ဂျပန်ရှိ အမေရိကန် စစ်စခန်းကို ပစ်ခတ်ဖို့ လေ့ကျင့်နေတာ ဖြစ်ကြောင်း မြောက်ကိုရီးယား ပြောဆို

0
182

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းကို ပစ်ခတ်နိုင်စွမ်းရှိအောင် ဒုံးကျည်တွေကို လေ့ကျင့်စမ်းသပ်နေတာ ဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရရဲ့နိုင်ငံပိုင် မီဒီယာက ယနေ့ ဖော်ပြလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားမှာ တပ်ဆင်ထားတဲ့ အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ်ကို စမ်းသပ်တဲ့အနေနဲ့ အခုလို ဒုံးကျည်လေးစင်းကို တစ်ပြိုင်နက် ပစ်ခတ်စမ်းသပ်ခဲ့ ပုံလည်း ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်ပစ်ခတ်မှုကို မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအန်းက အောင်ပွဲခံကြည်ရှုခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။ တကယ်လို့မြောက်ကိုရီးယားကို တိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားဒုံးကျည်နဲ့ ပစ်ခတ်ဖို့ အသင့်ဖြစ်နေကြောင်းလည်း အဆိုပါ မီဒီယာက ဆက်လက်ဖော်ပြသွားခဲ့ပါတယ်။

“ တကယ်လို့ တောင်ကိုရီးယား ဒါမှမဟုတ် အမေရိကန်နိုင်ငံက မြောက်ကိုရီးယား ပိုင်နယ်ထဲကို မီးပွားတစ်စကျအောင်လုပ်ခဲ့ပြီဆိုတာနဲ့ အဲဒီလို ကျုးကျော်သူတွေရဲ့ဒေသကို နျူကလီးယားဒုံးကျည်နဲ့ ပစ်ခတ်သွားမှာဖြစ်တယ်” လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီ ယာက ကြေညာချက် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်လေးစင်းကို မြောက်ကိုရီးယား အဆင့်မြင့် ဟွာဆောင်ဒုံးကျည်တပ်မက ပစ်ခဲ့တာဖြစ်ပါတယ်။ ၄င်းပစ်ခတ်မှုဟာ ဂျပန်နိုင်ငံမှာရှိတဲ့ ကျုးကျော်ရန်စသူ အမေရိကန်တွေရဲ့အခြေစိုက်စခန်းကို ပစ်ခတ်ဖို့ လုပ်ဆောင်ချက်ပါပဲလို့ နိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCNA က ဖော်ပြသွားခဲ့တာပါ။

ဂျပန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှာ အမေရိကန် စစ်အင်အား ၅၄,၀၀၀ ခန့် ရှိနေပါတယ်။ အမေရိကန်စစ်သားတွေဟာ ဂျပန်နိုင်ငံမှာ စစ်ပြီးခေတ် မဟာမိတ်လုံခြုံရေးအနေနဲ့ တည် ရှိနေတာဖြစ်ပါတယ်။ ပစ်ခတ်လိုက်တဲ့ ဒုံးကျည် လေးစင်းက မြောက်ကိုရီယား နိုင်ငံပေါ်ကနေ မိုင်ပေါင်း ၆၀၀ကျော် ပျံသန်းပြီး ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့ပါတယ်။