ပြည်သူတွေ ဒုက္ခမျိုးစုံကြုံတွေ့နေရတာဟာ ခေါင်းဆောင်ဆိုသူတွေမှာသာ တာဝန်အရှိဆုံးလို့ သူရဦးရွှေမန်းဆို

ပြည်သူတွေ ဒုက္ခမျိုးစုံကြုံတွေ့နေရတာဟာ ခေါင်းဆောင်ဆိုသူတွေမှာသာ တာဝန်အရှိဆုံးဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ (ဟောင်း) သူရဦးရွှေမန်းက ပြောဆိုလိုက်ပါတယ်။  ဖေဖော်ဝါရီလ (၁၅) ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာမှာ အဲ့ဒီလိုရေးသား ပြောဆိုလိုက်တာပါ။

ဒီလိုပြောဆိုရာမှာတော့ “ကျုပ်တို့နိုင်ငံမှာ တိုက်တုန်း၊ ခိုက်တုန်း၊ မိုက်မဲတုန်း ပြည်သူတွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတုန်းဟာ တာဝန်ရှိတဲ့ သူတွေထဲကြောင့်ဆိုလျှင်တောင် ခေါင်းဆောင်ဆိုသူတွေများမှာသာ တာဝန်အရှိကြဆုံး” လို့ သူရဦးရွှေမန်းက ပြောကြားထားပါတယ်။

ဒါအပြင် ခေါင်းဆောင်တွေအနေနဲ့ အပြောနဲ့ အလုပ် ညီညွတ်အောင် ဆောင်ရွက်ကြဖို့ကိုလည်း သူရ ဦးရွှေမန်းက တိုက်တွန်းထားတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံပိုင် ရုပ်သံလိုင်းတွေကတဆင့် မဲဆွယ်စည်းရုံး ဟောပြောရာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က “NLD ပါတီအနေနဲ့ တိုင်းပြည်နဲ့ ပြည်သူလူထု ထိခိုက်နစ်နာအောင် ဘယ်တုန်းကမှ မလုပ်ခဲ့ဘူး” လို့ ထည့်သွင်းပြောကြားခဲ့တာ တွေနဲ့လည်း တိုက်ဆိုင်နေတာပါ။

အလားတူ ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က “NLD ပါတီဟာ မတရားမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ခိုင်ခိုင်မာမာတွန်းလှန်ခဲ့ပေမယ့် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကိုမှ တိုက်ခိုက်တာ၊ ထိခိုက်နစ်နာအောင် မပြုလုပ်ခဲ့ဘူး” လို့ ထည့်သွင်း ပြောကြားထားတာပါ။

အဲ့ဒီ ဟောပြောမှုအတွင်းမှာတော့ ၁၉၈၈ ခုနှစ် ပါတီစတင်ထူထောင်ချိန်ကနေစတင်ပြီး လက်ရှိ အာဏာရရှိ မူဝါဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကိုပါ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီရဲ့ ဥက္ကဋ္ဌ တာဝန်ကို မကြာသေးခင်ကမှ လွှဲပြောင်းရယူထားတဲ့ ဦးသန်းဌေးကလည်း ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ရခိုင်ပြည်နယ်၊ အမ်းမြို့ ခရီးစဉ်အတွင်းမှာ “ကြံ့ခိုင်ရေးပါတီ အစိုးရ တာဝန်ယူစဉ်က လုပ်သမျှ လုပ်ငန်းတိုင်းကို နည်းမျိုးစုံနဲ့ အပြစ်ပြောပြီး အကြပ်တည်းဖြစ် အောင်လုပ်ခဲ့ကြပြီး အဲ့ဒီလို လုပ်ဆောင်တဲ့ နိုင်ငံရေးတိုက်ကွက် ဖော်နည်းတွေ မြန်မာ့နိုင်ငံရေး လောကမှာ မရှိသင့်တော့ဘူးလို့ ရူ့ မြင်တယ်” လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်တွေအရ ခေါ်ယူ ကျင်းပနေတဲ့ လွှတ်တော်ရဲ့ သက်တမ်းဟာ ဖေဖော်ဝါရီလ (၁) ရက်နေ့က တစ်နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

တစ်နှစ် သက်တမ်းအတွင်းမှာတော့ လွှတ်တော်တွေအနေနဲ့ ဥပဒေသစ် (၅) ခုကို အသစ်ပြဋ္ဌာန်းနိုင်ခဲ့သလို ဥပဒေဟောင်း (၈) ခုကိုလည်း ပြင်ဆင်နိုင်ခဲ့ပြီး ဥပဒေဟောင်း (၆) ခုကို ရုပ်သိမ်းနိုင်ခဲ့တယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ပြောကြားထားတာပါ။

