ပဲခူးမြို့မှာ တစ်ရက်တည်း ဆန္ဒထုတ်ဖော်ပွဲ ခြောက်ကြိမ် ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့မှာ ဇန်နဝါရီ ၁၃ ရက်နေ့က တစ်ရက်တည်း ဆန္ဒထုတ်ဖော်ပွဲ ၆ ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲတွေဟာ”တပ်တော်နဲ့ တရားသောစစ် အောင်မြင်စေကြောင်း” ထောက်ခံပွဲ၊ စစ်ပွဲတွေရပ်ကို ဆန္ဒပြတဲ့ တစ်ကိုယ်တော် ဆန္ဒပြပွဲ၊ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖျက်သိမ်းရေး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံး ပြင်ဆင်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်ပွဲ၊ ကိုယ်ထုတ်ပြန်တဲ့အမှု ကိုယ်ပြန်ချိုးဖောက်တဲ့ ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကို ကန့်ကွက်ရှုတ်ချတဲ့ ဆန္ဒထုတ်ဖော်ပွဲနဲ့ လူကိုလူချင်းသတ်တဲ့ ပြည်တွင်းစစ်အလိုမရှိတဲ့ ဆန္ဒပြပွဲ တို့ ဖြစ်ကြပါတယ်။

အဲဒီဆန္ဒပြပွဲတွေထဲမှာ “တပ်တော်နဲ့ တရားသောစစ် အောင်မြင်စေကြောင်း” ထောက်ခံပွဲက လူအင်အား အများဆုံးဖြစ်ပြီး ၁ သောင်းကျော်ပါဝင်ခဲ့ပါတယ်။ စစ်ပွဲတွေရပ်ကို ဆန္ဒပြတဲ့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲမှာတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နိုင်နိုင်အောင်က မဇင်းတံတားပေါ်မှာ စစ်ဆိုရင် ရေစစ်တောင် အပေါက်ပါရင် ရောဂါဖြစ်တယ်ဆိုပြီး ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ကိုယ်တော်ဆန္ဒပြပွဲတွေဖြစ်တဲ့ ကိုဇော်ထက်ရဲ့ မဇင်းတံတားပေါ် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲနဲ့ ကိုလင်းနိုင်တို့ရဲ့ ပဲခူးတံတားထိပ်က ပဲခူးတရားရုံးထိ လမ်းလျှောက် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ပွဲတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ပွဲတွေဖြစ်ပါတယ်။ ကိုလင်းနိုင်ရဲ့ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်လမ်းလျှောက်စဉ်မှာတော့ ဝန်းရံသူ ၅၀ လောက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းဒန်က ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ထုတ်ပြန်ထားတဲ့ အမိန့် ကိုယ်ပြန်ချိုးဖောက်တာကို ကန့်ကွက်တဲ့အနေနဲ့ ဆိုင်းဘုတ်ကိုင်ဆန္ဒပြခဲ့ပြီး တစ်ကိုယ်တော်ဆန္ဒ ထုတ်ဖော်သူ တစ်ဦးနဲ့ဝန်းရံသူ ၅၀ တို့က ကြယ်တာရာ၊ ဗိုလ်ချုပ်ကြေးရုပ်ကနေ ရွှေမော်ဓောဘုရားလမ်း၊ သနပ်ပင်လမ်းက ဗိုလ်ချုပ်ကြေးရုပ်အထိ လူလူချင်းသတ်တဲ့ ပြည်တွင်းစစ်ရပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

adv_banner
adv_banner