ဘိန်းစိမ်း ၁၃ ကီလို တင်ဆောင်လာသူတွေကို ဖမ်းဆီးရမိ

0
283

ရွာငံမြို့နယ် မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်တွေက ဘိန်းစိမ်း ၁၃ ကီလို ဖမ်းဆီးရမိလိုက်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ရွာငံမြို့နယ်၊ ကျောက်ဂူပြင်ကျေးရွာအနီး ရွာငံ-ဟံမြင့်မိုရ်-မန္တလေးကားလမ်းမှာ သန့်ဇော်မင်း၊ ထွန်းထွန်းနိုင်(ခ) လွမ်းဝေ နဲ့ ဆန်းဝင်းတို့ မောင်းနှင်ပြီး မခင်စန္ဒာကျော်နဲ့ မမေဝင်းလှိုင်တို့ လိုက်ပါလာတဲ့ ဆိုင်ကယ်သုံးစီးကိုရှာဖွေရာ သန့်ဇော်မင်း မောင်းနှင်တဲ့ဆိုင်ကယ်ရဲ့ ရှေ့ဒူးကာခွကြားရှိ ကျောပိုးအိတ် အတွင်းမှ ဘိန်းစိမ်း ၁၃ ကီလိုကို ဖမ်းဆီးရမိလိုက်တာပါ။

ဒါ့အပြင် မူးယစ်ဆေးဝါးသယ်ဆောင်ရာမှာ အချင်းချင်း ဆက်သွယ်တဲ့ ဖုန်း သုံးလုံးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဖြစ်တဲ့ သန့်ဇော်မင်း(၂၅)နှစ်၊ ထွန်းထွန်းနိုင်(ခ) လွမ်းဝေ (၃၁) နှစ်၊ ဆန်းဝင်း(၂၉) နှစ်၊ မခင်စန္ဒာကျော်(၃၅) နှစ်နဲ့ မမေဝင်းလှိုင်(၃၆) နှစ်တို့ ငါးဦးအပေါ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာ ဥပဒေအရ အရေးယူထားပြီ ဖြစ်ပါတယ်။