အဲ့ဒီလို ပြောကြားချက်တွေနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ကတော့ သူ့ရဲ့ “Fact Checking အချက်အလက်စစ်ဆေးဖို့ လိုအပ်နေတဲ့ မြန်မာ့နိုင်ငံရေး” ဆောင်းပါးထဲမှာတော့ ဆောင်းပါးရှင်က “နိုင်ငံရေး ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ ပြောတဲ့စကား၊ ရေးတဲ့ ထုတ်ပြန်ချက်တွေရဲ့ အချက်အလက် မှန် မမှန် စစ်ဆေးတဲ့အခါ သူတို့တွေ ပမာဒလေခ သတိဖြစ်ခဲ ပြောမိတာ၊ ကိုယ့်ဘက်ကိုယ်ယက် အကွက်ချန် ပြောတာ၊ ကာလံဒေသံနဲ့လိုက်အောင် ထွေးပြီးသားတံတွေး ပြန်မျိုတာ၊ ငါ့စကားနွားရ ပြောတာ၊ ဗြောင်လိမ်တာ စတာတွေကို ထုတ်ဖော် ထောက်ပြနိုင်ပါတယ်။ (မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အရေးပါမှုအပေါ် မူတည်ပြောတာမို့  အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်စတဲ့ ခေါင်းဆောင်တွေ အားလုံးကို ရည်ညွှန်းတာပါ။) အဲ့လို ထောက်ပြခြင်းအားဖြင့် အချက်အလက် ပြောမှားဆိုမှားခဲ့တဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့စည်းတွေ အနေနဲ့လည်း ၀စီရှိန်သတ်ကောင်း သတ်နိုင်ပါလိမ့်မယ်။ အဲ့လိုမှ အရှိန်မသတ်ရင်လည်း သြဇာကျဖို့ Reputation Cost ထိခိုက်ဖို့ ရှိပါလိမ့်မယ်။ ဒီလိုမှ ၀စီရှိန်သတ်အောင် မလုပ်နိုင်ရင် တာဝန်ခံမှုမရှိတဲ့ ကာယကံ မူဝါဒတွေ၊ ကျင့်သုံး အကောင်အထည်ဖော်မှုတွေ ဖြစ်လာနိုင်ပါတယ်။” လို့ ထောက်ပြထားပါတယ်။

မကြာခင်မှာဆိုရင်လည်း ဒုတိယသက်တမ်းလွှတ်တော်တွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ NLD ပါတီဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေရဲ့ သက်တမ်းဟာလည်း တစ်နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

ဒီလို တစ်နှစ်သက်တမ်းပြည့်မြောက်တော့မယ့် အစိုးရအဖွဲ့ကိုလည်း မြန်မာ့နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေကို ရေးသားနေတဲ့ သတင်းစာဆရာ တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရန်မျိုးသိမ်းက “လုပ်နည်းလုပ်ဟန်တွေ၊ ကျင့်ဝတ်တွေကို ပြင်ရမှာပါ။ ကိုယ်တိုင် ပြင်နိုင်တာတင်မက ကိုယ်ဇာတ်စီးတဲ့အဖွဲ့၊ ဌာနတွေမှာလဲ ပြင်နိုင်မှ တော်ကာကျမှာပါ။ လူပြောင်းရုံသက်သက်ကတော့ မဟန်လောက်ပါ။ မူပါပြောင်းရမှာပါ။ ဗဟိုချုပ်ကိုင်တဲ့ဓလေ့လွန်ကဲတာကို မဖြစ်မနေလျော့ချရမှာပါ။ အဂတိကင်းတဲ့ ကောင်းမွန်တဲ့အစိုးရဖြစ်အောင် စောင့်ကြည့်ထိန်း ကျောင်းနိုင်မယ့် ယန္တရားကို ပုံဖော်ရမှာပါ။” လို့ အကြုံပြုထားပါတယ်။

ဒါ့အပြင် “ဘယ်နိုင်ငံမှာမှ ဘယ်နိုင်ငံခြားပညာရှင်ကမှ ဘယ်အကြံပေးကမှ မသင်ပေးနိုင်တဲ့ မလေ့ကျင့်ပေးနိုင်တဲ့ အရာတွေကို သင်ပေး၊ လေ့ကျင့်ပေးနိုင်တာက
ပြည်သူလူထုပါ။ ပြည်သူကိုမျက်နှာမူ၊ ပြည်သူ့အသံ နားထောင်ကာ၊ ပြည်သူနဲ့ တစ်သားတည်းနေတာဟာ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်
တွေအတွက် အကုန်အကျနည်းနည်းနဲ့ အထိရောက်ဆုံး သင်ခန်းစာဖြစ်ပါတယ်။ ပြည်သူ့အသံများများ နားထောင်ကာ အဖြေရှာလာနိုင်တာနဲ့ နိုင်ငံရေးအရ လည်း ရင့်ကျက်လာမှာ မြေကြီးလက်ခတ်မလွဲပါ။” လို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

adv_banner
adv_banner
?bph6
?bph6
adv_banner adv_banner