စင်ကာပူ ရုက္ခဗေဒဥယျာဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်နဲ့ သစ်ခွပန်းတစ်ပင် စိုက်ပျိုး

စင်ကာပူနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ စင်ကာပူ ရုက္ခဗေဒဥယျာဉ်က ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ သစ်ခွပန်းတစ်ပင်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည်နဲ့ အမှတ်တရ စိုက်ပျိုးခဲ့ပါတယ်။

orchid

အဲဒီ သစ်ခွပန်းဟာ Papilionanda Josephine van Brero သစ်ခွမျိုးနဲ့ Vanda Varut Fuchsia သစ်ခွမျိုးတို့ စပ်ထားတဲ့ သစ်ခွပန်းတစ်မျိုးဖြစ်ပြီး Papilionanda Aung San Suu Kyi လို့ နာမည်ပေးထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ် ဒုတိယမြောက်နေ့မှာ ဒေသစံတော်ချိန် နံနက် ၈ နာရီတုန်းက စင်ကာပူ ဝါရင့်ဝန်ကြီး H.E. Mr. Goh Chok Tong နဲ့ ရှန်ဂရီလာဟိုတယ်မှာ နံနက်စာသုံးဆောင်ရင်း အလုပ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပြီး ၉ နာရီ ၂၀ မိနစ်မှာ စင်ကာပူရုက္ခဗေဒဥယျာဉ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

သစ်ခွပန်းကို ဒေါ်အောင်ဆန်းစုကြည်အမည်ပေးခဲ့တာကတော့ ရုက္ခဗေဒဥယျာဉ်ထဲက အမျိုးသားသစ်ခွဥယျာဉ်မှာလုပ်တဲ့ သစ်ခွပန်းအမည်ပေးပွဲ အခမ်းအနားမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

orchid2

အဲဒီသစ်ခွပန်းပင်ရဲ့ အခက်တွေမှာ သစ်ခွပွင့် ၁၀ ပွင့်ကျော် ပါပြီး တစ်ပွင့်ကို ၃ လက်မခွဲ (၉ စင်တီမီတာ)အရွယ်အစားစီ ရှိပါတယ်။

စင်ကာပူ ရုက္ခဗေဒဥယျာဉ်ဟာ စင်ကာပူနိုင်ငံကို လာရောက်လည်ပတ်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ရဲ့အမည်နဲ့ သစ်ခွပန်းတွေကို အမှတ်တရစိုက်ပျိုးလာတာ သစ်ခွပန်း ၂၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ဖိတ်ကြားချက်အရ စင်ကာပူနိုင်ငံကို ချစ်ကြည်ရေး ခရီးသွားရောက်တာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ သုံးရက်ကြာမြင့်မှာ ဖြစ်ပါတယ်။