ချင်းတွင်းမြစ်ထဲ ပြေးဆွဲနေတဲ့ မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်ပိုင်ရှင်တွေ စည်းကမ်းဖောက်ရင် အရေးယူခံရမယ်

ချင်းတွင်းမြစ်အတွင်းမှာ ပြေးဆွဲနေတဲ့ မုံရွာ-ညောင်ပင်ကြီး ကူးတို့ဆိပ်ပိုင်ရှင်တွေ သတ်မှတ်ထားတဲ့ စည်းကမ်းတွေချိုးဖောက်မယ်ဆိုရင် အရေးယူမယ်သွားမယ်လို့ ဆားလင်းကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။

moneywar

အခုလက်ရှိမှာတော့ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ ရွှေလွန်းပျံစက်လှေဂိတ်ကို စတင်အရေးယူနေပြီး ငွေဇင်ယော်ဂိတ်ကိုလည်း ဒီကနေ့ဒီဇင်ဘာ(၁)ရက်နေ့မှာမြို့နယ်စည်ပင်သာယာရေးကော်မတီရုံးကိုလာဖို့ ဖိတ်ကြားထားတယ်လို့လည်း ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်းမှာ ပြေးဆွဲနေတဲ့ စက်လှေဂိတ်ပိုင်ရှင်တွေကို ဆားလင်းကြီးစည်ပင်သာယာရေးကော်မတီရုံးက ကနဦးပညာပေးတာ၊ သတိပေးတာ၊ သတ်မှတ်ထားတဲ့စည်းကမ်းတွေ လိုက်နာဖို့ စက်လှေတွေ စနစ်တကျပြေးဆွဲကြဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ ဦးကိုကိုနိုင်က ဆိုပါတယ်။

မုံရွာနဲ့ညောင်ပင်ကြီး ပြေးဆွဲနေတဲ့ ဂိတ်တွေမှာဆိုရင် ငွေဇင်ယော်ဂိတ်၊ ရွှေလွန်းပျံဂိတ်နဲ့ ထန်းတောဂိတ်တို့ဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းတွေကတော့ ငွေဇင်ယော်ဂိတ်က စက်လှေတစ်စီးကို ဆိုင်ကယ်(၅)စီးနဲ့လူ(၂၅)ယောက်၊ ရွှေလွန်းပျံဂိတ်က စက်လှေတစ်စီးကို ဆိုင်ကယ်(၇)စီးနဲ့ လူ(၂၀)ဖြစ်ပြီး ထန်းတောဂိတ်စက်လှေတွေအားလုံးကိုတော့ ဆိုင်ကယ်သယ်ဆောင်ခွင့်မပေးထားဘဲ လူသီးသန့် သယ်ဆောင်ကြဖို့ သတ်မှတ်ပေးထားတာပါ။

သတ်မှတ်ထားတဲ့စည်းကမ်းတွေချိုးဖောက်မယ်ဆိုရင်တော့ သတိပေးတာ၊ ငွေဒဏ်ရိုက်တာကနေ နောက်ဆုံးအဆင့် စက်လှေပြေးဆွဲခွင့်လိုင်စင် ရုပ်သိမ်းတဲ့အထိ လုပ်ဆောင်သွားဖို့လည်း စီစဉ်နေတာ ဖြစ်ပါတယ်။