“ခပ်တုံးတုံး”ဝေဖန်ချက်တွေနဲ့ ကြားဝင်မစွက်ဖက်ဖို့ ကုလသမဂ္ဂကို ဒူတာတေက ပြောကြား

0
275

ဖိလစ်ပိုင်သမ္မတ ဒူတာတေဟာ လူ ၁၀၀၀ သေဆုံးခဲ့ပြီးပြီဖြစ်တဲ့ သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်အပေါ် ကုလသမဂ္ဂကရဲ့ ခပ်တုံးတုံးဝေဖန်ချက်တွေကို လက်မခံဘူလို့ သြဂုတ် ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ ကြားဝင်မစွက်ဖက်ပါနဲ့လို့လည်း ဒူတာတေက သတိပေးခဲ့ပါတယ်။

philippine-president

ပြီးခဲ့တဲ့မေလမှာ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဒူတာတေဟာ ရာဇဝတ်သား ၁ သိန်းကို သုတ်သင်သွားမယ်လို့ အစကတည်းက ကတိပြုထားသူပါ။ ကုလသမဂ္ဂအကြီးအကဲ ဘန်ကီမွန်းအပါအဝင် အချို့ရဲ့ဝေဖန်ချက်တွေရှိနေပေမဲ့လည်း သူ့ရဲ့ မူးယစ်တိုက်ဖျက်ရေးအစီအစဉ်ကို ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဒူတာတေက ဆိုပါတယ်။

“ကုလသမဂ္ဂက ဒီသမ္မတနိုင်ငံနဲ့ပတ်သက်တဲ့ ကိစ္စမှာ ကြားဝင်စွက်ဖက်ဖို့ ဘာလို့ ဒီလောက်လွယ်ကူရတာလဲ။ ခုမှ သတ်ပြီးတာ ၁၀၀၀ ပဲ ရှိသေးတယ်”လို့ ရဲတပ်ဖွဲ့ ၁၁၅ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားမှာ ဒူတာတေက ပြောကြားခဲ့ပါတယ်။

ဒူတာတေရဲ့ အစီအစဉ်ဟာ အခြေခံအခွင့်အရေးနဲ့လွတ်လပ်မှုကို ချိုးဖောက်တာပဲလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက ပြီးခဲ့တဲ့ ဇွန်လမှာ ဝေဖန်ရှုတ်ချခဲ့ဖူးပါတယ်။ ကုလသမဂ္ဂရဲ့ မူးယစ်တိုက်ဖျက်ရေးရုံးကလည်း ဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး အလွန်အမင်းစိတ်ပူပန်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒူတာတေကတော့ ကုလသမဂ္ဂဟာ “အင်မတန်ကို တုံးတဲ့ တင်ပြချက်”ကို ထုတ်ပြခဲ့တာပဲလို့ ဆိုပါတယ်။ ဖိလစ်ပိုင်ရဲ့နိုင်ငံရေးမှာလည်း ကုလဝင်မပါဖို့ ဒူတာတေက တုံ့ပြန်ခဲ့ပါတယ်။ “ဘာပြဿနာရှိလို့လဲ။ ခင်ဗျားတို့က နိုင်ငံရေးတွေ လာထည့်နေပြီ။ ခုမှ လူ တစ်ထောင်ပဲ သေသေးတာ။ ခင်ဗျားတို့က ကျွန်တော့်တိုင်းပြည်ကို အန္တရာယ်ထဲ လာတွန်းပို့နေတယ်”လို့ ဒူတာတေက ပြောကြားခဲ့ပါတယ်။

ဒူတာတေဟာ ဇွန်လ ၃၀ ရက်နေ့ကမှ သမ္မတတာဝန် စတင်ယူခဲ့ပေမဲ့ ရွေးကောက်ပွဲနိုင်ပြီးတဲ့ မေလကနေ အခုအချိန်အတွင်း မူးယစ်တိုက်ဖျက်ရေးအစီအစဉ်ကြောင့် လူပေါင်း ၁၀၅၄ ဦး သေဆုံးခဲ့ပြီးပါပြီ။

Ref: AFP