တရုတ်နိုင်ငံ ဥပဒေပြု လွှတ်တော်အမတ် ၂၀၀ ကျော်ရဲ့ ချမ်းသာကြွယ်ဝမှု စတာလင်ပေါင် ၄၁၅ ဘီလျံအထိ ရှိ

0
236

တရုတ်နိုင်ငံရဲ့ လွှတ်တော် အမတ်ပေါင်း ၂၀၀ ကျော်ရဲ့ ချမ်းသာ ကြွယ်ဝမှုဟာ စတာလင်ပေါင် ၄၁၅ ဘီလျံ အထိ ရှိနေတယ်လို့ တရုတ် ကွန်မြူနစ်ပါတီရဲ့ ကြွယ်ဝချမ်းသာမှု စောင့်ကြည့်ရေး အစီရင်ခံစာ အရ သိရပါတယ်။

တရုတ်အစိုးရ တာဝန်ရှိသူတွေရဲ့ အဆမတန် ချမ်းသာကြွယ်ဝမှုတွေဟာ တရုတ်နိုင်ငံသားတွေ အတွက် မကျေနပ်မှုတွေကို ဖြစ်ပေါ်စေတာကြောင့် လက်ရှိသမ္မတ ရှီကျင့်ဖျင်က ဒီကိစ္စကို
ကိုင်တွယ်ဖြေရှင်းပေးဖို့ ကတိပေးထားပါတယ်။

ဒါပေမယ့် သမ္မတ ရှီကျင့်ဖျင် အာဏာရရှိခဲ့တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ လွှတ်တော်အမတ်တွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၆၄ ရာခိုင်နှုန်း ပိုမို တိုးတက်လာခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ ကြွယ်ဝ
ချမ်းသာမှု အစီရင်ခံစာက ဆိုပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လွှတ်တော်ထဲက ဥပဒေပြုအမတ်ပေါင်း ၂၀၉ ဦးရဲ့ ချမ်းသာကြွယ်ဝမှုဟာ ဘယ်လ်ဂျီယမ်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှု
တန်ဖိုး (GDP) နဲ့ ညီမျှပါတယ်။

တရုတ်နိုင်ငံရဲ့ လွှတ်တော်ထဲမှာ ဥပဒေပြု လွှတ်တော် အမတ်ပေါင်း ၆၀၀၀ ကျော် ရှိတဲ့ အထဲမှာ စီးပွားရေး လုပ်ငန်းရှင်ပေါင်း များစွာလည်း ပါဝင်ပြီး သူတို့အနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်နေခြင်းက ကိုယ့်ရဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုတယ်လို့ ယူဆကြပါတယ်။

တရုတ်နိုင်ငံထဲက စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ၁၅ နှစ်ကတည်းက လွှတ်တော်
ကိုယ်စားလှယ် ဖြစ်ခွင့် ရှိနေကြတာ ဖြစ်ပါတယ်။