?bph6

Place your ads here!

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၈ ရာခိုင်နှုန်းနီးပါးပဲ ရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုသူဦးရေဟာ မဲပေးပိုင်ခွင့်ရှိသူစုစုပေါင်းရဲ့ ၈ ရာခိုင်နှုန်း နီးပါးပဲ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပြောကြားလိုက်ပါတယ်။

မဲစာရင်းလာရောက်ကြည့်ရှုဖို့ လက်ကမ်းစာစောင်တွေ၊ ဗီနိုင်းတွေ ဝေသလို သတင်းထုတ်ပြန်မှုတွေလုပ်ခဲ့ပေမဲ့လည်း ၇.၈၇ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ရန်ကန်ုတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးက ဦးတင်ဝင်းက ပြောကြားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာမြို့နယ်တွေအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကပ်ထားခဲ့တာပါ။ ဒါပေမဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲပေးခွင့်ရှိသူ ၉၉၀,၀၀၀ ကျော်မှာ လာရောက်ကြည့်ရှုသူ အရေအတွက်ဟာ ၇၇,၀၀၀ သာ ရှိခဲ့တဲ့အတွက် ၇.၈၇ ရာခိုင်နှုန်းပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာတစ်နိုင်ငံလုံးမှာ လစ်လပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်မှာ ကိုးနေရာ၊ အမျိုးသားလွှတ်တော်မှာ သုံးနေရာ၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော်မှာ ခုနစ်နေရာ စုစုပေါင်း ၁၉ နေရာရှိပါတယ်။

အဲဒီထဲကမှ လစ်လပ်မဲဆန္ဒနယ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ၁၁ မြို့နယ် ပါဝင်ပြီး အဲဒီမြို့နယ်တွေကတော့ ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ကော့မှူး မြို့နယ်တွေ ဖြစ်ကြပါတယ်။

adv_banner