ဖေ့ဘွတ်ခ်နဲ့ ဒေတာဝေမျှမှုကြောင့် WhatsApp ကုမ္ပဏီ သတိပေးခံနေရ

လူမှုကွန်ရက် App ဖြစ်တဲ့ WhatsApp ကုမ္ပဏီက အသုံးပြုသူတွေရဲ့ဒေတာတွေကို မိခင်ကုမ္ပဏီဖြစ်တဲ့ ဖေ့ဘွတ်ခ်ကို မျှဝေပေးနေတဲ့အပေါ် ဥရောပ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။

_90917855_whatsapp

ဥရောပ တသီးပုဂ္ဂလစည်းမျဉ်းတွေကို ချိုးဖောက်ရာ မရောက်ကြောင်း ရှင်းရှင်းလင်းလင်း မသိရှိနိုင်သေးသရွှေ့ ဒေတာမျှဝေမှုကို ရပ်ဆိုင်းထားဖို့ WhatsApp ကို သတိပေးလိုက်တာဖြစ်ပါတယ်။ ယခုနှစ် သြဂုတ်လအတွင်းမှာ WhatsApp ကုမ္ပဏီက ဖေ့ဘွတ်ခ်နဲ့ သတင်းအချက်အလက်တွေ ပိုပြီး မျှဝေသွားမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဖေ့ဘွတ်ခ်က ၂၀၁၄ ခုနှစ်အစောပိုင်းမှာ ဒေါ်လာ ၁၉ ဘီလျံနဲ့ WhatsApp ကို ၀ယ်ယူခဲ့တာဖြစ်ပါတယ်။

အစောပိုင်းမှာ WhatsApp အနေနဲ့ ဖေ့ဘွတ်ခ်ကို မမှီခိုဘဲ လွတ်လွတ်လပ်လပ်ဆက်ရပ်တည်မယ်လို့ပြောဆိုခဲ့တာကြောင့် အခု လို ဖေ့ဘွတ်ခ်နဲ့ ဒေတာတွေ မျှဝေမယ်လို့ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါမှာ ဝေဖန်မှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
WhatsApp က အဲဒီလို ဖေ့ဘွတ်ခ်နဲ့မျှဝေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဥရောပတလွှားက အချက်အလက်(ဒေတာ)ကာကွယ်ရေး အဖွဲ့များစွာက WhatsAppကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုကနေ နောက်တစ်ခုကို သတင်း အချက်အလက်တွေ မျှဝေတဲ့အခါမှာ ဥရောပတိုက်ရဲ့ဒေသဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်မှုဖြစ်မဖြစ်ကို ဆက်ပြီး စိစစ်ဖို့ လိုအပ်နေသေးကြောင်း ဒေတာဖြန့်ချိမှုစောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။

WhatsApp ကုမ္ပဏီရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက “ ကျွန်မတို့အနေနဲ့ အပြုသဘောဆောင်တဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီးပါပြီ၊ လက်ရှိတည်ဆဲဥပဒေတွေကို ကျွန်မတို့အနေနဲ့ လိုက်နာမှုရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

adv_banner
adv_banner