့တော့ ယာဉ်ပေါ်မှာပါရှိတဲ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ အခုဟာက ရဲစခန်းမှာ အမှုဖွင့်ဖို့ သွားနေတုန်းပဲ”လို့ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးမှူး ဦးတင်စိုးက အတည်ပြုဖြေကြားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတဲ့ တရားမဝင် ကျွန်းသစ်ခွဲသားတွေကို မြို့နယ်သစ်တောဦးစီးဌာနရုံးမှာ သိမ်းဆည်းထားပြီး ယာဉ်ကို ပြွန်တန်ဆာရဲစခန်းကို ပို့ဆောင်ထားကာ မြို့နယ်သစ်တော့ဦးစီးမှူး ဦးတင်စိုးက တရားခံကို ရှာဖွေဖော်ထုတ်ဖမ်းဆီးပေးဖို့ ပြွန်တန်ဆာ နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူဖို့ စီစဉ်နေပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

adv_banner