မြန်မာနဲ့ကန်ဖို့ စီစဉ်ထားတဲ့ ယူ-၂၂ ဘောလုံးပွဲနှစ်ပွဲ မလေးရှားဘက်က ဖျက်သိမ်း

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေကို ကန့်ကွက်တဲ့အနေနဲ့ မလေးရှားအသင်းနဲ့ မြန်မာအသင်းတို့ ကစားဖို့ စီစဉ်ထားတဲ့ ယူ-၂၂ ခြေစမ်းပွဲနှစ်ပွဲကို မလေးရှားဘက်က ဖျက်သိမ်းလိုက်တယ်လို့ မလေးရှားအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

malaysia

အဲဒီခြေစမ်းပွဲတွေကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၂ ရက်တွေမှာ ရန်ကုန်မြို့မှာကန်ဖို့ စီစဉ်ထားတာဖြစ်ပြီး ခုလို ဆုံးဖြတ်တာဟာ ဘင်္ဂါလီကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့လည်း အဲဒီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ အကဲဆတ်တဲ့ကိစ္စဖြစ်တာကြောင့် သူ့နာမည်ကိုတော့ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး လက်ရှိကျင်းပနေတဲ့ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကနေ မလေးရှားအသင်း နုတ်ထွက်ဖို့ မလေးရှား လူငယ်နှင့်အားကစားဝန်ကြီးက စီစဉ်ခဲ့ပြီး မလေးရှားအစိုးရအဖွဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရသာ ဆက်လက်ယှဉ်ပြိုင်ခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံတဲ့ကိစ္စကိုလည်း ပြန်သုံးသပ်ဖို့ မလေးရှားလူငယ်နှင့် အားကစားဝန်ကြီးက နိုဝင်ဘာ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။